ဂျာမနီ တိရစ္ဆာန်ရုံက ခြင်္သေ့နဲ့ကျားတွေလွတ်ပြေး

zoo

Reuters
ဂျာမနီ တိရစ္ဆာန်ရုံက ခြင်္သေ့ သားအမိ

ဂျာမနီ အနောက်ပိုင်းက တိရစ္ဆာန်ရုံတရုံက ခြင်္သေ့နဲ့ ကျား၊ ကျားသစ် အားလုံး ၅ ကောင် လွတ်ပြေးသွားတာကို ပြန်ပြီး ဖမ်းမိနိုင်ခဲ့ပါတယ်။

ခြင်္သေ့ နှစ်ကောင်၊ ကျားနှစ်ကောင်နဲ့ ကျားသစ် တကောင် ဟာ Luenebach မြို့က Eifel တိရစ္ဆာန်ရုံမှာ ရေကြီးပြီး မုန်တိုင်းဝင်တုန်းမှာ ထွက်ပြေးသွားကြလို့ အကြီးအကျယ် ရှာဖွေ ဖမ်းဆီးခဲ့ရတာပါ။

လွတ်သွားတဲ့ ဝက်ဝံတကောင်ကိုတော့ ပစ်သတ်ခဲ့ရပါတယ်။

တိရစ္ဆာန်တွေ ပြန်ဖမ်းမမိမချင်း ဒေသခံတွေကို အိမ်ထဲမှာပဲ နေဖို့ သတိပေးခဲ့ရပါတယ်။

ဘယ်လိုပြန်ဖမ်းမိတယ်ဆိုတာ အသေးစိတ် မထုတ်ပြန်ပေမယ့် တိရစ္ဆာန်တွေ အကုန် လှောင်အိမ်တွေထဲ ပြန်ရောက်နေပါပြီလို့ပဲ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

မိသားစုတစုက ပိုင်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒီတိရစ္ဆာန်ရုံမှာ ဆိုက်ဘေးရီးယားကျားနဲ့ ခြင်္သေ့တွေ အပါအဝင် တိရစ္ဆာန်မျိုးစိတ် ၆ဝ က အကောင်ရေ ၄ဝဝ လောက် ရှိပါတယ်။

၁၉၆၅ မှာ စဖွင့်တုန်းက ခွေးတွေ၊ မြည်းတွေနဲ့ တောဝက်တကောင်သာ ရှိခဲ့ပြီး ခုဆို တနှစ်ကို လူ ခုနစ်သောင်းလောက် လာနေတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း ဂျာမနီ အရှေ့ပိုင်း လိုက်ပဇစ်က တိရစ္ဆာန်ရုံတရုံမှာ ခြင်္သေ့ နှစ်ကောင် လှောင်အိမ်က လွတ်ပြေးခဲ့ဖူးပါတယ်။

အဲဒီတုန်းက တကောင်ကို ပစ်သတ်ပြီး နောက်တကောင်ကို ပြန်ဖမ်းမိခဲ့ပါတယ်။