ပင်လုံ ပြည်ထောင်စုလား၊ စတုတ္ထ မြန်မာနိုင်ငံတော်လား

ပြည်ထောင်စုနေ့နဲ့ ပင်လုံစာချုပ် ဆိုတဲ့စကားလုံးတွေကို မြန်မာပြည်က စာသင်ကျောင်းတွေက သင်ရိုး ပြဋ္ဌာန်းစာတွေမှာ ပါလို့ သိသူမရှားပါဘူး။ ဒါပေမဲ့ ဒီစကားလုံးတွေနောက်က ဖြစ်စဉ်တွေနဲ့ အကြောင်းရင်းတွေ ရှုပ်ထွေးမှုကြောင့် ပြည်ထောင်စု ဆိုတဲ့ စကားကို နားလည်ပုံကလည်း ထွေပြားကွာခြားပါတယ်။

ပြည်ထောင်စုရဲ့ မူရင်းအဓိပ္ပာယ်က ပြည်ထောင်တွေကို စုစည်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုဗီယက်လို ပြည်ထောင်သီးခြား သမ္မတနိုင်ငံတွေကို စုတာမဟုတ်သလို အမေရိကန်လို ပြည်နယ်အဆင့် တွေကိုစုတာလည်း မဟုတ်ဘဲ လူမျိုးစု ပြည်နယ်တွေကို မြန်မာ ပြည်မနဲ့ စုစည်းတာဖြစ်ပြီး နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ်ဆိုပြီး ပြောင်းလဲသတ်မှတ်ပါတယ်။

မြေပုံနဲ့ နိုင်ငံ

တကယ်က မြန်မာနိုင်ငံလို့ လက်ရှိ မြေပုံအနေအထားအတိုင်း သတ်မှတ်နိုင်တာဟာ ဗြိတိသျှ သိမ်းပိုက်ပြီးနောက် မြေတိုင်းပညာရှင်တွေရောက်လာပြီး ကိုလိုနီအုပ်ချုပ်ရေးစနစ် အခြေခိုင်မှ ဖြစ်ပါတယ်။ မြန်မာရာဇဝင်တွေမှာ ပိုင်နက်နယ်မြေတွေကို တိုင်းကြီး ၁၆ တိုင်းစသဖြင့် ခွဲခြားအုပ်ချုပ်တာတွေ ရှိခဲ့ပေမယ့် နယ်နိမိတ်ရယ်လို့ ခုခေတ်လို တိတိကျကျ မရှိဘဲ ဘုရင်တပါးချင်းစီရဲ့ အာဏာစက်အလိုက် သြဇာသက်ရောက်မှု ကွာခြားပါတယ်။ နယ်စားပယ်စား ပဒေသရာဇ်တွေကလည်း အခွန်ဆက်တာနဲ့ စစ်သားစုပေးတာကလွဲရင် သူတို့ဘာသာ သီးခြားအုပ်ချုပ်တာ များပါတယ်။ နောက်ပြီး ယောနယ်စပ်က မြို့ရွာတွေမှာ ချင်းလူမျိုးတွေ လာတိုက်ပြီး လူဖမ်းမှာကို ကာကွယ်စောင့်ကြည့်နေရသလို တောင်ပေါ် လူမျိုးစုတွေကို မြေပြန့်ဘုရင်တွေက ချုပ်ကိုင်နိုင်မှုက အင်မတန်နည်းပါတယ်။

တခါ ဗြိတိသျှခေတ်မှာ သတ်မှတ်တဲ့ မြေပုံတွေမှာ အရင်က မြန်မာပိုင်တယ်လို့ သတ်မှတ်ခဲ့တဲ့ အာသံနဲ့ မဏိပူရလို နယ်တွေ၊ သံလွင်အရှေ့ခြမ်းက စော်ဘွားနယ်တွေဟာ တခြားနိုင်ငံတွေထဲ ရောက်သွားပြီး ကိုကိုးကျွန်းဟာလည်း ၁၈၈၂ ကျမှ ဗြိတိသျှအောက်မြန်မာပြည်ထဲ ရောက်ရှိလာပါတယ်။

burma

Getty Images
ဗြိတိသျှခေတ်က ကချင်အမျိုးသမီးဝတ်ဆင်ပုံ

ဒီမြေပုံနယ်နိမိတ်တွေကြောင့်ပဲ တဘက်တချက်မှာ နေနေကြတဲ့ မျိုးနွယ်စု တူသူတွေဟာ နိုင်ငံတွေ ကွဲပြားကုန်ပါတယ်။ ဒီမြေပုံကို ဗြိတိသျှခေတ် စာသင်ကျောင်းတွေမှာ မြန်မာပြည်မြေပုံအဖြစ် သင်ကြား ခဲ့ပေမယ့် ဒီနယ်နိမိတ်အတိုင်း နိုင်ငံကို စုစည်းမှု မရှိသေးပါဘူး။ တောင်တန်းဒေသတွေနဲ့ မြေပြန့်ကမ်းရိုးတန်းတွေ အုပ်ချုပ်ရေးလည်းမတူပါဘူး။ ဒါကြောင့် အဲဒီခေတ်က မြန်မာ စာပေနဲ့ ဇာတ်သဘင် ရုပ်ရှင်တွေမှာ တောင်ပေါ်လူမျိုးစုတွေကို လူရိုင်းလို သဘောထား သရုပ်ဖော်တာတွေ ရှိခဲ့ပါတယ်။ ချင်း ကချင် စတဲ့ ဒီမျိုးနွယ်တွေကြားက ကွာခြားမှုကိုလည်း သေချာသိရှိခဲ့ဟန်မတူဘဲ အရောရော အနှောနှော ခေါ်ဆိုခဲ့ပါတယ်။

burma

Getty Images
ဗြိတိသျှခေတ်မှာ အခိုင်အမာဖြစ်လာတဲ့ မြန်မာပြည်နယ်နိမိတ်

ဗြိတိသျှလက်အောက်မှာပဲ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ဆိုတဲ့ ဝေါဟာရသစ်တွေ ပေါ်လာခဲ့ပါတယ်။ စထွင်သူကတော့ မော်လမြိုင်က ကျောင်းဆရာကြီး ဦးဘသန်းဖြစ်ပါတယ်။ သူရေးတဲ့ ကျောင်းသုံးမြန်မာရာဇဝင်မှာ စတင်သုံးစွဲခဲ့ပြီး ပုဂံ၊ တောင်ငူနဲ့ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတွေကို ရည်ညွှန်းသုံးစွဲတာ ဖြစ်ပါတယ်။ ဗြိတိသျှဘက်ကရေးတဲ့ စာအုပ်တွေမှာ သူတို့သိမ်းပိုက် အုပ်ချုပ်တဲ့ အချိန်တွေကို ခေတ်ကောင်းလို့ သတ်မှတ်တာကို တန်ပြန်တဲ့သဘော ဦးဘသန်းက သူ့စာအုပ်မှာ မြန်မာနိုင်ငံတော်တွေ ခေါ်ဝေါ် သတ်မှတ်တာလို့လည်း သမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။

အဲဒီစာအုပ်အကျိုးဆက်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်တဲ့ နိုင်ငံသစ်ကို စတုတ္ထမြန်မာနိုင်ငံတော်လို့ ခေါ်ဆိုသူတွေ ရှိလာပြီး ပြည်ထောင်စု နိုင်ငံထူထောင်တာနဲ့ ဝိရောဓိဖြစ်ခဲ့ပါတယ်။ ၁၉၃ဝ မှာ တည်ထောင်တဲ့ တို့ဗမာအစည်းအရုံးကလည်း မြစ်ကြီးနားကနေ ရေးထားဝယ်အထိ နိုင်ငံသားတွေအားလုံးကို စည်းရုံးတယ် ဆိုပေမယ့် တောင်ပေါ်ဒေသတွေကို သေချာရောက်အောင် မစည်းရုံးနိုင်ခဲ့ပါဘူး။ နောက်ပြီး အဲဒီအချိန်မှာပဲ ရခိုင်နဲ့မွန်ဒေသတွေမှာ အမျိုးသားရေးလှုပ်ရှားမှုတွေ အစပျိုးလာသလို ကရင်နိုင်ငံရေးအဖွဲ့တွေလည်း အခိုင်အမာရှိနေပြီမို့ တို့ဗမာဝါဒနဲ့ ချဉ်းကပ်လို့ မရခဲ့ပါဘူး။

ပင်လုံမှာ တက်သုတ်ရိုက်

ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကစပြီး ရှမ်းနဲ့မြန်မာကျောင်းသားနိုင်ငံရေးသမားတွေအကြား ဆက်ဆံရေး ထူထောင်လာနိုင်ခဲ့ပေမယ့် ပဒေသရာဇ် စော်ဘွားအုပ်ချုပ်မှုက အားကြီးဆဲ ဖြစ်ပါတယ်။ စစ်ပြီးခေတ် ပြည်မ နိုင်ငံရေးမှာ လွတ်လပ်ရေးအရယူဖို့ တက်ကြွနေကြ သလောက် တောင်ပေါ်မှာတော့ နိုင်ငံရေးက အစပျိုးစပဲ ရှိပါသေးတယ်။ ဒါကြောင့် တောင်တန်းပြည်မ ပေါင်းစည်းရေးအတွက် ပင်လုံမှာ ဆွေးနွေးချိန် မှာ စော်ဘွားတွေ အင်တင်တင်ဖြစ်နေတာကို လူထုအစည်းအဝေးတွေလုပ်ပြီး ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။ လက်မှတ်ထိုးရာမှာလည်း နယ်စုံမဟုတ်ဘဲ ကချင်မှာ မြစ်ကြီးနား နဲ့ ဗန်းမော်၊ ချင်းတောင်မှာတော့ မြောက်ပိုင်းသုံးနယ်ကပဲ ကိုယ်စားလှယ်လွှတ်နိုင်တာပါ။ ပင်လုံစာချုပ်မှာလည်း ပြည်ထောင်စု တည်ဆောက်ဖို့ထက် ဘုရင်ခံအစိုးရထဲမှာ တောင်တန်းနယ် အတိုင်ပင်ခံ ဝန်ကြီးနဲ့ လက်ထောက်နှစ်ယောက် ခန့်ထားဖို့၊ နယ်ခြားဒေသတွေရဲ့ ရှိရင်းအုပ်ချုပ်ရေး လွတ်လပ်မှု၊ ဘဏ္ဍာရေးအကူအညီတွေကို မထိခိုက်ဖို့ပဲ အဓိက ပါဝင်ပြီး ကချင်ပြည်နယ်ဖွဲ့ရေး ဆွေးနွေးကြ ဖို့ပဲ ပါရှိပါတယ်။

ပြည်မနဲ့ အပြီးသတ်ပူးပေါင်းဖို့ ကိစ္စတွေဟာ နောက်ပိုင်းမှ ရီးစ်ဝီလျံကော်မရှင်ဆီမှာ ဒေသစုံက ကရင်၊ ကရင်နီ၊ ဝ၊ နာဂ၊ ကိုးကန့်စတဲ့ ကိုယ်စားလှယ်တွေ လာအစစ်ခံပြီး ညှိနှိုင်းရတာ ဖြစ်ပါတယ်။ တောင်တန်းနယ် တွေမှာ လူထုဆန္ဒခံပွဲလုပ်ပြီး ပြည်မနဲ့ ပူးပေါင်းလိုသလား မစုံစမ်းနိုင်ခဲ့တဲ့အတွက် ခေါင်းဆောင်တစု လက်သိပ်ထိုးသဘောတူမှုနဲ့ပဲ ပြည်ထောင်စု ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို မကျေနပ်လို့ ကန့်ကွက်သူတွေလည်း ရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ ကရင်သီးခြားပြည်နယ် ထူထောင်ရေး တောင်းဆိုတာ ရှိလာပြီး မွန်၊ကရင်နီနဲ့ပေါင်းပြီး နိုင်ငံထူထောင်ဖို့အထိ တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြီးသတ်ယူဖို့အတွက် လန်ဒန်ကို သခင်နုနဲ့ခေါင်းဆောင်တွေ သွားတဲ့အချိန်မှာတော့ တောင်တန်းဒေသ ခေါင်းဆောင်တချို့ကို ခေါ်သွားပေမယ့် နုအက်တလီစာချုပ်မှာတော့ လူမျိုးစုနယ်မြေတွေ ကိစ္စ အထူးတလည် မပါရှိပါဘူး။

လွတ်လပ်ရေးယူချိန်မှာတော့ ဖွဲ့စည်းပုံအရ ခွဲထွက်ခွင့်ရတဲ့ ရှမ်းနဲ့ကရင်နီ၊ ဝိသေသတိုင်းအဆင့်ပဲ ယူတဲ့ချင်းနဲ့ ပြည်နယ်ယူတဲ့ကချင်တို့ကလွဲပြီး ပြည်နယ်သေချာမရသေးတဲ့ ကရင်နဲ့ လုံးဝမရတဲ့ ရခိုင်နဲ့ မွန် တို့ရဲ့ ပုန်ကန်မှုတွေ ရှိလာသလို ရခိုင် မှာလည်း မူဂျာဟစ်လှုပ်ရှားမှု ဖြစ်ခဲ့ ပါတယ်။ မြန်မာနဲ့အလားတူ အင်ဒိုနီးရှားမှာလည်း လွတ်လပ်စကာလမှာ ဂျားဗားကျွန်းနဲ့ တခြားကျွန်းတွေကြား အာဏာပြိုင် တာတွေ၊ ခွဲထွက်ရေး လှုပ်ရှားတာတွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စုစစ်စစ်

မြန်မာဥပဒေပါရဂူတွေဆွဲတဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြည်ထောင်စုပုံစံပီပီပြင်ပြင်မဖြစ်ခဲ့ဘူးလို့ ဝေဖန်မှုတွေ နောက်ပိုင်းမှာ ရှိခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် ပြည်နယ်အစိုးရတွေမှာ အာဏာ လွတ်လပ်မှု ပင်လုံစာချုပ်မှာ ကတိပြုသလို မရှိခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်းထက်တော့ လုပ်ပိုင်ခွင့် ပိုရှိခဲ့ပါတယ်။ အဓိက ပြဿနာတက်ခဲ့တာကတော့ ချင်းနဲ့ကချင်အစိုးရတွေက ဝန်ကြီးခန့်ထားရေးမှာ ပြည်ထောင်စုအစိုးရဝန်ကြီးချုပ် ဦးနုဆန္ဒအတိုင်း သူတင်ချင်သူကို ဇွတ်ခန့်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပါတယ်။

အဲဒီခေတ်မှာ ပြည်နယ်အစိုးရတွေက ပညာသင်ဆုပေးတာတွေ ရှိခဲ့သလို ပြည်ထောင်စုယဉ်ကျေးမှုဌာန ထူထောင်တာ၊ ပြည်ထောင်စုပြပွဲတွေလုပ်တာနဲ့ တောင်တန်းဒေသ ဖွံ့ဖြိုးရေးတချို့ကို ရန်ကုန် အာဏာပိုင်တွေက ဆောင်ရွက်ခဲ့ကြပါတယ်။ စစ်ဘက် ကလည်း ယိမ်းနွဲ့ပါးလို စစ်ဆင်ရေးတွေနဲ့ နယ်စွန်ဒေသ မှာ အုပ်ချုပ်မှု အာဏာစက်ရောက်အောင် ကြိုးစားပါတယ်။ တာချီလိတ်လို မြို့မျိုးမှာ ၁၉၅ဝ ကျော်တဲ့အထိ လွတ်လပ်ရေးရတာကို မသိသူတွေ ရှိတယ်လို့ အဲဒီအချိန်က ရောက်ခဲ့တဲ့ မြန်မာတပ်အရာရှိ တွေက ရေးသားခဲ့ပါတယ်။

ဗုဒ္ဓသာသနာပြုရဟန်းတော်တွေကို တောင်ပေါ်မှာ သာသနာပြုဖို့ အစိုးရက စီစဉ်ခဲ့တာနဲ့ ပြည်နယ်တွေမှာ အစိုးရကျောင်းတွေ ဖွင့်တာ တွေကိုလည်း မြန်မာဇာတ်သွင်းမှုအဖြစ် ဝေဖန်ကြတာတွေ ရှိပါတယ်။ တဘက်ကလည်း လူမျိုးစုဝတ်စုံတွေ သတ်မှတ်ပြီး အစိုးရထုတ် ပထဝီဝင်စာအုပ်တွေနဲ့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ အဲဒီအချိန်က သတ်မှတ်ခဲ့တဲ့ ၂ဝ ရာစုခေတ်လယ်ပုံစံဝတ်စုံတွေကို ခုထိ ရိုးရာပုံစံ အဖြစ် အစိုးရအခမ်းအနားတွေမှာ ဝတ်ဆင်သုံးစွဲနေကြပါတယ်။

၁၉၆ဝ ဝန်းကျင်မှာတော့ မွန်နဲ့ရခိုင်ပြည်နယ်ရရှိရေးလှုပ်ရှားမှုအပြင် ဖက်ဒရယ်မူတောင်းဆိုတဲ့ လှုပ်ရှားမှုလည်း ရှမ်းပြည်နယ်ကစတင်ခဲ့ပြီး ချင်း၊ ကချင် စတဲ့ ပြည်နယ်တွေကပါ ပါလာခဲ့ပါတယ်။ ၁၉၄၇ က ပင်လုံမှာ လက်မှတ်ထိုးခဲ့သူတချို့လည်း ဒီလှုပ်ရှားမှုမှာ ပြန်ပါလာပြီး ဆမားဒူးဝါးလို လူတချို့ကတော့ မြန်မာအစိုးရဘက်က ရပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်ပါတယ်။ ရှမ်းမူမှာ ဗမာပြည်နယ် ဖွဲ့ဖို့နဲ့ လွှတ်တော်နှစ်ရပ်အာဏာတူဖို့၊ ပြည်ထောင်စု အစိုးရအာဏာတွေကို ပြည်နယ်တွေဆီ ပြန်ခွဲပေးဖို့ တောင်းဆိုပါတယ်။ တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ဖက်ဒရယ်ကိစ္စမအောင်မြင်ခဲ့ဘဲ လူမျိုးစု ခေါင်းဆောင်တွေ ဖမ်းဆီး ခံခဲ့ရပါတယ်။

တပ်ကဖွဲ့တဲ့ လမ်းစဉ်ပါတီအစိုးရက ပြည်ထောင်စုနေ့တွေ တခမ်းတနားကျင်းပတာ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံထောင်တာတွေ လုပ်ပေမယ့် စစ်ဆိုရှယ်လစ်အစိုးရ ဖြစ်တဲ့အတွက် အမြင့်ဆုံး အဆင့် နိုင်ငံတော်ကောင်စီမှာပါတဲ့ လူမျိုးစုခေါင်းဆောင်တွေမှာ အာဏာသေချာမရှိခဲ့ဘဲ ရုပ်သေးသဖွယ် ဖြစ်ခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုအဖြစ် နိုင်ငံကို ပြန်ဖွဲ့ခဲ့ပြီးနောက် ပြည်နယ်တွေရဲ့ အရေးပါမှု ဟာလည်း ပြည်မထဲက တိုင်းတွေနဲ့တန်းတူဖြစ်သွားပါတယ်။

တတိယဖွဲ့စည်းပုံ

၁၉၈၈ နောက်ပိုင်းမှာ လူမျိုးစု နိုင်ငံရေးပါတီတွေ ပြန်ပေါ်လာပေမယ့် စစ်အစိုးရရဲ့ အမျိုးသားညီလာခံလမ်းကြောင်းကသွားတဲ့ ဖွဲ့စည်းပုံသစ်နဲ့ နိုင်ငံပုံစံသစ်မှာတော့ တပြည်ထောင်ပုံစံ ဗဟိုအစိုးရက ချုပ်ကိုင်ထားဆဲလို့ ရှုမြင်ခံရပါတယ်။

၂ဝ၁ဝ နောက်ပိုင်း ပေါ်လာတဲ့ မြန်မာပြည်မှာ ပြည်နယ်အစိုးရတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေပေါ်လာပေမယ့် နေပြည်တော် အစိုးရက အာဏာပိုရယူထားတယ်လို့ လူမျိုးစု အတိုက်အခံတွေက ယူဆပါတယ်။

ပြည်တွင်းစစ် အနှစ် ၇ဝ ဖြစ်ခဲ့တဲ့အတွက်လည်း ပြည်နယ်တွေနဲ့ မြန်မာဒေသတွေအကြား တိုးတက်မှုနဲ့ စည်းလုံးမှုက ပိုပြီးကွာဟသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာပြီးနောက် ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ရှိလာပေမယ့် တပ်က အာဏာဆက်ယူနေတာတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ပြည်ထောင်စု စစ်စစ် ပေါ်လာဖို့ကိစ္စဟာ ၁၉၄၇၊ ၁၉၆၂ တို့တုန်းကလိုပဲ မျှော်တိုင်းဝေးနေသေးတယ်လို့ ယူဆခံနေရပါတယ်။

၁၉၄၇ က ပင်လုံမှာ ခေါင်းဆောင်တစု ယူခဲ့တဲ့ သဘောတူညီမှုတွေဟာ ဖုတ်ပူမီးတိုက် ဆွေးနွေးမှု၊ တောင်တန်းဒေသ နိုင်ငံရေးနောက်ကျမှု၊ မြေပြန့်မှာ လူမျိုးကြီးဝါဒ ကြီးစိုးမှုတွေနဲ့ ပြည်တွင်းစစ်ပြဿနာ၊ တပ်အာဏာကြီးစိုးလာတာတွေကြောင့် ပျောက်ပျက်ကုန်ပါတယ်။

ဒီအတွက် ပင်လုံစာချုပ်ကြီးက စက္ကူစုတ်ကြီးဖြစ်သွားပါပြီ ဆိုပြီး စာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံဦးခွန်ထီး မကွယ်လွန်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။

ဗြိတိသျှအောက် ကျရောက်ခဲ့တဲ့ မြန်မာပြည်မှာ လူမျိုးစုံကွဲပြားမှုကို စည်းရုံးပေါင်းစည်းနိုင်တဲ့ အင်အားစု မရှိခဲ့တာနဲ့ ဒုတိယကမ္ဘာစစ်အပြီး လက်နက်ကိုင်လှုပ်ရှားမှုတွေ ကြီးစိုးလာတာတွေကလည်း မြန်မာပြည်ထောင်စုကို မတည်ငြိမ်စေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

နိုင်ငံနာမည်ကို မြန်မာလို့မှည့်ထားတဲ့ အတွက် နိုင်ငံကို မြန်မာတွေပိုင်တယ်ယူဆပြီး နိုင်ငံစည်းလုံးမှုမှာ ထိခိုက်တယ်လို့ ယူဆတဲ့ ဒေါက်တာတိုးလှလို သမိုင်းပညာရှင်တွေလည်း ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံကို နာမည်သစ် ဘယ်လိုပြောင်းပြောင်း၊ လူမျိုးစုတွေကြားမှာရှိတဲ့ သံသယနဲ့ ကြောက်ရွံ့မှုတွေကို ချေဖျက်နိုင်မှ နိုင်ငံရေးမျှခြေတခုကို ရောက်ပြီး ပြည်ထောင်စုအသစ် ဖြစ်လာမယ်လို့ မှန်းဆသူတွေလည်း မရှားပါဘူး။

ဒီလို အခြေအနေကို ရောက်ဖို့အတွက် ပြည်မ နိုင်ငံရေးမှာ ဖြစ်နေတဲ့ အကျပ်အတည်းတွေကို ပြည်နယ်ဒေသတွေနဲ့အတူ ရပ်တည် ရင်ဆိုင်ဖြေရှင်းသွားရမယ်လို့ ဆိုရင်လည်း မမှားဘူးလို့ ဆိုနိုင်ပါတယ်။

บทความก่อนหน้านี้สลด! เก๋งพุ่งชนท้ายรถบรรทุกอ้อย พังยับเยินทั้งคัน หนุ่มคอหักดับคาซาก
บทความถัดไประทึกไล่ล่าเอเยนต์กลางเมือง! ยิงล้อยางแตก-วิ่งหนี เจอรวบ ผงะยาบ้า 5 พันเม็ด ปืนอื้อ