ရခိုင်ပြည်နယ် မောင်တောမြို့က ကြက်ခြေနီအသင်းကို ဒေသခံ ၃၀၀ လောက်ဆန္ဒပြ

မောင်တောမြို့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ကို ဒေသခံ လူပေါင်း ၃၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

နယ်စပ်မျဉ်းပေါ်မှာ နေထိုင်တဲ့သူတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က မြန်မာဘက်ကနေ သွားပြီး ရိက္ခာထောက်ပံ့တာကို မလိုလားလို့ ကန့်ကွက်တာလို့ ဆန္ဒပြတာ ဦးဆောင်တဲ့ ဦးစိန်လှဖြူက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြသူတွေက နယ်စပ်ဖြတ်ကျော် ရိက္ခာ ထောက်ပံ့မှုကို အလိုမရှိ၊ နိုင်ငံတော်အစိုးမှ ဒေသခံများ၏ သဘောဆန္ဒကို ဦးစားပေး၊ MRCS / ICRC ရန်ကုန်ရုံးချုပ်အကြံ မောင်တောပြည်သူ လက်မခံ စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။


နိုင်ငံတော် အစိုးရကနေပြီး နယ်စပ်မှာ နေထိုင်သူတွေကို မြန်မာဘက်က အကူအညီပေးတဲ့အခါ ကြက်ခြေနီအသင်းအနေနဲ့လည်း ပါဝင်ကူညီပေးဖို့ ပြောဆိုတဲ့အတွက် အခုလို အကူအညီပေးရတာ ဖြစ်တယ်လို့ ICRC စစ်တွေရုံး ပြန်ကြားရေး အရာရှိ ဒေါ်မခင်ဌေးဦးက ပြောပါတယ်။

နိုင်ငံတကာ ကြက်ခြေနီကော်မတီဟာ ၂၀၁၇ သြဂုတ်လ အကြမ်းဖက်မှု ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားရတဲ့ ခန့်မှန်းခြေ လူခုနှစ်သိန်း နဲ့ တခြား နေရပ်စွန်ခွာသူတွေအပြင် မိုးတွင်းမှာ သဘာ၀ ဘေးအန္တရယ် ကြုံတွေ့ရတဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေကို အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ တိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။