ငြိမ်းချမ်းရေးအလေ့အထတွေ အကောင်အထည်ဖော်ဖို့ အာရှ-ပစိဖိတ် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ အပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

EPA
ထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

(၁) ငြိမ်းချမ်းရေးအလေ့အထတွေ အကောင်အထည်ဖော်ဖို့ အာရှ-ပစိဖိတ်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

‘လူမှုအသိုင်းအဝိုင်းကြား ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးယဉ်ကျေးမှု အစဉ်အလာ ထူထောင်မှ ရလိမ့်မယ်ဆိုပြီး’ နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့မှာ ပြုလုပ်နေတဲ့၂၀၁၈ အာရှ-ပစိတ်ဖိတ်ထိပ်သီးဆွေးနွေးပွဲအဖွင့်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်ပါတယ်။

‘ပဋိပက္ခတွေရဲ့ အခြေခံဟာ တဖက်သားကို နာကျင်အောင် ဖျက်ဆီးလိုတဲ့ မလိုမုန်းထား စိတ်ပေါ်မှာ အခြေခံတာဖြစ်ပြီး အမုန်းတရားနဲ့ အကြောက်တရားတွေပဲ ပေါ်ပေါက်လာတတ်စေတယ်’ လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

‘အပြန်အလှန် မှီခိုတည်ရှိနေရတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးဆိုတဲ့ အစဉ်အလာ မွေးမြူကြဖို့၊ မတူကွဲပြားကြသူတွေအကြား ဟန်ချက်ညီမှု ရလာဖို့ စတာတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲ ထည့်သွင်း ပြောခဲ့ပါတယ်။

နိုင်ငံတကာ ဝေဖန်ပြောဆိုနေကြတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက် ရည်ညွှန်းပြောတာမျိုးတော့ မရှိခဲ့ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံကို နိုဝင်ဘာလ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။

(၂) ABSDF မြောက်ပိုင်းတပ်ဖွဲ့ ဒုဥက္ကဌ နဲ့ တပ်ဖွဲ့ဝင် ၂ ဦး မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ အဖမ်းခံရ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ကိုအောင်ဆွေဦး၊ တပ်ဖွဲ့ဝင် ကိုမောင်ဦးနဲ့ ကိုကိန်းမြင့်တို့ဟာ ABSDF ရဲဘော်ဟောင်းတဦးရဲ့ ဈာပနကို သွားရင်း မတရားဆက်သွယ်မှုပုဒ်မနဲ့ ကချင်ပြည်နယ် မိုးညှင်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

သူတို့ ၃ ဦးဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ထိန်းချုပ်နယ်မြေထဲ ရောက်နေခဲ့တဲ့အတွက် မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ မိုးညှင်းရဲစခန်းက ပုဒ်မတပ် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရှစ်လေးလုံးသွေးသစ်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့က ဦးစိန်အေးက ဘီဘီစီကို ပြောပါတယ်။

ABSDF ဗဟိုကော်မတီဝင်တွေကို ဆက်သွယ်မေးမြန်းရမှာတော့ ဒီကိစ္စ သက်ဆိုင်ရာနဲ့ ချိတ်ဆက်ဆောင်ရွက်ဆဲဖြစ်လို့ ဘာမှမှတ်ချက်မပေးလိုသေးဘူးလို့ ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောပါတယ်။

အရင်နှစ်ကလည်း ဒီလိုအလားတူပဲ ABSDF မြောက်ပိုင်းအဖွဲ့က ရဲဘော်မင်းဌေးကို ဖမ်းခဲ့ပြီး ၈ လလောက်ကြာ ထိန်းသိမ်းခဲ့ပြီးကျမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

(၃) David Burke ဂုဏ်ပြုဆု RFA သတင်းထောက် ကိုကံသာ ရရှိ

အမေရိကန်အခြေစိုက် ကမ္ဘာ့သတင်းမီဒီယာများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ USAGM က ကမ္ဘာတလွှားမှာရှိတဲ့ သတင်းထောက်တွေထဲက စွမ်းဆောင်ရည်ရှိတဲ့ သတင်းထောက်တွေကို ချီးမြှင့်တဲ့ David Burke ဂုဏ်ပြုဆုကို RFA မြန်မာဌာနရဲ့ လားရှိုး အခြေစိုက်သတင်းထောက် ကိုကံသာ ကို ရွေးချယ်လိုက်ပါတယ်။

တိုင်းရင်းသားဒေသတွေအကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အကြောင်း ခက်ခက်ခဲခဲ သတင်းတင်ပြခဲ့မှုတွေကြောင့်ဖြစ်ပြီး နယ်သတင်းထောက်တစ်ယောက်အနေနဲ့ ဒီဆုရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ ကိုကံသာက ဘီဘီစီကို ပြောပါတယ်။

(၄) သမ္မတဟောင်း ဘုရှ် ကွယ်လွန်မှုအတွက် ဒီဇင်ဘာ ၅ ရက်နေ့ကို အမေရိကားမှာ ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်

သမ္မတဟောင်း ဘုရှ်

Getty Images
သမ္မတဟောင်း ဘုရှ်

အမေရိကန်သမ္မတဟောင်း ဂျော့ချ် အိတ် ဒဗလျူ ဘုရှ့် အသက် ၉၄ နှစ် အရွယ်မှာ ကွန်လွန်သွားပြီဖြစ်တဲ့အတွက် လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ကို တနိုင်ငံလုံး ပူဆွေးအောက်မေ့ဖွယ် နေ့အဖြစ် သတ်မှတ်မယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။

ဝါရှင်တန်က National Cathedral ခရစ်ယာန်ဘုရားကျောင်းကြီးမှာလည်း နိုင်ငံတော်အဆင့် ဈာပန အခမ်းအနား ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန် သမ္မထရမ့်လည်း တက်ရောက်ဖို့ ရှိနေပါတယ်။

သမ္မတဟောင်း ကွယ်လွန်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း ပြောဆိုနေကြရာမှာ ဆိုဗီယက်ခေတ် နောက်ဆုံးခေါင်းဆောင် မီခေးဂိုဘာချော့က သမ္မတဘုရှ့်ဟာ စစ်အေးခေတ် အဆုံးသတ်အောင် လက်တွဲဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗြိတိန် အဲလိဇဘတ် ဘုရင်မကြီးကလည်း မစ္စတာဘုရှ်ကို မိတ်ဆွေကောင်းအဖြစ် ရည်ညွှန်းပြောဆိုပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

သားဖြစ်သူ သမ္မတဟောင်း ဘုရှ့် ဂျီနီယာရဲ့ အစိုးရအဖွဲ့လက်ထက်တုန်းက နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကောလင်းပါဝဲ ကလည်း ‘သူဟာ စစ်အေးခေတ်ကို အဆုံးသတ်စေနိုင်ခဲ့သူ ဂျာမနီ ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေးမှာ ကူညီခဲ့သူ၊ နေတိုးစစ်ရေး မဟာမိတ်အဖွဲ့ကို တောင့်တင်းခိုင်မာအောင် ပြုလုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်တယ်’ ဆိုပြီး သူ့အကြောင်း ဂုဏ်ပုဒ်တွေကို ပြောခဲ့ပါတယ်။

บทความก่อนหน้านี้เสก โลโซ ประกาศขายที่ ดราม่าหนักตกอับ กานต์ ซัดอีก ผลาญเงิน ไม่สนใจลูกลำบาก!!
บทความถัดไปสุดซึ้งมิตรภาพ ทราย เจริญปุระ โพสต์ถึง แอฟ ทักษอร เผยอีกเรื่องราวความเด็ดเดี่ยว