ရခိုင်အရေး တရားစွဲနိုင်ဖို့ ကုလအကြီးအကဲ တောင်းဆို

သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ရခိုင်ဒေသ အတွင်း တိုက်ခိုက်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်ရှိနေပုံ ပေါ်တယ်လို့ ဆို

Getty Images
သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ရခိုင်ဒေသ အတွင်း တိုက်ခိုက်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်ရှိနေပုံ ပေါ်တယ်လို့ ဆို

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားစွဲဆို နိုင်မလား ဆိုတာ နဲ့ ပတ်သက်ပြီး၊ အထောက် အထား တွေ ရရှိနိုင်ဖို့ တရားစီရင်ရေး အဖွဲ့ ပုံစံမျိုး အဖွဲ့အသစ် တခု ဖွဲ့ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ မီချဲလ် ဘာချလက် က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ ရခိုင် အရေးနဲ့ ပက်သတ်တဲ့ အစီရင်ခံစာမှာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုး နွယ်တွေ အပေါ် လူမဆန်တဲ့ ကျူးလွန်မှု နဲ့ စစ်ရာဇဝတ်မှုတွေ ရှိတယ်ဆိုတဲ့ အထောက် အထားတွေ တွေ့တယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီ စုံစမ်းစစ်ဆေး သူတွေ ကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်ဗိုလ်ချုပ် ၆ ယောက်ကို နာမည်နဲ့ တကွ ဖေါ်ပြခဲ့ပြီး၊ ဒီဗိုလ်ချုပ်တွေ ကို တရားစွဲဆို သင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရခိုင် မြောက်ပိုင်းမှာ အာဆာ အစွန်းရောက် အဖွဲ့ရဲ့ မြန်မာ ရဲစခန်း ၃၀ ကို အစီအစဉ် တကျ ဝင်ရောက် တိုက်ခဲ့မှု အပေါ် မြန်မာ တပ်ဖွဲ့ တွေက ခပ်ကြမ်းကြမ်း တုန့်ပြန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ဒုက္ခသည် ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး သွားခဲ့ကြရပြီး၊ အများစုဟာ အခု ဆိုရင် ဒုက္ခသည် စခန်းတွေမှာ နေနေ ကြရတာ ဖြစ်ပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို လုံးဝ ပြစ်ဒဏ် ကင်းလွတ် ခွင့်ပေးထား သလို ဖြစ်နေတယ်လို့

AFP
မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို လုံးဝ ပြစ်ဒဏ် ကင်းလွတ် ခွင့်ပေးထား သလို ဖြစ်နေတယ်လို့

အခု လူ့အခွင့်အရေး ကောင်စီ အကြီးအကဲသစ် ဘာချလက် ဟာ စက်တင်ဘာလ ၁ ရက်နေ့ ကမှ ရာထူး တာဝန် စယူ ခဲ့တာ ဖြစ်ပြီး၊ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ရခိုင်ဒေသ အတွင်း တိုက်ခိုက်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်ရှိနေပုံ ပေါ်တယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးသူတွေရဲ့ အဆိုအရ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် နဲ့ ရှမ်း ပြည်နယ်တွေမှာ လည်း လူနည်းစု တိုင်းရင်းသားတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှဉ်းပန်း နှိပ်စက်မှု နဲ့ ကွပ်မျက်မှုတွေ ရှိတယ် ဆိုတဲ့ အခြေအနေမျိုးတွေ တွေ့ရတယ်လို့ ပြောပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖေါက်တဲ့ ပုံစံမျိုးတွေ ဆက်လက် ရှိနေတာဟာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို လုံးဝ ပြစ်ဒဏ် ကင်းလွတ် ခွင့်ပေးထား သလို ဖြစ်နေတယ်လို့ ဘာချလက်က ၄၇ နိုင်ငံပါ ဂျနီဗာ အစည်းအဝေး ဖွင့်ပွဲမှာ ပြောကြား သွားပါတယ်။

ရခိုင်ဒေသမှာ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိနိုင်မှု အပေါ် တရားစီရင်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံ တကာ ရာဇဝတ် ခုံရုံး ICC ရဲ့ ပြီးခဲ့တဲ့ အပတ်က ဆုံး ဖြတ်ချက်ကိုလည်း ဘာချလက်က ကြိုဆို လိုက်ပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို ပြစ်ဒဏ် ကင်းလွတ် ခွင့်ပေးထားတာကို အဆုံးသတ်ဖို့ နဲ့ ဒုက္ခသည်တွေ ခံစားနေရတဲ့ ကြီးမားတဲ့ ဒုက္ခတွေ ကို ဖြေရှင်းပေးရေး တို့ဟာ အင်မတန်မှာ အရေးကြီး တယ်လို့ သူက ပြောသွားပါတယ်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ ကနေ မြန်မာနိုင်ငံ အတွက် လွတ်လပ်တဲ့ နိုင်ငံတကာ ယန္တရား တခု ဖွဲ့ဖို့ ကြိုးပမ်းမှုတွေကို လည်း သူက ကြိုဆို တယ်လို့ ပြောပါတယ်။

အခု အသစ်ဖွဲ့မယ့် ယန္တရား ပုံစံဟာ ဆီးရီးယား မှာ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် စုံစမ်းစစ်ဆေး သလို အဖွဲ့မျိုး ဖြစ်ပြီး၊ အိုင်စီစီ က တရားစွဲ ရှေ့နေတွေရဲ ကနဦး စုံစမ်းစစ်ဆေးမှုတွေ ကို အထောက်အကူပြု ပြီးမြှောက်အောင် ဆောင်ရွက် ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး မီချဲလ် ဘာချလက် က လူ့အခွင့်အရေး ကောင်စီ အနေနဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ပြီး၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒါမှသာ ကုသမဂ္ဂ အထွေထွေညီလာခံ ရဲ့ ထောက်ခံမှုနဲ့ အခုလို စုံစမ်းစစ်ဆေးရေး ယန္တရားကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာဘက်ကတော့ ရခိုင်ဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို ငြင်းဆိုထားပါတယ်။ မြန်မာ စစ်တပ်ဟာ စစ်သွေးကြွတွေကို ဥပဒေဘောင်ထဲကနေ အရေးယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

บทความก่อนหน้านี้คุม สาวอีโต้ ทำแผนฯ นาทีฆ่าญาติ บุกขืนใจ ขู่ข่มขืนลูกสาว(คลิป)
บทความถัดไปKTBST ชี้สงครามการค้าขยายวง กดดัน SET Index สัปดาห์นี้ผันผวนและอาจปรับตัวลง