ဇွန်လ ၂၉ ရက်နေ့ မနက်သိသင့်တဲ့ သတင်းတွေ

မေရီလန်း, သတင်းစာတိုက် ပစ်ခတ်မှု,

Reuters
မေရီလန်းက သတင်းစာတိုက် ပစ်ခတ်မှုအပြီး လုံခြုံရေး တပ်ဖွဲ့ဝင်

(၁) ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာဟာ ကလေးတွေ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်နားက ဂူကို ဒီကနေ့မှာ သွားရောက်ခဲ့ပါတယ်။ နိုင်ငံတကာက ရေငုပ်ကျွမ်းကျင်သူတွေ ၊ ပညာရှင်အချို့လည်း ကူညီနေကြပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုးကလည်း ရွာနေပြီး ဂူထဲ ရေတွေဝင်နေလို့ ကယ်ဆယ်ရေးလုပ်သူတွေ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။ လတ်တလောမှာပဲ မြန်မာပြည်က အကူညီပေးရေးအဖွဲ့ကလည်း အဲဒီက ရှာဖွေရေးလုပ်ငန်းမှာ ကူညီနေသလို မိုင်းဖုန်းဆရာတော်ကလည်း အဲဒီ ဂူ ကို ဇွန်လ ၂၉ ရက်နေ့မှာ ကြွရောက်မှာဖြစ်ပါတယ်။

(၂) သံလွင်မြစ် အပါအဝင် ရှမ်းပြည်အတွင်းက ရေအားလျှပ်စစ် စီမံကိန်းတွေကို ရေကာတာ မဆောက်ပဲ လျှပ်စစ် ထုတ်မဲ့ နည်းလမ်း ပြင်သစ် ကုမ္ပဏီတွေက ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။

ရေကာတာ ဆောက်စရာမလိုပဲ မြစ်အတွင်း တာဘိုင်ထိုင်ပြီး လျှပ်စစ်ထုတ်နိုင်မဲ့ နည်းလမ်းတွေကို သံလွင်ဒေသမှာ လာလေ့လာပြီး ရှင်းပြတာဖြစ်သလို လက်ရှိ တည်ဆောက်ဖို့ လျာထားတဲ့ မဂ္ဂဝပ်အများကြီးထွက်ပြီး ရေကာတာလည်း ဆောက်ရကာ ပတ်ဝန်းကျင် လူမှု ထိခိုက်မှု များနိုင်တဲ့ စီမံကိန်းတွေ နေရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ အခုလို လျှပ်စစ်ထုတ်မဲ့ နည်းလမ်းတွေ အစားထိုးနိုင်ဖို့ ရည်ရွယ်ပြီး လေ့လာရေးလုပ်တဲ့ ပြင်သစ် အဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ံGreen Lotus, Hydro Crash စတဲ့ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေက ရှင်းပြခဲ့တာဖြစ်ပါတယ်။

ရေလမ်းကြောင်း ကြီးကြီးမားမား မပြောင်းစေပဲ မြစ်ကြမ်းပြင်မှာ တာဘိုင်ချပြီး ထုတ်တဲ့ စနစ်မှာ တာဘိုင်တလုံးကို ၉ မဂ္ဂဝပ်လောက် ထွက်လာစေမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ တောင်ကြီးမှာ လုပ်တဲ့ ရှင်းလင်းပွဲကို သွားတက်သူတွေက ပြောပါတယ်။

(၃) အရင် မန္တလေးတိုင်း အစိုးရလက်ထက်က ငွေကျပ်သန်းထောင်ချီ ပြန်လည်ပေးသွင်းဖို့ ကျန်နေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ကျပ်သန်းပေါင်း ၂၃၀၃.၂၈ သန်း ပြန်လည်ပေးသွင်းဖို့ လိုနေသလို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးခေါင်းစဉ်နဲ့ ရန်ပုံငွေထဲက ထုတ်ချေးငွေ ၄၂၂. ၈၄ သန်း ပြန်လည်ပေးသွင်းဖို့ လိုအပ်နေတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းအစိုးရ အစုရှယ်ယာပိုင်ဆိုင်ကြောင်း ငွေကျပ် ၃၇၅ သန်းတန်တယ်ဆိုတဲ့ သက်သေခံလက်မှတ်ဟာ မိတ္တူဖြစ်နေပြီး ဒီငွေတွေအားလုံးဟာ ပြည်သူ့ငွေတွေဖြစ်တဲ့အတွက် အကြွေးပြန်ဆပ်ဖို့ လိုတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

(၄) အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်က သတင်းစာတိုက်တတိုက်ကို သေနတ်သမားတဦးက ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရပါတယ်။

ကက်ပီတယ် ဂေဇက် သတင်းစာ တိုက်ရဲ့ မှန်တံခါး အပြင် ကနေ သတင်းခန်း ထဲ ကို ပစ်ခတ် မှု တွေလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ တိုက် ဝန်ထမ်း တစ်ယောက် က ပြောပါတယ်။

အမေရိကန် ဒေသ စံတော်ချိန် ကြာသာပတေး နေ့ နေ့လယ် နှစ်နာရီ ခွဲ လောက် အချိန်မှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားနေတယ် ဆိုတဲ့ သတင်း ပေးပို့ ချက် ကို ရရှိ ခဲ့တာ ဖြစ်တယ်လို ရဲတပ်ဖွဲ့ တာဝန် ရှိသူ က ပြောပါတယ်။

လတ်တလော အချိန်မှာ တော့ ပစ်ခတ် တိုက်ခိုက်သူ ကို ဖမ်းဆီး ရမိထားပြီး စစ်ဆေး မေးမြန်း မှုတွေ လုပ်နေတယ်လို့ ရဲမှူး ရိုင်ယန် ဖရေဇာ က ပြောပါတယ်။

บทความก่อนหน้านี้“บก.ลายจุด” งัดกฎหมาย โต้ “ศรีวราห์” ปมเจาะถ้ำหลวง ช่วย13ชีวิต!
บทความถัดไปรัฐบาลจีนห่วง 13 ชีวิต! เร่งส่งผู้เชี่ยวชาญ-หุ่นยนต์ใต้น้ำ ลุยช่วยหาผู้สูญหายถ้ำหลวง