ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုး မြေယာအငြင်းပွားမှု ကြုံနေ

ကယားပြည်နယ် လွိုင်ကော်၊ မယ့်စဲတိုက်နယ်မှာရှိတဲ့ ကက်သလစ် သာသနာနယ်မြေတချို့ဟာ လက်ရှိ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးက ပိုင်ဆိုင်တဲ့ နယ်မြေထဲ ရောက်နေတယ်ဆိုပြီး တရားသဖြင့် ပြန်ပေးဖို့အတွက် ဒေသခံ ကတ်သလစ် ဘုန်းတော်ကြီး ဦးရစ်ချက် သူရထွန်းက တောင်းဆိုလိုက်ပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ဦးရစ်ချက် သူရထွန်း ဦးဆောင်တဲ့ သာသနာ အဖွဲ့က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ရုံးခန်းမှာ လာရောက်ပြီး သတင်းစာရှင်းလင်း ပြောကြားခဲ့တာပါ။

ကက်သလစ် သာသနာနယ်မြေကို ၁၉၉၄-၉၅ ခုနှစ်က မယ်စဲ့မြို့နယ် မြေစာရင်းဌာနက မြေစာရင်းပုံစံ (၁၀၅) ထုတ်ပေးထားခဲ့ပြီး မြေဧက ၁၄ ဧက ရှိတယ်လို့ မယ်စဲ့တိုက်နယ်ရဲ့ ကျောင်းထိုင် ကက်သလစ် ဘုန်းတော်ကြီး ဦးရစ်ချက်သူရထွန်းက ဘီဘီစီကို ပြောပါတယ်။

အခုဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဦးအယ်လ်ဖောင်ရှိုး ဝန်ကြီးချုပ် ရာထူး မယူခင် ၂၀၁၄ ခုနှစ်မှာ ဒီဖြစ်စဉ် စဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကက်သလစ် သာသနာပိုင်မြေနဲ့ ဦးအယ်လ်ဖောင်ရှိုး ပိုင်ဆိုင်တဲ့မြေ ကြားမှာ ချောင်းတစ်ခု ခြားနေပေမယ့် ၂၀၁၄ ခုနှစ် ဦးအယ်လ်ဖောင်ရှိုးက သူ့ ခြံမြေကို လာရောက် ခြံခတ်စဉ်မှာ ချောင်းကို ကျော်ပြီးတော့ သာသနာပိုင် မြေထဲက အရှေ့မြောက်ထောင့် ကုန်းစောင်းနေရာပါဝင်တဲ့ မြေကိုပါ ခြံခတ်ခဲ့လို့ ဒေသခံ ကက်သလစ် သာသနာဘက်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်ခဲ့ပေမယ့် တာဝန်ရှိသူတွေဘက်က တစုံတရာ အရေးယူ ဆောင်ရွက်ခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

သာသနာနယ်မြေဟာ တောင်ကျချောင်းတစ်လျှောက် အနောက်ကနေ အရှေ့အထိ ရှိပြီး ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးရဲ့ မြေကတော့ တောင်ကျချောင်းကို ဘယ်ညာ ခွပြီး ယူထားတဲ့အတွက် တဘက်ခြမ်းဟာ သာသနာ့နယ်မြေပိုင် ဖြစ်ကြောင်းကိုလည်း ၂၀၁၆ ခုနှစ်မှာ သက်ဆိုင်ရာ မြေဂရံချဖို့ မြေလာတိုင်းချိန်မှာ ရှင်းပြခဲ့တယ်လို့ ဘုန်းတော်ကြီး ဦးရစ်ချက်သူရထွန်းက ပြောပါတယ်။

နောက်ပိုင်းမှာလည်း ဦးအယ်လ်ဖောင်ရှိုးရဲ့ ဘက်က အဲဒီ အငြင်းပွားနေတဲ့ မြေမှာ မြေညှိတာ မြေတူးတာတွေ လုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေကို တိုင်ကြားတာတွေ လုပ်ခဲ့ဖူးသလို ဦးအယ်လ်ဖောင်ရှိုးကို ဦးရစ်ချက်သူရထွန်းကိုယ်တိုင် အထောက်အထား တွေနဲ့ သွားရောက်ရှင်းပြခဲ့တယ် ဆိုပါတယ်။

ဒီ မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ၂၀၀၆ -၂၀၀၇ မှာ ထုတ်ပေးခဲ့တဲ့ မြေစာရင်းပုံစံ (၁၀၅-၁၀၆) မှာ ရေးသားချက်က ၁၄ ဧကဖြစ်ပြီး လက်ရှိမြေပြင် တိုင်းတာချက်အရ ၁၄ ဒသမ ၀၂ ဧက ရှိတဲ့အတွက် သာသနာနယ်မြေဟာ လျော့နည်းမှု မရှိသလို မတရား သိမ်းပိုက်ထားတာ မတွေ့ရကြောင်းကို ၂၀၁၈ ခုနှစ် မေလ (၁၁) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်နယ် အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မောင်စိုးကလည်း လာရောက် ကြည့်ရှုစစ်ဆေးခဲ့ဖူးပြီး လက်ရှိ တိုင်းထားတဲ့ မြေအတိုင်းယူမယ်ဆိုရင် အရင်က ရှိခဲ့တဲ့ မြေစာရင်းပုံစံ (၁၀၅) အပြင် မြေဂရံပါ ချပေးမယ်၊ ဓမ္မရုံလည်း ဆောက်လှူဒါန်းမယ် ဆိုပြီး အပေးအယူ သဘောမျိုး လာရောက် ကမ်းလှမ်းခဲ့တာကို လက်မခံခဲ့ဘူးလို့ ဘုန်းတော်ကြီး ဦးရစ်ချက် သူရထွန်းက ပြောပါတယ်။ တရားဝင် လာရောက် စစ်ဆေးတာမျိုးဆိုရင် ဒီလို အပေးအယူ မလုပ်သင့်ကြောင်း ဦးရစ်ချက် သူရထွန်းက ဆိုပါတယ်။

မယ်စဲ့မြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးစိုင်းပန်ဖကတော့ ” ကျွန်တော်တို့ မြို့နယ်မှာ အရင်တုန်းက မြေစာရင်းဌာနတွေက အသက်မဝင်သေးပါဘူး၊ အဲတုန်းက ချမှတ်ခဲ့တဲ့ဟာတွေက သိပ်မတိကျဘူး၊ အခုကတော့ မြို့ကစည်ကားလာတော့ ဒါလေးတွေက ပြန်ပြီး အချင်းများစရာဖြစ်နေတာပေါ့ ” လို့သူ့အမြင်ကို ပြောပါတယ်။

ဒီကိစ္စဟာ သက်ဆိုင်ရာ ဌာနတွေမှာ အထောက်အထား အတိအကျနဲ့ နှစ်ဖက် ဖြေရှင်းကြမယ်ဆိုရင် အမှန်တိုင်းဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း အမတ် ဦးစိုင်းပန်ဖက သူ့ သဘောထားကို ပြောပါတယ်။

ဒီ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ လာရောက်ကွင်းဆင်းစစ်ဆေးပြီး ဆုံးဖြတ်ပေးနိုင်ဖို့ကို မျှော်လင့်ကြောင်း ဘုန်းတော်ကြီး ဦးရစ်ချက် သူရထွန်းတို့ဘက် ရန်ကုန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။