ဆေးထိုးအသတ်မခံဘဲ လျှပ်စစ်ကုလားထိုင်နဲ့ပဲသေလိုသူ

A decommissioned electric chair in Texas

AFP
တစတစပျောက်ကွယ်နေတဲ့ လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးနည်း

အမေရိကန် တင်နက်ဆီ ပြည်နယ်မှာ သေဒဏ်ကျ အကျဉ်းသား တယောက်က သူ့ကို ဆေးထိုးသတ်မယ်ဆိုရင် ဝေဒနာ ခံစားရမှာစိုးလို့ ဆိုပြီး လျှပ်စစ်ကုလားထိုင်နဲ့ သတ်ဖို့ တောင်းဆိုတဲ့အတွက် ခွင့်ပြုလိုက်ပါတယ်။

ကြိုးတိုက်မှာ ၃၆ နှစ် နေခဲ့ရတဲ့ ဒေးဗစ်မီလာနဲ့ တခြား အကျဉ်းသားတွေဟာ သေဒဏ်ပေးရာမှာ အဆင်မပြေ ချို့ယွင်းတာတွေ ဖြစ်နေတာကို ကြောက်ကြပါတယ်။ ဒါကြောင့် ဆေးထိုးသတ်ပြီး သေရတာကနေ ရှောင်လွှဲဖို့ ကြိုးစား နေကြတာပါ။

ဒါကြောင့် တင်နက်ဆီ ပြည်နယ်က သေဒဏ်ကျ အကျဉ်းသား ဇာဂိုစကီးကို အရင်လကပဲ လျှပ်စစ်နဲ့ သတ်ဖြတ်ခဲ့ပါတယ်။

ဆေးထိုးသတ်တာက ဒီပြည်နယ်မှာ အဓိကကျင့်သုံးတဲ့ ကွပ်မျက်မှု ပုံစံ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၉ မတိုင်ခင်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ သေဒဏ်ပေးခံရသူတွေအနေနဲ့ လျှပ်စစ်ခုံနဲ့ သတ်ဖြတ်နည်းကို ရွေးခွင့်ပေးထားပါတယ်။

မသေခင်မှာ ပြာနှမ်းပြီး မိနစ် ၂ဝ လောက် ခံစားခဲ့ရတဲ့ သြဂုတ်လက သေဒဏ်ပေးမှုတခုကို မီလာနဲ့ ဇာဂိုစကီးက ကိုးကား ပြီး ရုံးတော်မှာ ပြောဆိုတယ်လို့လည်း အေပီ သတင်းမှာ ပါရှိပါတယ်။

ဒါကြောင့် ဇာဂိုစကီးကို လျှပ်စစ်နဲ့ သတ်ဖြတ်တာဟာ ၁၉၆ဝ နောက်ပိုင်း အဲဒီပြည်နယ်မှာ ဒုတိယမြောက် လျှပ်စစ်နဲ့ သေဒဏ်ပေးတာပဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ စီရင်ဖို့ ရှိတဲ့ မီလာကို ၁၉၈၁ တုန်းက ၂၃ နှစ်အရွယ် စိတ်ရောဂါ ဝေဒနာရှင် အမျိုးသမီးကို သတ်မှုနဲ့ သေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးထိုးသတ်တာကို ဘာကြောင့်ဆန့်ကျင်

မိုင်ဒါဇိုလမ် ပါတဲ့ ဆေးထိုးသတ်မှုကြောင့် မချိမဆန့်နဲ့ ကြာရှည်ခံစားပြီးမှ အသက်ထွက်နိုင်တယ်ဆိုပြီး မီလာရော ဇာဂိုစကီးကပါ ကန့်ကွက်ခဲ့ကြတာပါ။

သေဒဏ်ပေးခံရချိန်မှာ မီလာက ၆၁ နှစ်နဲ့ ဇာဂိုစကီးက ၆၃ နှစ် ရှိပါတယ်။

ဆေးအမျိုးမျိုးကို ပေါင်းစပ်ပြီး ထိုးသတ်နဲ့ သေဒဏ်ပေးမှုတွေမှာ အကျဉ်းသားတွေ ခံစားရတာတွေ တွေ့လာပြီးနောက် ဒီနည်းကို ဆန့်ကျင်လာကြတာ ဖြစ်ပါတယ်။ အမေရိကန် အခြေခံဥပဒေအရ ရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ အပြစ်ပေးမှုကို ခွင့်မပြုပါဘူး။

Edmund Zagorski

AFP
အရင်လက လျှပ်စစ်နဲ့သေဒဏ်ပေးခံရတဲ့ ဇာဂိုစကီး

သြဂုတ်လက အဲရစ်ကို သေဒဏ်ပေးမှုမှာ ညှဉ်းပန်းနှိပ်စက်တာနဲ့ အလားသဏ္ဌာန်တူတဲ့ ဝေဒနာမျိုး ခံစားရတယ်လို့ ဆရာဝန်တယောက်က တင်နက်ဆီ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

မိုင်ဒါဇိုလမ်က အဲရစ်ကို အိပ်ပျော်သွားစေပေမယ့် ဆေးထိုးသတ်ရာမှာ တခြားပါဝင်တဲ့ ဆေးနှစ်ခုရဲ့ အာနိသင်ကိုတော့ မခံစားရအောင် မတားနိုင်ဘူးလို့ ဒေါက်တာ ဒေးဗစ်လူဘရာစကီးက စောဒက တက်ပါတယ်။

ဆေးထိုးသတ်တာကို ထောက်ခံသူတွေကတော့ ဒီကွပ်မျက်နည်းဟာ နာကျင်မှု မရှိဘူးလို့ ဆိုကြပါတယ်။

တင်နက်ဆီပြည်နယ်မှာ ဆေးထိုးသတ်တာ၊ လျှပ်စစ်နဲ့ သတ်တာတွေ မလုပ်ဘဲ သေနတ်နဲ့ပစ်သတ်တာကို ပြောင်းလဲကျင့်သုံးဖို့ မီလာနဲ့ တခြား သေဒဏ်ကျ ၄ ယောက်က တောင်းဆိုထားတယ်လို့လည်း သတင်းရပါတယ်။

တင်နက်ဆီဘေးက အယ်လဘားမား ပြည်နယ်မှာတော့ သေဒဏ်ကျအကျဉ်းသား ၅ဝ ကျော်က နိုက်ထရိုဂျင် ဓာတ်ငွေ့နဲ့ အလုံခန်းထဲမှာ သတ်ဖြတ်တာကို ပိုလိုလားကြပါတယ်။ အဲဒီနည်းကိုလည်း ဒီနှစ်ဆန်းကစပြီး အယ်လဘားမားမှာ ကျင့်သုံးနေတာပါ။

လျှပ်စစ်ကုလားထိုင် သုံးတဲ့ပြည်နယ်တွေ

အမေရိကန် ဘယ်ပြည်နယ်မှာမှ လျှပ်စစ်နဲ့သတ်တာကို အဓိက သေဒဏ်ပေးနည်းအဖြစ် မကျင့်သုံးကြတော့ပါဘူး။

ဒီနည်းဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့တောင် ဂျော်ဂျီယာနဲ့ နီဘရာစကာ ပြည်နယ် တရားရုံးတွေက ဆိုကြပါတယ်။

ဒါပေမဲ့လည်း မီလာကိုယ်တိုင် လျှပ်စစ်ကုလားထိုင်ကို ရွေးချယ်ခဲ့လို့ ဒီနည်းကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောလို့မရကြောင်း တရားရုံးက ပြောဆိုတယ်လို့လည်း အေပီသတင်းမှာ ပါရှိပါတယ်။

၁၈၉ဝ ကျော်နှစ်တွေအထိ အမေရိကန်ထောင်တွေမှာ ကြိုးပေးတာကို အဓိကသေဒဏ်ပေးနည်းအဖြစ် ကျင့်သုံးခဲ့ကြပါတယ်။ အဲဒီနောက် လျှပ်စစ်ကုလားထိုင်ကို အများဆုံး သုံးခဲ့ကြပါတယ်။

၁၉၈၂ မှာ တက္ကဆက် ပြည်နယ်ကစပြီး ဆေးထိုးသတ်တဲ့နည်းကို စသုံးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံအဝှမ်း လျှပ်စစ်ကုလားထိုင်နေရာမှာ ဒီနည်းနဲ့ အစားထိုး သေဒဏ်ပေးခဲ့ကြပါတယ်။

บทความก่อนหน้านี้ได้คู่ชิง! เวียดนาม ปราบ ฟิลิปปินส์ ลิ่ววัด มาเลเซีย นัดชิงชนะเลิศ ซูซูกิคัพ
บทความถัดไปเลือกตั้ง 2562 : เช็คชื่อคนการเมืองตกที่นั่ง “จำเลย-ผู้ต้องหา” ก่อน คสช. ปลดล็อกการเมือง