အေအေခေါင်းဆောင်နဲ့ တရုတ်ကိုယ်စားလှယ် လိုင်ဇာမှာတွေ့

လိုင်ဇာတွေ့ဆုံပွဲ

တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်းဟာ ကချင်လက်နက်ကိုင် ကေအိုင်အေရဲ့ ဌာနချုပ် လိုင်ဇာမှာ အေအေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ သီးခြားစီ တွေ့ဆုံ ခဲ့ပါတယ်။

အေအေအဖွဲ့နဲ့ စကားပြောတဲ့အခါ ရခိုင်ပြည်နယ်ထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ ဘယ်လို ရပ်နိုင်မလဲ ဆိုတာကို အပြန်အလှန် ဆွေးနွေး ခဲ့ကြတယ်လို့ အေအေက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

လွတ်လပ်ရေးနေ့ အေအေ အဖွဲ့က အစိုးရ ရဲကင်းတွေကို ဝင်စီးနင်းတဲ့ ဖြစ်စဉ် အပေါ်မှာလည်း တရုတ် အထူးသံတမန်က မေးမြန်းတယ်လို့ အေအေရဲ့ ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ အေအေဘက်က စစ်ရေးအရ လုပ်ဆောင်နေတာတွေ ရပ်ရမယ်ဆိုတဲ့ ဖိအားမျိုး တရုတ် ကိုယ်စားလှယ်က ပေးလားဆိုတဲ့ ဘီဘီစီရဲ့ အမေးကို ခိုင်သုခက ဖိအားပေးတဲ့ ပုံစံနဲ့ တရုတ် ကိုယ်စားလှယ်က ပြောတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဘယ်လို ရပ်မလဲ ဆိုတာ အပြန်အလှန် ပြောခဲ့ကြတယ်လို့ ဆိုပေမယ့် ဘာတွေ ဆွေးနွေးကြသလဲ ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောဖို့တော့ အေအေက ငြင်းဆန်ပါတယ်။

ဒါပေမယ့် အဲဒီတွေ့ဆုံပွဲမှာ အေအေခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ရှိနေခဲ့ပြီး တခြား ထိပ်ပိုင်း ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန် အစရှိသူတွေလည်း ပါဝင်တယ်လို့ အတည်ပြုထား နိုင်ပါတယ်။

အေအေ

BBC
လိုင်ဇာကို ကာကွယ်တဲ့ ကေအိုင်အေ ကင်းသမားတွေ

မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တခြား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံ

လိုင်ဇာမှာ ဆွန်ကော်ရှန်း ဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ် အဖွဲ့ဟာ အိမ်ရှင်ဖြစ်တဲ့ ကေအိုင်အေနဲ့ သာမက အေအေ အဖွဲ့၊ တအာင်း လက်နက်ကိုင် TNLA အဖွဲ့တို့နဲ့ပါ တွေ့ဆုံ ခဲ့တာ ဖြစ်တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အဲဒီအဖွဲ့တွေနဲ့ မတွေ့ခင်မှာလည်း မစ္စတာ စွန်ကော်ရှန်းဟာ ဝတပ်ဖွဲ့ UWSA အပြင် မိုင်းလားအဖွဲ့ NDAA တို့နဲ့လည်း သီခြားဆီ တွေ့ဆုံ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ PCG ၊ တခါကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC စတဲ့ အရပ်ဘက်အဖွဲ့ ဘာသာရေး အဖွဲ့တွေနဲ့လည်း ဆွန်ကော်ရှန်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာဆွန်ကော်ရှန်းဟာ တရုတ်အစိုးရရဲ့ အာရှ ပစိဖိတ်ဒေသရေးရာ အထူးကိုယ်စားလှယ် ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ အကူအညီပေးဖို့ ဆိုပြီး ဘေဂျင်းအစိုးရက တာဝန် ပေးထားသူ ဖြစ်ပါတယ်။

သူတို့ ဘာတွေ ပြောကြဆိုကြသလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကို တွေ့ဆုံခဲ့သူတွေက ထုတ်ပြန် ပြောဆိုတာမျိုး မရှိပါဘူး။

အစိုးရစစ်တပ်နဲ့ အေအေအဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ လက်တလော ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အေအေရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားတွေကို မေးမြန်းနေတာမျိုး ဖြစ်နိုင်တယ်လို့ လေ့လာသူတချို့က ပြောပါတယ်။

လိုင်ဇာ တွေ့ဆုံပွဲတွေ အတွင်း တရုတ် မြန်မာ နယ်စပ် တလျှောက် ငြိမ်းချမ်းရေး ဆိုတဲ့ အကြောင်းအရာဟာ ခေါင်းစဉ်တစ်ခု အနေနဲ့ ပါသလို ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ အပေါ်မှာလည်း တရုတ် အစိုးရက အာရုံစိုက် စိတ်ဝင်စား နေတာကတော့ ပေါ်လွင်နေပါတယ်။

အေအေ

BBC
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရခိုင်မှာရှိ

ရခိုင်ပြည်နယ်နဲ့ တရုတ် အကျိုးစီးပွား

ရခိုင်ပြည်နယ်ထဲမှာ တရုတ်အစိုးက အလေးထားတဲ့ စီမံကိန်းတွေ ရှိပါတယ်။

သမ္မတ ရှီဂျင်ပင်းရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု မဟာဗျူဟာမြောက် စီမံကိန်းရဲ့ အစိတ်အပိုင်း အဖြစ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုံ ဖော်ဆောင်ရေးဟာ လူသိများတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်သလို၊ ယူနန်ပြည်နယ်ထဲထိ တိုက်ရိုက် သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းတွေလည်း ရှိနေနှင့်ပြီး ဖြစ်ပါတယ်။

ရိုဟင်ဂျာ အရေးကြောင့် ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ၊ ဖိအားပေးမှုတွေ ကြီးကြီးမားမား ရှိလာခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေးကို အကြောင်းပြုလို့ အဲဒီ ဒေသမှာ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိလာမှာကို တရုတ် အစိုးရက လိုလားဟန် မတူဘူး ဆိုတဲ့ သုံးသပ်ချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

အခုတခါ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အေအေက ကချင်ပြည်နယ်ထဲ စတင် သန္ဓေတည်ခဲ့ရာကနေ ရခိုင်ပြည်နယ်ထဲထိ ထိုးဖောက်ပြီး ခြေကုပ်ရယူဖို့ ကြိုးစား လာရာက အစိုးရတပ်နဲ့ကြား တိုက်ပွဲတွေ ပြင်းထန် လာတဲ့ အခြေအနေကိုလည်း တရုတ်အစိုးရ အနေနဲ့ စိုးရိမ်စိတ်တွေ ရှိနေနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

လွတ်လပ်ရေးနေ့ အစိုးရရဲ့ နယ်ခြားစောင့် ရစခန်း ၄ ခုကို အေအေအဖွဲ့က ချိန်ကိုက် ဝင်ရောက် စီးနင်းခဲ့တဲ့ ဖြစ်ရပ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ဆယ်ဂဏန်းကျော် သေဆုံး ခဲ့ရတဲ့အပေါ် တရုတ် သံရုံးက ပြစ်တင် ရှုတ်ချတဲ့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

အေအေ

BBC
ကျောက်တော်မြို့နယ်ထဲက ဒုက္ခသည် ယာယီစခန်း

လက်တွေ့မြေပြင်အခြေအနေ

ရခိုင်ပြည်နယ်ထဲမှာတော့ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက် နေ့တွေထိ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

၁၁ ရက် ညပိုင်းက ဘူးသီးတောင်မြို့နယ် စည်တောင်ရွာရဲ့ သချိုင်းအနီးမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

၁၂ ရက်နေ့မှာလည်း မနက် ၉ နာရီ ဝန်းကျင်လောက်က စပြီး ရသေ့တောင်မြို့နယ် ငစံဘော် ချောင်းဖျားကနေ လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ အနီးနား ခရုချောင်းရွာက ရွာခံတွေက ဆိုပါတယ်။

စစ်ဒဏ်ကြောင့် အရပ်သားတွေလည်း ဆက်လက် ထွက်ပြေး နေရဆဲ ဖြစ်ပြီး ၁၂ ရက် စနေနေ့မှာ အတည်ပြုနိုင်တဲ့ သတင်းတွေ အရ ဘူးသီးတောင် မြို့နယ်ထဲ စစ်ဘေးရှောင်တွေ ခိုလှုံလက်စ စေတီတောင်ဆိုတဲ့ ရွာကို နောက်ထပ် ဒုက္ခသည်တွေ ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စေတီတောင်ရွာမှာ အခုဆိုရင် စစ်ဘေးရှောင် အိမ်ထောင်စု ၉၁၊ လူဦးရေ ၂၆၅ ဦးရှိသွားပြီလို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်လေးခုထဲ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၅ ထောင် ဝန်းကျင် ဖြစ်လာနေပြီလို့ ဒေသခံ ကူညီရေးသမားတွေက ခန့်မှန်းထားပါတယ်။

အေအေ

BBC
ရက္ခိတလမ်းစဉ် ဖော်ဆောင်မယ်

ပြည်နယ်တွင်း တိုက်ပွဲတွေအပေါ် အေအေရဲ့ သဘောထား

အရပ်သားတွေ ထောင်ချီထွက်ပြေးရတာဟာ အစိုးရတပ်ရဲ့ လက်နက်ကြီး ရန်ကြောင့်လို့ အေအေအဖွဲ့က ပြောပါတယ်။

စစ်ပွဲတွင်း အရပ်သားတွေ ကြားညပ်ရတာကို အေအေက မလိုလားပေမယ့် ရက္ခိုင့်ကြမ္မာ ရက္ခိုင်ဖန်တီးနိုင်ရေး အတွက် ရက္ခိတလမ်းစဉ်အတိုင်း တစိုက်မတ်မတ် ချီတက်သွားမယ်လို့ လည်း အေအေအဖွဲ့က ဆိုပါတယ်။

ဒီတော့ အေအေဘက်ကလည်း ချင်းပြည်နယ် အစပ် ပလက်ဝ မြို့နယ်ကနေ အခုလို ရခိုင်မြောက်ပိုင်းထိ ထိုးဖောက် လှုပ်ရှားလာပြီး ရခိုင်ပြည်နယ်ထဲ ခြေကုပ်ယူမယ်၊ ရခိုင်ပြည်နယ် အနှံ့ အေအေအဖွဲ့ ထားရှိမယ် ဆိုတဲ့ ရည်မှန်းချက်ကို ဆွဲကိုင်ထားမြဲ ဖြစ်ပါတယ်။

အစိုးရ စစ်တပ်အနေနဲ့လည်း ရခိုင်ပြည်နယ်ထဲမှာ ဘယ်လို လက်နက်ကိုင် အဖွဲ့မျိုးကိုမှ အခြေချခွင့် မပေးနိုင်ဘူး ဆိုတဲ့ မူဝါဒမျိုး ရှိတယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ သုတေသီတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

บทความก่อนหน้านี้จมทะเลนรา! ป้าลงช่วยหลาน2ชีวิตรอด 1 หาย 1 ตัวเองสำลักน้ำดับด้วย
บทความถัดไปภาวะโลกร้อน : มหาสมุทรร้อนจนระดับน้ำทะเลอาจสูงขึ้น30ซ.ม. ก่อนสิ้นศตวรรษนี้