အနောက်နိုင်ငံတွေက ခရီးသွားဝင်ရောက်မှု ကျဆင်း

ပုဂံ, ခရီးသွားဝင်ရောက်မှု

BBC
ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ပုဂံဒေသ

အနောက်နိုင်ငံတွေကနေ မြန်မာနိုင်ငကို လာရောက်တဲ့ ခရီးသွားအရေအတွက်က များစွာ ကျဆင်းသွားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတဲ့ ပြည်ပ ဧည့်သည် လာရောက်မှု ဇယားဖော်ပြချက်အရသိရပါတယ်။

၂၀၁၈ ဇွန်လအထိ မြန်မာနိုင်ငံကို ပြည်ပဧည့်သည် ၁ ဒဿမ ၇၂ သန်း ရှိခဲ့ပြီး ၂၀၁၆ ဇွန်ကနေ ၂၀၁၇ ဇွန်လအထိ ဝင်ရောက်သူအရေအတွက်ကတော့ ၁၇၅၉၃၁၀ ဦးရေ ရှိခဲ့တာပါ။

အဲဒီစာရင်းတွေဟာ လေကြောင်းအပြင် အပျော်စီး သင်္ဘော ၊ နယ်စပ်တွေကနေ တဆင့် ဝင်ရောက်လာသူ စာရင်းတွေ အားလုံးပေါင်းထားတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေအနက် ကနေဒါကနေ လာရောက်သူ ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိက တိုက် တခြားတိုင်းပြည်တွေကနေ လာရောက်သူ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြင်သစ် ၂၈ ရာခိုင်နှုန်း ၊ ဗြိတိန် ၂၂ ၊ ဂျာမနီ ၃၂ ၊ အီတလီ ၁၁ ၊ နယ်သာလန် ၂၉ ၊ ဆွစ်ဇာလန် ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရုရှားနဲ့ အရှေ့ဥရောပတိုင်းပြည်တွေက ခရီးသွားဝင်ရောက်မှုကလည်း ကျဆင်းခဲ့တာပါ။

အာရှနိုင်ငံတွေအနက် မလေးရှား ၊ တရုတ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတွေက ခရီးသွားဝင်ရောက်မှု တိုးလာပေမယ့် စကာင်္ပူ ၊ ဗီယက်နမ် ၊ ကိုရီးယား စတဲ့ နိုင်ငံတွေကနေ ဝင်ရောက်မှုကတော့ ကျဆင်းခဲ့ပါတယ်။

၂၀၁၇ ခုနစ်ကလည်း ၂၀၁၆ ခုနစ်ထက်စာရင် အနောက်နိုင်ငံက ခရီးသွားဝင်ရောက်မှု ကျသွားပြီး ၂၀၁၈ မှာတော့ ၂၀၁၇ ခုနှစ်ထက် ၃၀ ၊ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းမယ်လို့ ကျွန်တော်တို့က ခန့်မှန်းထားသလို ဒါကလည်း ရခိုင်အရေးကြောင့် တိုင်းပြည်ပုံရိပ်ကျဆင်းတာနဲ့ သက်ဆိုင်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျော်စွာမင်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကျင့်ဝတ်ပိုင်းအရ သွားဖို့မသင့်တဲ့ နိုင်ငံအဖြစ် အနောက်နိုင်ငံက ခရီးသွားတွေက မြင်နေတာလည်း တွေ့ရပြီး ပဋိပက္ခတွေနဲ့ ရခိုင်အရေးတွေကို လူအများနဲ့သဟဇာတ ဖြစ်တဲ့ ပုံစံအထိရောက်အောင် မရှင်းနိုင်ဘူးကမ္ဘာက မြင်နေတဲ့အတွက် အဲဒီ ပြဿနာတွေ မရှင်းနိုင်မချင်း အခုလို ကိစ္စတွေက ကြုံနေရဦးမယ်လို့ ဦးကျော်စွာမင်းက သုံးသပ်ပါတယ်။

ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် ဖြေလျှော့မှုတွေ လုပ်ဖို့လည်း လိုနေပြီး ပြည်ပ ခရီးသွားလာရောက်ဖို့ အခြေအနေကောင်းတွေအများကြီး လိုနေဆဲဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ထိုင်းခရီးသွား,ကျိုက်ထီးရိုး

AFP
ထိုင်းခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ကျိုက်ထီးရိုး

ထိုင်း ၊ တရုတ်စတဲ့ နိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်မှုများပေမယ့်လည်း သူတို့တွေအနေနဲ့ တဦးချင်း ငွေကြေးသုံးစွဲနိုင်စွမ်းက အနောက်နိုင်ငံက ခရီးသွားတွေလောက် မသုံးစွဲနိုင်ဘဲ အနောက်နိုင်ငံက ခရီးသွားတဦးအနေနဲ့ အရှေ့ပိုင်းကလာတဲ့ ခရီးသွား နှစ်ဦးရဲ့ အသုံးစားရိတ်လောက်ကို သုံးစွဲနိုင်တာတွေ့ရတယ်လို့လည်း ဦးကျော်စွာမင်းက ထောက်ပြပါတယ်။

အရှေ့ပိုင်းနိုင်ငံတွေက ဂျီဒီပီက အနောက်နိုင်ငံတွေလောက်မများတော့ ဥပမာအားဖြင့် အနောက်နိုင်ငံသားတဦးက မြန်မာကို လာလည်ရင် ဒေါ်လာ ၁၀၀ နဲ့ ၂၀၀ ကြားလောက် ရှိတယ်ဆိုရင် အရှေ့ပိုင်းသားတွေက ဒေါ်လာ ၁၀၀ အောက်လောက်သာ မြန်မာမှာသုံးနိုင်တဲ့ အခြေအနေမျိုးရှိနေတယ်လို့ ဦးကျော်စွာမင်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းလိုနိုင်ငံတွေက မြန်မာပြည်ကို ဝင်ရောက်မှုတွေမှာ ရက်ရှည်ထက် ရက်တိုခရီးစဉ်တွေသာများတယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

บทความก่อนหน้านี้แชร์กระหึ่ม! 6ปลัดหญิง ดาวกรมการปกครอง “สวย-เก่ง” พร้อมลุยงานเพื่อประชาชน
บทความถัดไปสั่งจำคุก หนุ่มหัวร้อนปาดหน้าป้า ชักมีดดาบขู่ 2 เดือน 15 วัน ไม่รอลงอาญา