ဖာနဲ့ဖင်က လွဲရင် ဖဦးထုပ်ကို မသုံးနဲ့တဲ့

ကျောင်းသွားကြမယ့် ကျောင်းသားလူငယ်တွေ

Getty Images
ကျောင်းသွားကြမယ့် ကျောင်းသားလူငယ်တွေ

ဗမာရင်းမြစ်အက္ခရာ ၁၉ လုံး

ဗမာအက္ခရာ ၃၃ လုံးအနက် တတိယအက္ခရာ၊ စတုတ္ထအက္ခရာတွေမှာ အနက်မရှိဘူး။ ပထမ၊ ဒုတိယနဲ့ ပဉ္စမ အက္ခရာတွေမှာသာ အနက်ရှိတယ်လို့ အရင်တပတ် အလင်္ကာပုလဲပန်းမှာ ကျွန်တော်ပြောခဲ့ပါတယ်။

ဋသံလျင်းချိတ်နဲ့စတဲ့တတန်းလုံးကလည်း ပါဠိစကားအတွက်သာသုံးတာဖြစ်သလို ဠကြီးကလည်း ပါဠိအတွက်သက်သက်ပဲမို့ ဗမာစကားအနက်ရှိတဲ့ အက္ခရာဟာ ၁၉ လုံးပဲရှိတယ်လို့ပြောတော့ မကျေနပ်လို့ စောဒက တက်ကြသူတချို့ကို တွေ့ရပါတယ်။ ဒီအကြောင်းကို အမေရိကန်ပြည်ထောင်စု အီလီနွိုင်းတက္ကသိုလ်မြန်မာစာပါမောက္ခဟောင်း ဆရာကြီး ဦးစောထွန်းနဲ့ မြန်မာစာအဖွဲ့က ဆရာကြီးဒေါက်တာဦးထွန်းတင့်တို့ကို ကိုးကားပြီး ကျွန်တော်ပြောခဲ့တာပါ။

တကယ်တော့ ဒါဟာ အခုမှတွေ့တဲ့ အသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော် တယောက်တည်း အမြင်မဟုတ်သလို ဆရာကြီးဦးစောထွန်းနဲ့ ဆရာကြီးဦးထွန်းတင့်တို့ ၂ ယောက်တည်းရဲ့ သဘောလည်း မဟုတ်ပါဘူး။ မြန်မာစာပညာရှင်တိုင်း အငြင်းပွားချက်မရှိလက်ခံပြီးသား အချက်ပါ။

ဒါပေမယ့် တချို့စာဖတ်ပရိသတ်အတွက်တော့ အသစ်အဆန်းသဘောဖြစ်နေပြီး တချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတာမျိုး၊ စောဒကတက်ကြတာမျိုးလည်း တွေ့ရပါတယ်။

မြန်မာစာသင်ကျောင်း

Getty Images

ဘုန်း

တတိယ အက္ခရာနဲ့ စတုတ္ထအက္ခရာမှာ အနက်မရှိရင် ဘာလို့ ဘုန်းတန်ခိုးတို့၊ ဘုန်းကြီးတို့ကို ဘကုန်းနဲ့ရေးသလဲလို့ စာဖတ်ပရိသတ်တယောက်က မေးထားပါတယ်။ သူမေးတာ မရိုင်းပါဘူးလေ။ ကျွန်တော်တို့ ဗမာစကားထဲမှာ ပါဠိစာလုံးနဲ့ ပါဠိသက်ဝေါဟာရတွေက သိပ်တွင်ကျယ်တော့ ဗမာစကားလို့ထင်နေရတဲ့ မွေးစားစကားလုံးတွေက များနေပြီကိုး။ တကယ်တော့ အဲဒီဘုန်းဟာ ဗမာစကားစစ်စစ်မဟုတ်ပါဘူး။ သက္ကတကဆင်းသက်တဲ့ ဝေါဟာရပါ။ ဆရာကြီး ဦးထွန်းတင့်က အခုလို ရှင်းပြပါတယ်။

“တကယ်တော့သူက သက္ကတစကားက လာတာဗျ။ သက္ကတမှာ ပုဏျဆိုတာရှိတယ်။ သက္ကတမှာရေးတာက ပစောက်တချောင်းငင်ရဲ့နောက်မှာ ဏကြီးယပင့်နဲ့ရေးတယ်။ အသံထွက်တော့ ပုံညလို့ထွက်ပါတယ်။ ပါဠိမှာတော့ ပုညလို့ရေးတယ်။ အသံထွက်ကပုဏျနဲ့အတူတူပါပဲ၊ ပုံညလို့အသံထွက်တယ်။ ပုဏျ သို့မဟုတ် ပုည ဆိုတာကောင်းမှုလို့လည်း အဓိပ္ပာယ်ရတာပေါ့။ အဲဒီပုဏျကိုပဲ ပုဏ်း၊ ပုဉ်းလို့အသံထွက်တယ်။ အဲဒီပုဏ်း၊ ပုဉ်းကနေမှာဖုန်းဖြစ်လာတယ်။ အဲဒီကနေ ဗမာတွေ အလွန်အသုံးများနှုတ်တက်ခဲ့ကြတဲ့ ဘုန်းအဖြစ် ဘကုန်းနဲ့ပြောင်းရေးကြတာပါ။ ဘကုန်းမှာ ဗမာစကားရဲ့အနက်မရှိဘူးဆိုတာ သေချာပါတယ်”

ပုညဟာ ကောင်းမှုလို့အဓိပ္ပာယ်ရသလို ရှေးဘုန်းရှေးကံလို့လည်း အဓိပ္ပာယ်ရကြောင်း ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရအဘိဓာန်မှာ ဖွင့်ဆိုပါတယ်။

ကျွန်တော့်စာဖတ်ပရိသတ်က ထောက်ပြတဲ့အထဲမှာ ဘု၊ ဘောင်၊ ဘဘ၊ ဘေး၊ ဆိုတဲ့စကားလုံးတွေလည်း ပါပါတယ်။

အလင်္ကာပုလဲပန်း၊ အက္ခရာ ၃၃ လုံးမှာ ၁၉ လုံးသာ ဗမာရင်းမြစ်ရှိ

လမ်းဘေးစျေးသည်

Getty Images

ဘု

ဘုဆိုတာ ဖုဆိုတဲ့စကားကနေလာပါတယ်။ ဆိုလိုတာက သူ့ရင်းမြစ်က ဖဦးထုပ်မှာ ရှိပါတယ်။ ဖုနေတဲ့အရာလေးကို ဘုလို့ခေါ်တာပါ။ အီလီနွိုင်းတက္ကသိုလ်က ဆရာကြီးဦးစောထွန်းက ကြိယာ၊ နာမဝိသေသနကို နာမ်အဖြစ်ပြောင်းချင်တဲ့အခါ တတိယအက္ခရာ၊ စတုတ္ထအက္ခရာနဲ့ အသံပြောင်းထွက်တာ ပြောင်းရေးတာ တော်တော်များများရှိတယ်လို့ ဆိုပါတယ်။ ဖုတဲ့အရာကို ဘု၊ ကောက်နေတဲ့အရာကို ဂေါက်၊ ကော်တဲ့အရာကို ဂေါ်၊ စွဲစွဲမြဲမြဲရှိတာကို ဇွဲလို့ ပြောင်းလဲတာဟာ ပုံစံတူ ဥပမာတွေ ဖြစ်ပါတယ်။ နာမဝိသေသနသို့မဟုတ်ကြိယာတခုကို နာမ်အဖြစ်ပြောင်းတဲ့အခါ တတိယအက္ခရာ၊ စတုတ္ထအက္ခရာနဲ့ အသံရော အရေးပါပြောင်းလဲလိုက်တဲ့ နမူနာဖြစ်ပါတယ်။ ရင်းမြစ်ကတော့ ပထမအက္ခရာနဲ့၊ ဒုတိယအက္ခရာမှာပဲရှိတာကို သတိချပ်စေလိုပါတယ်။

ဒါ့အပြင် ကျွန်တော့်ပရိသတ်က စောဒက တက်တဲ့စကားထဲမှာ ဘောင်၊ ဘဘ၊ ဘေး ဆိုတဲ့စကားတွေလည်း ပါပါတယ်။

ဘောင်

ဘောင်ဆိုတဲ့စကားကို အရင်ရှင်းရရင်တော့ ကန်ပေါင်၊ ချိန်ခွင်ပေါင်၊ တံခါးပေါင်၊ မှန်ပေါင်ကို ပြောတာဆိုရင်တော့ ဘောင်လို့အသံထွက်ပေမယ့် ပေါင်လို့ရေးဖို့ သတ်ပုံကျမ်းကပြဋ္ဌာန်းထားပါတယ်။

ဘိုးစဉ်ဘောင်ဆက်ဆိုတဲ့စကားထဲက ဘောင်က အဖွားလို့ အဓိပ္ပာယ်ရပါတယ်။ အဖွားကိုခေါ်တဲ့ဘောင်ကို ဆိုလိုတာ ဆိုရင် ဘကုန်းနဲ့ရေးတာမှန်ပါတယ်။ ဒါပေမယ့် သူ့ရင်းမြစ်ဟာ ပစောက်မှာပဲ ရှိပါတယ်။ ပေါင်က လာတာပါ။

“ယောနယ်ဘက်တွင်လည်း အမိအဖမည်သည့်ဘက်မှာ တော်စပ်သောအဖွားဖြစ်စေ၊ အဖွားကြီး၊ အဖွားလတ်၊ အဖွားလေးတို့အား အပေါင်ကြီး၊ အပေါင်လတ်၊ အပေါင်လေးဟုလည်းကောင်း ဖွားဖွားအစားပေါင်ပေါင်ဟုလည်းကောင်း ခေါ်နေသေးကြောင်းသိရသည်” လို့ ဆရာမကြီးဒေါ်မာလေးရဲ့ မြန်မာ့ဆွေမျိုးစပ်ဝေါဟာရများ စာအုပ်မှာ ရေးထားပါတယ်။

ယောနယ်ဇာတိဖြစ်တဲ့ ဆရာကြီးဦးထွန်းတင့်ကလည်း သူတို့နယ်မှာ အခုထိ အပေါင်လို့ခေါ်သေးတယ်ဆိုတာကို အတည်ပြုပါတယ်။ ပေါင်ရဲ့ရင်းမြစ်အနက်ဟာ မြှောင်နေတာ၊ ကပ်နေတာ၊ တွယ်နေတာဖြစ်ပြီး ဆွေမျိုးတော်စပ်တာကိုပဲ ဆိုလိုတယ်လို့ပြောပါတယ်။

လူ့ဘောင်၊ နတ်ဘောင်ရေးတဲ့ဘောင်ကိုလည်း ဘကုန်းနဲ့ရေးပေမယ့် ပေါင်ကနေပဲ ဆင်းသက်ပါတယ်။

မြန်မာ

Getty Images

ဘဘ၊ဘေး၊ဘိုး၊ ဘီ၊ ဘင်

ဘဘက ဖဦးထုပ်ကလာပါတယ်။ ဖဖပါပဲ။ အဖေကိုခေါ်တဲ့ အဖနဲ့ အတူတူပါ။ ယောက်ျားကြီးလို့ အဓိပ္ပာယ်ရပါတယ်။ တချို့အညာအရပ်တွေမှာ အဖေကို အဘလို့ ခေါ်တာမျိုးလည်းရှိပါတယ်။

ဘေးကတော့ ဖေးကလာတာပါ။ ဘေး၊ ဘိုး၊ ဘီ၊ ဘင် စတဲ့စကားတွေအားလုံးရဲ့ ရင်းမြစ်ဟာ ဖဦးထုပ်မှာရှိပါတယ်။ ဖေး၊ ဖိုး၊ ဖီ၊ ဖင်ကလာတာပါ။

“ဖေ၊ ဖွေး၊ ဖဲ၊ ဖီ စသည်ဖြင့် သရသံများကွဲပြားသွားသော်လည်း မူလအနက်သဘောမှာ အတူတူပင် ဖြစ်သည်”လို့ ဆရာမကြီး ဒေါ်မာလေးရဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

ကော်တဲ့အရာကို ဂေါ်လို့အသံထွက်လို့ ဂငယ်နဲ့ပြောင်းရေးတာ၊ ဖုတဲ့အရာကို ဘုလို့ အသံထွက်လို့ ဘကုန်းနဲ့ပြောင်းရေးတာ၊ ကောက်နေတဲ့အရာကို ဂေါက်လို့အသံထွက်လို့ ဂငယ်နဲ့ပြောင်းရေးတာ သဘာဝကျပါတယ်။ သတ်ပုံကျမ်းမှာ တချို့ကို ရင်းမြစ်စွဲပြီးပြဋ္ဌာန်းထားပေမယ့် အသံစွဲနဲ့ပြဋ္ဌာန်းထားတဲ့ စာလုံးတွေကလည်း အမြောက်အမြား မဟုတ်လား။

ဘကုန်းဘာ့ကြောင့်ဖောင်းပွသလဲ

ဘိုး၊ ဘွား၊ ဘီ၊ ဘင်၊ ဘိုးစဉ်ဘောင်ဆက်တွေကလည်း အသံထွက်အတိုင်းလိုက်ပေါင်းတာဆိုတော့ ရှင်းပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီး၊ ဘုန်းတံခိုးတို့မှာတော့ နည်းနည်း ပြဿနာရှိပါတယ်။ ရင်းမြစ်က ပုဏ်း၊ ပုဉ်း ကနေလာတယ်ဆိုတာ အထက်မှာ ပြောခဲ့ပါပြီ။ ပုန်းကနေ လာတယ်၊ ဖုန်းလို့အသံထွက်တယ်ဆိုရင် အဲဒီဖုန်းမှာတွင် ရပ်ဖို့ကောင်းပါရဲ့၊ ဘာလို့များ ဘုန်းအထိ ဘကုန်းနဲ့ပြောင်းရေးရတာပါလဲလို့ ဆရာကြီးဦးထွန်းတင့်ကို မေးကြည့်ပါတယ်။

ဆရာကြီးဦးထွန်းတင့်က “မြန်မာစာမှာ ဘကုန်းကို တော်တော်လေး နှုတ်တက်ခဲ့ကြတယ်။ ဘကုန်းကို တော်တော်ကြိုက်ကြတယ်။ ရှေးတုန်းကဆိုရင် အခုဖဦးထုပ်နဲ့ ရေးတာအားလုံးလောက်ကို ဘကုန်းနဲ့ရေးခဲ့တဲ့ကာလရှိခဲ့ဖူးတယ်” လို့ ထောက်ပြပါတယ်။

“စာဖတ်တာကို စာဘတ်တယ်၊ ဖိတ်ကြားတာကို ဘိတ်ကြားတယ်၊ ဖော်ပြတာကို ဘော်ပြတယ်၊ ဖွဲ့ဆိုတာကို ဘွဲ့ဆိုတယ်၊ ဝေဖန်တာကို ဝေဘန်တယ်၊ ဖမ်းဆီးတာကို ဘမ်းဆီးတယ်”လို့ ရေးခဲ့ဖူးကြောင်း ဆရာကြီးက ထောက်ပြပါတယ်။

ဘကြီးဘဘေက သူ့နာမည်ကို ဘကုန်းနဲ့ပေါင်းပါတယ်။ ဦးလတ်ရဲ့စပယ်ပင်ဝတ္ထုထဲမှာ ဘိလပ်ပြန်ဇာတ်ကောင်ကို မောင်သောင်းဘေဆိုပြီး ဘကုန်းနဲ့ပေါင်းပါတယ်။ မောင်သောင်းဘေက သူ့အဖေကို နှုတ်ဆက်တဲ့အခါ ဘေဘေမာပါရဲ့လားလို့ ရေးထားတာကို သတိပြုမိပါတယ်။

ဘကုန်း အသုံးတွင်ကျယ်တာနဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တခုရှိခဲ့ဖူးတာကို ဆရာကြီးဦးထွန်းတင့်က ပြောပါတယ်။

နန်းမတော်မယ်နု လှူဒါန်းခဲ့တဲ့ အုတ်ကျောင်း

Getty Images
နန်းမတော်မယ်နု လှူဒါန်းခဲ့တဲ့ အုတ်ကျောင်း

နန်းမတော်မယ်နုမုန်းတဲ့ဖဦးထုပ်

ကုန်းဘောင်ခေတ်မှာ မိဖုရားကြီး နန်းမတော်မယ်နု ဓားထက်ခဲ့စဉ်က မိဖုရားကြီးဟာ ဖဦးထုပ်ကို တော်တော်မုန်းခဲ့ပါလေရဲ့။ သူ့ဂုဏ်ထူးမိဖုရားကို ဖဦးထုပ်နဲ့ပေါင်းတာ တော်တော်မကြိုက်ဘူးဆိုပါလား။ ဖဦးထုပ်ဆိုတဲ့အက္ခရာဟာ နာမည်ကိုက ဦးထုပ်ဆိုတော့ သူများခေါင်းပေါ်တက်ဗိုလ်လုပ်ရမယ့် အက္ခရာဖြစ်သင့်ပေမယ့် သူနဲ့စာလုံးပေါင်းတဲ့စကားတွေထဲမှာ ဖာလိုဖင်လိုစကားတွေပါနေတော့ အက္ခရာချင်းအတူတူ ဖဦးထုပ်ဟာ ဂုဏ်ငယ်လေဟန် အကျည်းတန်တယ်ဆိုပြီး မိဖုရားကြီးက ရွံပါသတဲ့လေ။ အက္ခရာတလုံးကို အမျက်သိုပြီး ရှေ့သို့သံသရာ ဆက်တိုင်းပါအောင် လောင်စာရန်ငြိုး မီးဆက်ပြီးပျိုးလိုက်ပုံက ဖာနဲ့ဖင်ကလွဲရင် ကျန်တာအားလုံး ဘကုန်းနဲ့ရေးရမယ်လို့ အမိန့်ထုတ်လိုက်ပါရောလား။ မိဖုရားကိုလည်း မိဘုရားလို့ ရေးစေ နှုတ်မိန့်ပြန်တမ်းထုတ်လိုက်တော့ တချို့ပညာရှိတွေဟာ စိတ်မသက်မသာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဘုရားကိုရေးတဲ့ ဘုရားဆိုတဲ့စကားလုံးနဲ့ မိဘုရားကို ရေးတာ မသင့်ပါဘူးလို့ စောဒကတက်သူပညာရှင်တွေရှိခဲ့ပါတယ်။ ဒီတော့ နန်းမတော်မယ်နုက မြတ်စွာဘုရားကို မဟေသီလို့ ခေါ်သလို မိဖုရားခေါင်ကြီးကိုလည်း မဟေသီလို့ ခေါ်တယ်မဟုတ်လားလို့ မေးပါတယ်။ မှန်ပါတယ်။ မြတ်စွာဘုရားကို မဟေသီလို့ခေါ်ကြောင်း ရှေးစာအထောက်အထား အမြောက်အမြားရှိပါတယ်။ မဟေသီတောင် အတူတူခေါ်လို့ရရင် ဘုရားဆိုတဲ့ စကားကိုဘာလို့အတူတူသုံးလို့ မရရမလဲလို့ ပြောတဲ့အတွက် မိဖုရားဆိုတဲ့စကားဟာ ပဒေသရာဇ်အာဏာရှင်ရဲ့ဓားသွားအောက်ရောက်သွားပြီး မိဖုရားအစားမိဘုရားဖြစ်သွားခဲ့ပါတယ်။

မယ်နုသီးသန့်နု

နန်းမတော်မယ်နုဟာ နုဆိုတဲ့စကားလုံးကို သူ့နာမည်ကလွဲပြီး ကျန်တဲ့နေရာ မသုံးရဘူးလို့ အမိန့်ထုတ်တယ်ဆိုပြီးလည်း နာမည်ကြီးပါတယ်။ မန်ကျည်းရွက်တောင် နုတယ်လို့ မပြောရဲလို့ ထွတ်တယ်လို့ ပြောရတယ်လို့ ပြောစမှတ်ရှိပါတယ်။ ဆရာမကြီးလူထုဒေါ်အမာရေးတဲ့စာတပုဒ်ထဲမှာ မကျည်း မနုရတဲ့ခေတ်က လူရွှင်တော်ချင်း ပါဠိအတတ်ပြိုင်တဲ့သဘောနဲ့ ပြက်လုံးထုတ်တာကို ရေးခဲ့ဖူးပါတယ်။ ပထမလူရွှင်တော်က မာတာဆိုတဲ့ ပါဠိကို ဘယ်လို အနက်ပေးမလဲမေးတော့ ဒုတိယလူရွှင်တော်က မာတာ အမိပေးတယ်လို့ ဖြေပါတယ်။ ပထမလူရွှင်တော်က အမိပေးရင် ယူတယ်ကွာလို့ပြောတယ်။ ဒုတိယလူရွှင်တော်က ဒါဆိုရင် ဉာတကာဘာပေးမလဲလို့မေးပါရာမှာ ပထမလူရွှင်တော်က ဉာတကာ ဆွေမျိုးပေးတယ်လို့ ဖြေတော့ ဒုတိယလူရွှင်တော်က ဒါဆို မင့်ဆွေမျိုးတွေ အကုန်လုံးငါယူတယ်ကွာလို့ ဖြေပါတယ်။ ဒီတော့ ပထမလူရွှင်တော်က ဒါဆို မုနိဘာပေးမလဲလို့ မေးပါတယ်။ မုနိရသေ့ပေးတယ်ကွာ၊ မင်းကလိုချင်လို့လားလို့ ဒုတိယလူရွှင်တော်က ဖြေပါတယ်။ ပထမလူရွှင်တော်က မှားတယ်ကွာ၊ မုနိ၊ မိနုပေးတယ်၊ ငါ့ဖာသာယူတယ်ကွာလို့ ပြောပြီး ဇာတ်စင်ပေါ်က တခါတည်း ဆင်းပြေးတယ်လို့ ဆိုပါတယ်။

နုအစားထွတ်သုံးရမယ်လို့ အမိန့်ထုတ်လို့ ရဟန်းသံဃာတွေက ယဿာနုဘဝသောရက္ခာဒေဝအစား ယဿာထွတ်ဘဝသောရက္ခာဒေဝ လို့အရွဲ့တိုက်ရွတ်ဆိုခဲ့ဘူးတယ်လို့ ဆိုပါတယ်။

ကျေးဇူး၊ စျေးနဲ့ ဘုရားတို့ အကြောင်းတွေလည်း ဆက်ဆွေးနွေးပါဦးမယ်။

บทความก่อนหน้านี้ผ่าคดีฆ่าโหดนายกอบต. หนุ่มพัทลุงจ่อยิงหมดโม่ ตายสยอง!กลางงานศพ : สดจากสนามข่าว
บทความถัดไปพลพรรคนักปรุง เสิร์ฟ 4 เมนูอร่อย จะอร่อยขนาดไหน ต้องติดตาม