(၄) ရက် ကြာ မြန်မာပြည်ခရီးစဉ်အတွင်း ရခိုင် နဲ့ ကချင်ပြည်နယ်တွေ က ဒုက္ခသည်စခန်းတွေ နဲ့ စစ်ဘေးရှောင်စခန်းတွေ သွားရောက်ခဲ့

ရခိုင်ပြည်မြောက်ပိုင်း ခရီးစဉ်မှာ တွေ့ရတဲ့ အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး

EPA
ရခိုင်ပြည်မြောက်ပိုင်း ခရီးစဉ်မှာ တွေ့ရတဲ့ အမေရိကန်ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာဗျူရိုရဲ့ ဒုလက်ထောက်ဝန်ကြီး ရစ်ချက်အော်လ်ဘရိုက်ဟာ (၄) ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း ရခိုင် နဲ့ ကချင် ဒေသတွေက ဒုက္ခသည်စခန်းတွေ နဲ့ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ဒုလက်ထောက်ဝန်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်လ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့အတူ သွားခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်း ခရီးစဉ်အတွင်း စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ မွတ်စလင်ဒုက္ခသည်တွေ၊ ဒေသခံ လူထုအသိုင်းအဝိုင်းတွေနဲ့ တွေ့ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့ လူသားချင်း အကူအညီတွေ ဘယ်လိုပိုမို ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

‘ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုတွေက မြန်မာနိုင်ငံရဲ့အနာဂတ်မှာ အရေးကြီးတယ်လို့ အမေရိကန်အစိုးရအနေနဲ့ ယုံကြည်တယ်။ နောက်ပြီး အမေရိကန်အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးရမလဲဆိုတာနားလည်ဖို့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေအားလုံး နဲ့ စကားပြောကြည့်တယ်၊ အောက်ခြေကအခြေအနေကို နားလည်အောင် လုပ်ခဲ့တယ်’ လို့ အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူ အာရာနီမန်းရင်းက ပြောပါတယ်။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်မှာတော့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရစ်ချက်အော်လ်ဘရိုက် ဟာ နိုဝင်ဘာလ ၅ ရက်ကနေ ၈ ရက်အထိ ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူ အာရာနီမန်းရင်း က ‘ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောသလို ဒုက္ခသည်တွေ ပြန်လာဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ ကျွန်မတို့ သဘောတူတယ်။ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပြည့်အဝရဖို့လိုပြီးပြန်နေထိုင်မယ့် နေရာတွေရဲ့ မြေပြင်အခြေအနေတွေကို ဒုက္ခသည်တွေ သိဖို့လိုပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပြည့်အဝပေးဖို့ မြန်မာအစိုးရကို ကျွန်မတို့ တိုက်တွန်းပါတယ်။ အဲဒါမှ ဒုက္ခသည်တွေဆီကို အကူအညီရောက်မယ်။ သူတို့တွေအတွက် အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်မှု ခံစားခွင့်ရဖို့ အရေးကြီးပါတယ်။ ဒါဟာ အရေးကြီးတဲ့ ဒီမိုကရေစီစံနှုန်းတခုပါပဲ’ လို့ သံရုံးပြောခွင့်ရသူ အာရာနီမန်းရင်း က ပြောပါတယ်။

ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရစ်ချက်အော်လ်ဘရိုက်ဟာ ဒီကနေ့ နိုဝင်ဘာလ ၉ ရက် နေ့ မှာတော့ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို တွေ့မှာဖြစ်ပြီး ဒီနောက်တော့ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။