တောင်ကိုရီးယားမိဖုရားဖြစ်လာတဲ့ အိန္ဒိယမင်းသမီး

South Korean First Lady Kim Jung-sook with Humayun's tomb in the background

Getty Images
တောင်ကိုရီးယား သမ္မတကတော် ကင်ဂျုံဆွတ်

တောင်ကိုရီးယား သမ္မတကတော် ကင်ဂျုံဆွတ် ဟာ အိန္ဒိယ မြောက်ပိုင်း အူတာပရာဒက်ရှ်နယ်က ရှေးဟောင်း အယုဒ္ဓယ မြို့ကို သွားလည်ပါတယ်။

ဒီမြို့ကို ဟိန္ဒူနတ်ဘုရား ရာမမင်းကို ဖွားမြင်ရာလို့ လူသိများသလို တောင်ကိုရီးယားမှာတော့ ဒီမြို့ကို သူတို့ရဲ့ သမိုင်းကို ခြေရာခံနိုင်တယ်ဆိုပြီး လူတွေ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။

သူရီရတနာ ဆိုတဲ့ အိန္ဒိယက မင်းသမီး တပါး တောင်ကိုရီးယား ဘုရင်တပါးနဲ့ လက်ထပ်ပြီး မင်းဆက်တခု စခဲ့တယ် ဆိုတဲ့ သမိုင်းပုံပြင်ကြောင့် ဒီလို အဆက်အစပ် ရှိနေတာ ပါ။

ဒဏ္ဍာရီအလိုအရ

ဟော်ဟန်အုခ်လို့ သိကြတဲ့ သူရီရတနာ မင်းသမီးဟာ ကိုရီးယားကို ခရစ်တော်ပေါ်ပြီး အေဒီ ၄၈ ခုမှာ ရောက်လာတယ်လို့ ဒဏ္ဍာရီတွေက ဆိုပါတယ်။ ဟို လွန်ခဲ့တဲ့ အနှစ် ၂ဝဝဝ က ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံ ဘုရင်တပါးနဲ့ လက်ထပ်ပြီး ကာရက် ဆိုတဲ့ မင်းဆက်ကို စခဲ့တယ်လို့ ဆိုကြပါတယ်။

တရုတ် ကျမ်းဟောင်းတွေ အလိုအရတော့ ဘုရားက အယုဒ္ဓယဘုရင် ကို အိပ်မက်ပေးပြီး ၁၆ နှစ်အရွယ် သူ့သမီးတော်ကို ဘုရင် ကင်ဆူရိုနဲ့ လက်ထပ်ဖို့ တောင်ကိုရီးယားကို လွှတ်ခိုင်းတယ် လို့ ရေးကြပါတယ်။

A sketch of Princess Suriratna

Twitter
သူရီရတနာ မင်းသမီး

သုံးနိုင်ငံ ရာဇဝင်မှတ်တမ်း ဆိုတဲ့ ကိုရီးယားမှာ နာမည်ကြီးတဲ့ စာအုပ်ထဲမှာတော့ ဟော်ဟန်အုခ် မိဖုရားဟာ အယုတ နိုင်ငံက လာတယ်လို့ ဆိုပါတယ်။

ဘုရင်နဲ့ မိဖုရားဟာ သားတော် ၁ဝ ပါး ဖွားမြင်ပြီး အသက် ၁၅ဝ ထိ ရှည်ကြတယ်လို့လည်း ရေးပါတယ်။

ကင် ဗြောင်မို ဆိုတဲ့ မနုဿဗေဒ ပညာရှင်ကတော့ အယုတ နိုင်ငံဟာ အယုဒ္ဓယကို ပြောတာ ဖြစ်ပြီး စကားလုံးနှစ်လုံးဟာ ဝေါဟာရဗေဒ ရင်းမြစ်အရ ဆင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီမင်းသမီး တကယ် ရှိခဲ့သလားဆိုတာ ဘာသက်သေမှ မရှိပါဘူး။ ဒါကိုလည်း သမိုင်းလို့ ပညာရှင်တွေက လက်မခံကြဘူးလို့ သိရပါတယ်။

သူ့အကြောင်း ဇာတ်လမ်းမူကွဲတွေလည်း အများကြီး ရှိပါတယ်။

ကာရက် မင်းဆက်

ဂင်မ်ဟေးမှာ နန်းစိုက်တဲ့ ဘုရင် ကင်ဆူရိုကို ကင်မျိုးနွယ်စုကို တည်ထောင်သူလို့ သိကြပြီး ကိုရီးယားမှာ ကင်ဆိုတဲ့ မျိုးရိုးနာမည်က ပေါများပါတယ်။

ရိုးရာအရ သားသမီးတွေက ဖခင်မျိုးရိုးကို ယူရတာမို့ မိဖုရားက စိတ်မကောင်း ဖြစ်တယ်လို့ ဆိုကြောင်းလည်း ပြောစမှတ် ရှိခဲ့ပါတယ်။ ဒါကြောင့် ဘုရင် ဆူရိုက သူ့သားတော်နှစ်ပါးကို မယ်တော်ရဲ့ ဟော်မျိုးရိုး နာမည်ကို ယူစေပြီး ခုထိ ဒီအမျိုးက မတိမ်ကောဘဲ ရှိတယ်လို့ ဆိုပါတယ်။

Kim Jong-Pil (L) consoles Kim Hyun-Chul (R), son of the late former South Korean president Kim Young-Sam, at a memorial altar

Getty Images
ကာရက်မင်းဆက်က ဆင်းသက်တယ်လို့ ယုံကြည်ကြတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ကင်ယုံဆမ်းရဲ့ နာရေးမှာ ဆုံကြတဲ့ ကင်တွေ

အခုချိန်မှာတော့ ကင်မျိုးနွယ်စု ဦးရေက ၆ သန်းကျော် ရှိပြီး တောင်ကိုရီးယား လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။

သူရီရတနာ မင်းသမီး အိန္ဒိယက လာတုန်းက လမ်းမှာ သင်္ဘောကို ငြိမ်အောင် သယ်လာတဲ့ ကျောက်တုံးဆိုတာတွေကိုတောင် လူတွေက သိမ်းထားကြပါတယ်။

တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံနဲ့ ဝန်ကြီးချုပ်ဟောင်း ကင်ဂျုံပီးတို့ကလည်း သူတို့ဟာ ကာရက် မင်းဆက်က ဆင်းသက်တာလို့ ဆိုကြပါတယ်။

တောင်ကိုရီးယားမှာ လူကြိုက်များတဲ့ ဒဏ္ဍာရီ

ဒီပုံပြင်ကို ရှေးကျလွန်းတဲ့ အကြောင်းအရာတခု ဆိုပြီး လက်မခံသူတွေ ရှိသလို ဒီမင်းသမီးဟာ အယုတက လာတာ ဆိုလို့ ထိုင်းနိုင်ငံ အယုဒ္ဓယက လာမယ်လို့ ထင်ကြသူတွေလည်း ရှိပါတယ်။

ဂင်မ်ဟေးဘက်မှာတော့ ဒီဇာတ်လမ်းကို မိသားစုဟာသလို သဘောထားကြပြီး အသားညိုတဲ့ သူတွေကြား သူတို့ဘိုးဘေးတွေက အိန္ဒိယက လာတာလို့ ပြောကြတာမျိုးတွေ ရှိတတ်တယ်လို့လည်း အင်တာနက်မှာ ရေးကြပါတယ်။

ကိုရီးယားမှာ ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာ ကို အခြေခံပြီး ဒီမင်းသမီးကို သမုဒ္ဒရာခြားတဲ့ တောင်ပိုင်းတိုင်းပြည်တခုက လာတယ်ဆိုပြီး ယုံနေကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါကို ဇာတ်ခင်းကပြတာတွေလည်း ရှိပါတယ်။

ခေတ်သစ်နဲ့ ရှေးပုံပြင်အဆက်အစပ်

President of South Korea, Moon Jae-in with his wife Kim Jung-sook with President of India and his wife and Prime Minister of India, Narendra Modi in New Delhi

Getty Images
တောင်ကိုရီးယား သမ္မတ မောင်နှံနဲ့ အိန္ဒိယ ခေါင်းဆောင်တွေ ဒေလီမှာဆုံ

အယုဒ္ဓယနဲ့ ဂင်မ်ဟေးကြား ညီအစ်မ မြို့ စာချုပ်ချုပ်တာက ၂ဝဝဝ ပြည့်နှစ်ကပါ။

၂ဝဝ၁ ခုနှစ်မှာတော့ မြောက်ကိုရီးယား သံအမတ်အပါအဝင် တောင်ကိုရီးယားနဲ့ အိန္ဒိယ အစိုးရ ကိုယ်စားလှယ်တွေ အစုံအညီနဲ့ မိဖုရား ဟော်ဟန်အုခ် အမှတ်တရကို အယုဒ္ဓယမြို့ မြစ်ကမ်းဘေးမှာ စိုက်ထူခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မင်းသမီး အမျိုးလို့ ဆိုသူတွေ ဒီမှာ လာလည်ကြပါတယ်။

ဒီနှစ်မှာတော့ တောင်ကိုရီးယား သမ္မတကတော် တက်ပြီး အမှတ်တရ နေရာကို အဆင့်မြှင့်တဲ့ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။

https://twitter.com/TheBlueHouseENG/status/1057543273768599553

နှစ်နိုင်ငံကြား သံတမန်ရေးနဲ့ စီးပွားရေး အဆက်အသွယ်တွေ ပိုကောင်းလာပြီးနောက် ဒီဇာတ်ကြောင်းကို အိန္ဒိယမှာ လက်ခံလာကြ တယ်လို့လည်း ဒေလီက ကိုရီးယားအရေး လေ့လာတဲ့ ပါမောက္ခ ကင်ဒိုယောင်းက ပြောပါတယ်။

บทความก่อนหน้านี้จับนอมินี 1จีน 6คนไทย ให้ต่างชาติใช้ชื่อเปิดบริษัท เครื่องนอนยางพารา (คลิป)
บทความถัดไปทำไมคะแนนทักษะการใช้ภาษาอังกฤษของคนไทยจึงย่ำแย่มาติดกัน 8 ปีแล้ว