ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေရတဲ့အကြောင်းအပါအဝင် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

(၁) ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေရ

မြန်မာတပ်တော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေက ဒေသခံကျေးရွာသားတွေဟာ လုံခြုံရာကို ထွက်ပြေးနေကြပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း လူပေါင်း ၂၉၀ လောက်ဟာ ပုဏ္ဍားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာကို ခိုလှုံဖို့ ရောက်ရှိလာကြပါတယ်။

ထွက်ပြေးလာကြတဲ့သူတွေဟာ မြို၊ ခမီတိုင်းရင်းသားတွေဖြစ်ကြပြီး ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆည်တောင်၊ မောင်နှမ၊ သပြုချောင်းကျေးရွာတွေက ဖြစ်ကြပါတယ်။

တိုက်ပွဲတွေဟာ ဘူးသီးတောင်နဲ့ ပုဏ္ဍားကျွန်းမြို့နယ်တွေမှာ အခုရက်ပိုင်း ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်ရေး အပိုင်းမှာ ခက်ခဲမှုတွေ ရှိနေလို့ ခုလို ထွက်ပြေးလာရတာလို့ ကျောက်ဆည်တောင်မှာ ဈေးဆိုင်ဖွင့်ပြီး ရောင်းချနေသူ ဦးလှမောင်သိန်းက ပြောပါတယ်။

သူကိုယ်တိုင်ကလည်း အထက်သင်ပုန်းတန်းကျေးရွာကို ထွက်ပြေး ရောက်ရှိလာခဲ့သူပါ။

အထက်သင်ပုန်းတန်းကျေးရွာမှာ အရင်ကလည်း စစ်ပြေးရှောင် မြိုတိုင်းရင်း ၄၂ ဦးရောက်ရှိနေပြီး အခုအခါဆိုရင် လူဦးရေ ၃၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့သူတွေဟာ လောလောဆယ်မှာ ပုဏ္ဍားကျွန်းနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာသာမက ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

(၂) ဝိုင်းမော်မှာ တံတား ကျိုးကျလို့ သွားလာရေး အခက်ကြုံနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက ဆဒုံးရေတံခွန်အနီးမှာရှိတဲ့ လန်နရေတံခွန် စီးကျရာချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ တံတားဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က ကုန်တင်ယာဉ်တစ်စီး ဖြတ်သန်းနေချိန်မှာပဲ ကျိုးကျခဲ့ပါတယ်။

တံတားကျိုးကျချိန်မှာ ဖြတ်သန်းနေတဲ့ ကုန်တင်ယာဉ်တစ်စီး ရှိနေပေမယ့် တံတားအလယ်ကနေ ညွတ်ပြီးကျိုးကျတာဖြစ်လို့ ယာဉ်မောင်းသူ အပါအဝင် တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

ဒီတံတားဟာ မြစ်ကြီးနား – ဝိုင်းမော်- ကန်ပိုက်တီလမ်းပိုင်းကနေ တရုတ်ပြည်ကို ချိတ်ဆက်ထားတဲ့ ကားလမ်းပိုင်းမှာ အဓိက အရေးပါတဲ့ တံတားဖြစ်ပြီး မြစ်ကြီးနားကနေ တရုတ်ပြည်ကို နေ့စဉ် ကုန်စည်တွေ ပို့ဆောင်နေရတာပါ။

တရုတ်ဘက်ကနေ ကုန်အလေးချိန် တန်နဲ့ချီ တင်သွင်းလာတဲ့ မြေဆီ၊ မြေသြဇာတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ ဖြတ်သန်းနေရပြီး တံတားရဲ့ ခံနိုင်ရည်အားနဲ့ မမျှလို့ ကျိုးတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီတံတားဟာ မူလက ကွန်ကရစ်တံတားဖြစ်ပြီး ၂၀၁၀ ခုနှစ်က ကချင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရဖူးပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်းကျမှ တရုတ်က သံဘောင် ဘေလီတံတား အနေနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ တံတားကျိုးကျလို့ ခရီးသွားတွေဟာ ဟိုဖက်ဒီဖက် ပိတ်မိနေပြီး သွားရေးအခက်ခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၃) နိုင်ဂျီးရီးယားမှာ UNICEF လုပ်ငန်းတွေ ရပ်ဆိုင်း

နိုင်ငံအရှေ့မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ နိုင်ဂျီးရီးယားစစ်တပ်

Getty Images
နိုင်ငံအရှေ့မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ နိုင်ဂျီးရီးယားစစ်တပ်

နိုင်ဂျီးရီးယားစစ်တပ်က ကုလသဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ UNICEF က နိုင်ငံရဲ့အရှေ့မြောက်အရပ်မှာ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့တွေအတွက် သူလျှိုတွေကို လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေသလို နေရာချထားမှုတွေရှိနေတယ်လို့ စွပ်စွဲပြီး UNICEF လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

UNICEF ဟာ နိုင်ဂျီးရီးယားရဲ့ အကြမ်းဖက်နှိပ်နင်းရေးအပေါ် ကမောက်ကမဖြစ်အောင် ပြုမှုနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် UNICEF က စစ်တပ်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေ ပြုမှုနေတယ်လို့ အတည်ပြုမရတဲ့ သတင်းတွေအပေါ် အခြေခံပြီး စွပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

အခုလို ကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ UNICEF ဖက်က အံ့အားသင့်ပြီး ကြေညာချက်ကို ပြန်လည်သုံးသပ်မယ်လို့ ဘီဘီစီကိုပြောပါတယ်။

บทความก่อนหน้านี้ซาลาห์ ผงาดคว้าแข้งแอฟริกันแห่งปีของบีบีซี 2 ปีซ้อน
บทความถัดไปหนุ่มใหญ่ วัย 50 พลาดท่าตก ถังขี้หมู ลึก 2 เมตร หน้าคว่ำ-คอหัก ดับสลดคาที่! (คลิป)