သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်ချုပ်တို့ ပါဝင်တဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးကျင်းပတဲ့အကြောင်းအပါအဝင် ဇန်နဝါရီ ၈ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

(၁) သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်ချုပ်တို့ ပါဝင်တဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အစည်းအဝေးကျင်းပ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ ပါဝင်တဲ့ အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တောင်မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေးကို သမ္မတ၊ ဒုသမ္မတ ၂ ဦးအပြင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတပ်ချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ လွှတ်တော်ဥက္ကဌ ၂ ဦးနဲ့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌတို့ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးကိစ္စရပ်တွေ၊ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာပြီး အခြေအနေတွေ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံရေးလေ့လာသူတချို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဥရောပ အပါအဝင် အနောက်နိုင်ငံတော်အချို့က မကြာခင် မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေး၊ အရေးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီကိစ္စတွေ ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့ကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီး နယ်မြေတည်မြေအေးချမ်းရေးရတဲ့အထိ လုပ်ဆောင်တာတွေ ရှိနေပါတယ်။

(၂) မြောက်ကိုရီးယားခေါင်းဆောင် တရုတ်ကို ရောက်နေ

တရုတ်ကိုရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဇနီးသည်

EPA
တရုတ်ကိုရောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ဇနီးသည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင့်ပင်းရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်ကို ရောက်ရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA ရုပ်သံမီဒီယာက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့တုန်းက ကင်ဂျုံအွန်းဟာ တရုတ်ကို ရထားနဲ့ သွားရောက်ခဲ့တယ်လို့ မှန်းဆပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့အပြီး အခုခရီးစဉ်နဲ့ ပတ်သတ်လို့ မြောက်ကိုရီးယားဘက်က အတည်ပြု ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သွားရောက်တဲ့ တရုတ်ခရီးစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့အတူ ဇနီးသည်ဖြစ်သူလည်း လိုက်ပါသွားခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ထုတ်ပြန်ပါတယ်။

ဒါဟာ သမ္မတရှီနဲ့ မစ္စတာ ကင်ဂျုံအွန်းတို့ရဲ့ ၄ ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး မကြာခင်တုန်းကလည်း မြောက်ကိုရီးယားခေါင်းဆောင်ဟာ အမေရိကန်သမ္မတနဲ့ ထပ်မံ တွေ့ဆုံဖို့ ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

(၃) အဝါရောင်အင်္ကျီဝတ်ဝတ်ဆန္ဒပြသူတွေကို အရေးယူနိုင်ဖို့ ပြင်သစ်အစိုးရ ပြင်ဆင်

မျက်နှာဖုံးဝတ် ပြင်သစ်ဆန္ဒပြလှုပ်ရှားမှု

AFP
မျက်နှာဖုံးဝတ် ပြင်သစ်ဆန္ဒပြလှုပ်ရှားမှု

ပြင်သစ်နိုင်ငံမှာ သီတင်းပတ် အတော်ကြာဖြစ်နေတဲ့ ရောင်ပြန်အဝါရောင်အင်္ကျီဝတ် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေးနိုင်ဖို့ အစီစဉ်တစ်ရပ်ကို အစိုးရက လုပ်ဆောင်နေတယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆန္ဒပြတာကို အသိပေးကြေညာမှုမရှိတာ၊ သတ်မှတ်ချက်နဲ့ မညီဘဲ ဆန္ဒပြတာ၊ မျက်နှာဖုံးတပ်ဆင်ပြီး ဆန္ဒပြတာတွေကို အရေးယူဖို့ ဥပဒေတစ်ရပ်ကို အစိုးရက ထောက်ခံအတည်ပြုဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

‘ဆန္ဒပြသူတွေဟာ ဆိုင်ကယ်တွေနဲ့ တားဆီးပိတ်ဆို့ဖို့ ချထားတဲ့ အရာတွေကို မီးရှို့တဲ့ဖြစ်ရပ်မျိုး ထပ်မဖြစ်ရစေဘူး၊ သတ်မှတ်ချက်တွေကို မလေးစား မလိုက်နာတဲ့သူတွေကို ဒီဥပဒေတစ်ရပ်က အပြစ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်’လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။

နောက်ထပ်ဆန္ဒပြပွဲတွေရှိလာမယ်ဆို အဲ့ဒီမှာ လုံခြုံရေးအင်အား ၈ သောင်းထက်မနည်း ချထားမယ်လို့လည်း သူက ပြောပါတယ်။

အီတလီအစိုးရကတော့ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံပြီး ဆန္ဒပြကြသူတွေနဲ့ ရဲတွေကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို ရှုံ့ချတယ်လို့ ပြောထားပါတယ်။

บทความก่อนหน้านี้โชว์ศักยภาพ! คนร้าย คาร์บอมบ์ กระบะซุกถังแก๊ส บึ้มสนั่นหน้าค่ายตชด.สงขลา
บทความถัดไปบิ๊กตู่เคลื่อนไหว ส่ายหน้า หลังมีคนพูด จะพาทักษิณกลับบ้าน! (คลิป)