ရှမီမာ ဘေဂမ်- လန်ဒန်အရှေ့ပိုင်းကနေ ဆီးရီးယားကိုသွား IS အဖွဲ့နဲ့ ပူးပေါင်းခဲ့သူ

ရှမီမာ ဘေဂမ်

BBC
ယူကေက ထွက်သွားတုန်းက ၁၅ နှစ် အရွယ်ပဲ ရှိသေးသူ

အစ္စလာမ်မစ်နိုင်ငံ IS အဖွဲ့ထဲ ဝင်ဖို့ ၂ဝ၁၅တုန်းက လန်ဒန် အရှေ့ပိုင်းကနေ ထွက်ခွာပြီး ဆီးရီးယားထဲထိ သွားခဲ့တဲ့ ဆယ်ကျော်သက် ဗြိတိသျှ ကျောင်းသူ ၃ ယောက်ထဲက တစ်ယောက်ဟာ သူ့အနေနဲ့ နောင်တရတာမျိုး မဖြစ်ပေမယ့် အခု အိမ်ပြန်လာချင်တယ်လို့ ပြောပါတယ်။

တိုင်းမ်စ် မဂ္ဂဇင်း (the Times) နဲ့ အင်တာဗျူးထဲမှာ အခု အသက် ၁၉ နှစ် ရှိပြီဖြစ်တဲ့ ရှမီမာ ဘေဂမ်က အမှိုက်ပုံးတွေထဲ ထည့်ထားတဲ့ ခေါင်းပြတ်ကို မြင်ခဲ့ရပေမယ့် သူ့ အတွက် စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံထဲက ဒုက္ခသည် စခန်းတစ်ခုထဲမှာ လက်ရှိ ရောက်နေတဲ့ ရှမီမာ ဘေဂမ်ဟာ သူ့ဆီမှာ ကိုယ်ဝန် ၉ လ လွယ်ထားပြီး မွေးလာမယ့် ကလေးအတွက် အိမ်ပြန် လာလိုတယ်လို့ ပြောပါတယ်။

အရင်ကလည်း သူ ကလေး နှစ်ယောက် မွေးခဲ့ပေမယ့် ကလေးတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူနဲ့အတူ ယူကေက ထွက်ခွာခဲ့တဲ့ ကျောင်းနေဘက် သူငယ်ချင်း မိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်ဟာ ဗုံးကြဲခံရမှုတစ်ခုအတွင်း သေဆုံးခဲ့ပြီလို့လည်း ရှမီမာ ဘေဂမ်က ပြောပါတယ်။ ကျန်တစ်ယောက် အခု သေသလား ရှင်သလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

“IS တွေကြား နေခဲ့တာ ပုံမှန်ဘဝမျိုးပဲလို့ ဆိုသူ”

ဘက်သနယ်ဂရင်း အကယ်ဒမီ ကျောင်းသူတွေ ဖြစ်တဲ့ ၁၅ နှစ် အရွယ် ရှမီမာ ဘေဂမ်နဲ့ အမီယာ အဘာ့ဆီ၊ ၁၆ နှစ် အရွယ် ခါဒီဇာ ဆူလ်တာနာတို့ ၃ ဦးဟာ ၂ဝ၁၅ ဖေဖေါ်ဝါရီလမှာ ယူကေက ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

အပြင်ထွက်လည်မယ်လို့ မိဘတွေကို ပြောပြီး အိမ်ကထွက်လာခဲ့တဲ့ ကျောင်းသူ ၃ ယောက်ဟာ ဂက်ဝစ်ဆိုတဲ့ လေဆိပ်ကနေ တူရကီနိုင်ငံကို ထွက်သွားခဲ့ကြပါတယ်။ အဲဒီကနေ တဆင့် နယ်စပ်ဖြတ်ကျော်ပြီး ဆီးရီးယားထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။

ရှမီမာ ဘေဂမ်

BBC
သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ် ဆိုပြီး ဆီးရီးယားထဲထိ သွားခဲ့သူ

ဆီးရီးယားနိုင်ငံ၊ ရက်ကာမြို့ကို ရောက်တဲ့အခါ ရှမီမာ ဘေဂမ်ဟာ IS တိုက်ခိုက်ရေး သမားတွေရဲ့ ဇနီးမယားတွေ ဖြစ်လာဖို့ သူ့လိုပဲ နိုင်ငံရပ်ခြားက လာကြတဲ့ တခြား အမျိုးသမီးတွေနဲ့ တစ်အိမ်တည်း နေခဲ့ကြတယ်လို့ တိုင်းမ်စ် မဂ္ဂဇင်းကို သူက ပြောပါတယ်။

“အသက် ၂ဝ ကနေ ၂၅ နှစ်ကြား၊ အင်္ဂလိပ်စကား ပြောနိုင်တဲ့ တိုက်ခိုက်ရေးသမားနဲ့ လက်ထပ်လိုတယ် ဆိုပြီး ကျွန်မ လျှောက်ထားခဲ့တယ်” လို့ တိုင်းမ်စ်နဲ့ အင်တာဗျူးထဲမှာ ရှမီမာ ဘေဂမ်က ပြောခဲ့ပါတယ်။

နောက် ၁ဝ ရက် အကြာမှာတော့ အစ္စလာမ်ဘာသာထဲ ကူးပြောင်းထားတဲ့ ၂၇ နှစ် အရွယ် ဒတ်ချ်လူမျိုး တစ်ဦးနဲ့ သူလက်ထပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်ကစပြီး အဲဒီလူနဲ့ သူ အတူတူနေခဲ့တာမှာ လွန်ခဲ့တဲ့ နှစ်ပတ်ကတော့ IS တွေရဲ့ နောက်ဆုံး ခြေကုပ်နေရာ ဖြစ်တဲ့ ဆီးရီးယား အရှေ့ပိုင်း ဘာဂုဇ် ဆိုတဲ့ အရပ်ကနေ နှစ်ယောက် အတူ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ခင်ပွန်းဟာ IS တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား အုပ်စုတစ်ခုထံ လက်နက်ချခဲ့တယ်လို့ ဆိုပြီး၊ သူကတော့ အခု ဆီးရီးယားမြောက်ပိုင်း ဒုက္ခသည် စခန်း တစ်ခုထဲမှာ တခြား ဒုက္ခသည် သုံးသောင်းကိုးထောင်နဲ့အတူ ရှိနေပါတယ်။

IS အဖွဲ့ရဲ့ အဓိက မြို့ဖြစ်ခဲ့တဲ့ ရက်ကာမှာ နေတဲ့အချိန်တုန်းက ရှမီမာ ဘေဂမ် အနေနဲ့ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း တွေ့ခဲ့ရလား ဆိုပြီး တိုင်းမ်စ်မဂ္ဂဇင်း စာနယ်ဇင်းသမား အန်ထော်နီ လွိုက်က မေးတဲ့ အခါ မစ္စ ဘေဂမ်က “တွေ့ရပါတယ်။ ပုံမှန်ဘဝ အတိုင်းပါပဲ။ သူတို့ ဝါဒဖြန့် ဗီဒီယိုတွေထဲ ပြထားသလိုပဲ – ပုံမှန်ဘဝပါပဲ။” လို့ ပြောခဲ့ပါတယ်။

“ဗုံးတွေကွဲတာမျိုးလို ကိစ္စတွေ ရံဖန်ရံခါ ကြုံရတာမျိုးတော့ ရှိတာပေါ့။ အဲဒါမျိုးကလွဲပြီး …” လို့ ရှမီမာ ဘေဂမ်က ဆက်ပြောပါတယ်။

အမှိုက်ပုံးထဲ ထည့်ထားတဲ့ ခေါင်းပြတ်ကို သူစမြင်ဖူးတဲ့အခါ “တုန်တုန်လှုပ်လှုပ် ဖြစ်သွားတာမျိုး မရှိခဲ့ဘူး” လို့လည်း ရှမီမာ ဘေဂမ်က ဆိုပါတယ်။

“စစ်မြေပြင်မှာ ဖမ်းမိတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ရဲ့ ခေါင်းလေ … ၊ အစ္စလာမ့်ရဲ့ ရန်သူပေါ့” လို့ ရှမီမာ ဘေဂမ်က ပြောပါတယ်။

“ကျွန်မတွေးမိတာက တကယ်လို့ သူသာ အခွင့်သာမယ်ဆို မွတ်ဆလင် အမျိုးသမီး အပေါ် သူဘယ်လိုတွေ လုပ်မလဲ ဆိုတာပဲ ….” လို့ ရှမီမာ ဘေဂမ်က ဆက်ပြောပါတယ်။

“ကျွန်မက ဘက်သနယ်ဂရင်းကနေ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ထွက်ပြေးခဲ့တဲ့ ၁၅ နှစ် အရွယ် ရူးရူးမိုက်မိုက် ကောင်မလေး မဟုတ်တော့ဘူး” လို့ သူက မစ္စတာ လွိုက်ကို ပြောခဲ့ပါတယ်။

ဒါပေမယ့် “ဒီကိုလာခဲ့တာ နောက်တမရဘူး” လို့ ရှမီမာ ဘေဂမ်က ဆိုပါတယ်။

ရှမီမာ ဘေဂမ်ကို ယူကေကို ပြန်လာခွင့် ပြုလာနိုင်လား

ပြည်ထဲရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် ဒေါမနစ် ကပ်ရှီယားနီး

IS အဖွဲ့အပေါ် သေတဲ့အထိ သစ္စာခံမယ်ဆိုတဲ့ သဘောထားကို ရှမီမာ ဘေဂမ် ပြသခဲ့တုန်းက သူ့ အသက်အရွယ်ဟာ ဥပဒေအရ အသက်မပြည့်သေးတဲ့ ကလေးအရွယ် ဖြစ်ပါတယ်။ တကယ်လို့ အခုအချိန်ထိ သူသာ ၁၈ နှစ်အောက် ဖြစ်နေမယ်ဆိုရင် အစိုးရအနေနဲ့ ရှမီမာ ဘေဂမ်အရေး ဘယ်လို ပြုမူမလဲ ဆိုပြီး ဆုံးဖြတ်တဲ့ အခါ ရှမီမာ ဘေဂမ်ရော၊ သူလွယ်ထားကလေးတို့ အတွက် အကျိုးအရှိစေနိုင်ဆုံး ဘာဖြစ်မလဲ ဆိုတာကို ထည့်သွင်း စဉ်းစားရမယ့် တာဝန် ရှိပါတယ်။

ဒါပေမယ့် ၊ ရှမီမာ ဘေဂမ်ရဲ့ လက်ရှိ အသက်အရွယ်အရရော သူ ပြောခဲ့တာတွေ အရပါ သူဟာ သူလုပ်ခဲ့တာတွေ အပေါ် မှားယွင်းတယ်လို့ မယူဆတဲ့ အရွယ်ရောက်ပြီးသူ တစ်ဦး ဖြစ်နေတာ တွေ့ရပါတယ်။ ဒီတော့ မစ္စ ဘေဂမ်အနေနဲ့ အွန်လိုင်းကနေ သိမ်းသွင်းခံခဲ့ရသည် ဖြစ်စေ၊ ဆီးရီးယားထဲ လိင်ပိုင်း ကျူးလွန်စော်ကား ခံခဲ့ရသည် ဖြစ်စ သူ ဆုံးဖြတ်ခဲ့တာတွေ အတွက် သူ ပြန် တာဝန်ယူရမယ့် အနေအထားမျိုး ရှိနိုင်ပါတယ်။

ရှမီမာ ဘေဂမ်

BBC
တစ်ယောက်သေပြီလို့ ပြောပြီး၊ တစ်ယောက်ကိုတော့ ပြန်တွေ့ထား၊ နောက်တစ်ယောက်ရဲ့ ကြမ္မာ မသိရ။

ဂျီဟာ့ဒ် တိုက်ခိုက်ရေးသမားရဲ့ ဇနီးမယား တစ်ဦး ဖြစ်တဲ့ တာရီးနာ ရှပ်ကေးလ် ဆိုတဲ့ ဗြိတိသျှ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်အပျက်ကို ကြည့်ရင် အဲဒီ အမျိုးသမီးလည်း ကလေးငယ်နဲ့ အတူ စစ်ဇုံထဲကနေ ထွက်လာသူဖြစ်ပြီး၊ ဗြိတိန်ကို ပြန်လာတဲ့အခါ လုံခြုံရေးရဲ့ စစ်မေးချက်တွေကို လိမ်ညာ ဖြေဆိုခဲ့ပါတယ်။ အဲဒီ တာရီးနာ ရှပ်ကေးလ်ကို အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး အဖြစ် ထောင်ချ ခဲ့ပါတယ်။

မစ္စ ဘေဂမ် အနေနဲ့ ယူကေကနေ ထွက်သွားခဲ့တာဟာ အကြမ်းဖက် ဝါဒကို အားပေးအားမြှောက် လုပ်ဖို့၊ ထောက်ခံ ပံ့ပိုးဖို့ ဆိုရင် အဲဒီ အတွက် စွဲချက် တင်ခံရနိုင်ဖွယ် ရှိပါတယ်။

ဒီလို ပုဒ်မတပ် တရားစွဲမယ့် အဆင့်ကို ချက်ခြင်းရောက်မှာတော့ မဟုတ်ပါဘူး။

တကယ်လို့ သူသာ ယူကေရဲ့ လေဆိပ်ကို ပြန်ရောက်လာပြီဆိုရင် ယူကေ အာဏာပိုင်တွေက ချက်ခြင်း ဝင်ခွင့်ပြုမှာ မဟုတ်ဘူး ယာယီ တားဆီးမိန့် ထုတ်ပြန်ဖွယ် ရှိပါတယ်။

စုံစမ်းစစ်ဆေးမှုနဲ့ စောင့်ကြည့်မှုကို ခံယူမယ်၊ အစွန်းရောက် ဝါဒ သွပ်သွင်းခံရမှုကို အချေဖျက် ခံမယ်လို့ ဝန်ခံကတိပြုတဲ့ အခါမှ တိုင်းပြည်ထဲ အဝင်ခံမယ့် လုပ်ထုံးလုပ်နည်း ရှိပါတယ်။

ဒီနောက်မှာတော့ လူမှုဖူလုံရေး ဌာနက အာဏာပိုင်တွေက သူ့ရဲ့ ကလေးငယ်ကို အကြမ်းဖက် ဝါဒ သွပ်သွင်းခံရမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အလို့ငှာ မိခင်ထံကနေ ခွဲပြီး သီးခြား စောင့်ရှာက်မှု ပေးမလားဆိုတာ ဆန်းစစ်လာဖွယ် ရှိပါတယ်။

မစ္စဘေဂမ် ပြောခဲ့တဲ့ စကားတွေထဲ IS အဖွဲ့တွင်း ဖိနှိပ်မှုတွေဟာ တုန်လှုပ်ဖွယ် အထိ ဖြစ်လာခဲ့တယ် ဆိုတာမျိုး ပါဝင်ပါတယ်။ ဒါ့အပြင် ခါလီဖိတ် ဆိုတဲ့ ဝေါဟာရ သုံးနှုံးပြီး သူရည်ညွှန်းပြောဆိုခဲ့တဲ့ IS အဖွဲ့ဟာ အခု ဆုံးခန်းတိုင်ခဲ့ပြီလို့လည်း မစ္စဘေဂမ် ပြောခဲ့ပါတယ်။

“ကျွန်မမှာ မျှော်လင့်ချက် ကြီးကြီးမားမား ရှိမနေပါဘူး။ သူတို့ဟာ တဖြေးဖြေး အရွယ်အစား ငယ်ငယ်လာနေတယ်” လို့ မစ္စဘေဂမ်က ပြောရင်းမှာပဲ… “ဖိနှိပ်မှုတွေ၊ အကျင့်ပျက်မှု တွေလည်း အကြီးအကျယ် ရှိနေတဲ့အတွက် သူတို့ဟာ အောင်မြင်မှုနဲ့ ထိုက်တန်သူတွေလို့ ကျွန်မ မထင်ဘူး” ဆိုပြီးတော့လည်း ပြောခဲ့ပါတယ်။

IS တွေက လူတွေကို ညှင်းပမ်း နှိပ်စက်တဲ့ အကျဉ်းထောင်ထဲ သူ့ရဲ့ ယောက်ျားဖြစ်သူလည်း ချုပ်ခံခဲ့ရတယ်လို့ မစ္စဘေဂမ်ရဲ့ ပြောဆိုချက်ထဲ တွေ့ရပါတယ်။

သူနဲ့အတူ ယူကေက ထွက်ခွာခဲ့တဲ့ ခါဒီဇာ ဆူလ်တာနာ အကြောင်း ပြောတဲ့အခါမှာလည်း “လျှို့ဝှက်ကိစ္စတွေ ပြုလုပ်ကြတဲ့ အိမ်တစ်လုံး ဗုံးကြဲခံရစဉ် သေဆုံးခဲ့ပြီ” လို့ တိုင်းမ်စ်ကို ပြောခဲ့ပါတယ်။

ခါဒီဇာ ဆူလ်တာနာရဲ့ မိသားစုရှေ့နေကလည်း မစ္စ ဆူလ်တာနာဟာ ရုရှားတို့ရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ၂ဝ၁၆ တုန်းက ပြောဆိုထားပါတယ်။

မစ္စဘေဂမ်က ခါဒီဇာ ဆူလ်တာနာ အကြောင်း ပြောတဲ့အခါ “ဒီလိုမျိုး ကြုံလာရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဘူး။ တကယ်လို့ ကျွန်မတို့ အသတ်ခံရပြီဆိုရင်၊ အားလုံး အတူတူပဲ အသတ်ခံရလိမ့်မယ်လို့ အမြဲ ထင်ထားခဲ့တာ” ဆိုပြီး ပြောပါတယ်။

ရှမီမာ ဘေဂမ်

BBC
ရှမီမာ အိမ်ကပျောက်သွားတုန်းက အစ်မဖြစ်သူ ရီနူးက ရှမီမာရဲ့ ဓာတ်ပုံကို ကိုင်ထားတဲ့ပုံ။

“အခုလွယ်ထားတဲ့ ကလေး နာမကျန်းဖြစ်လာမှာ ကြောက်တယ်”

အရင်မွေးထားတဲ့ ကလေးနှစ်ယောက်လည်း မမျှော်လင့်ပဲ သေဆုံးခဲ့ရလို့ အင်မတန် တုန်လှုပ်ခဲ့ရတယ် ဆိုပြီး မစ္စဘေဂမ်က ဆိုပါတယ်။

ပထမ ကလေးဟာ မိန်းကလေးလို့ ဆိုပါတယ်။ တစ်နှစ်နဲ့ကိုးလသမီး အရွယ်မှာ လွန်ခဲ့တဲ့တစ်လက သေဆုံးခဲ့ပြီး ကလေးအလောင်းကို ဘာဂုဇ်မှာ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

သားဖြစ်တဲ့ ဒုတိယကလေးအရင်ဆုံးသွားတာလို့ မစ္စဘေဂမ်က ပြောပြီး ကလေး ၃လသားအရွယ် လွန်ခဲ့တဲ့ ၈လက ဆုံးခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ကလေးဖျားတဲ့အခါ အဟာရ မပြည့်ဝတဲ့ ပြဿနာက သေဆုံးတဲ့အထိ ဖြစ်ခဲ့စေတယ်လို့ တိုင်းမ်စ် မဂ္ဂဇင်းက ရေးပါတယ်။

အဲဒီသား နေမကောင်းဖြစ်တဲ့ အခါ ဆေးရုံကို ခေါ်သွားခဲ့တယ်လို့ မစ္စဘေဂမ်က ပြောပါတယ်။ ဒါပေမယ့် ဆေးရုံမှာ ဘာဆေးဝါးမှ ရှိမနေသလို၊ ပြုစုကုသပေးမယ့် သူတွေလည်း လုံလုံလောက်လောက် ရှိမနေဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေတွေ တွေ့ကြုံခဲ့ရလို့ အခု လွယ်ထားရတဲ့ ကိုယ်ဝန်အတွက် အလွန် စိုးရိမ် လာမိခဲ့တယ်လို့ မစ္စဘေဂမ်က ပြောပါတယ်။ ဘာဂုဇ်ကနေ ထွက်လာဖို့ ဆုံးဖြတ်ချက် ချခဲ့ရတဲ့ အကြောင်းတွေထဲ လွယ်ထားရတဲ့ အခု ကိုယ်ဝန်အတွက် စိုးရိမ်မိတဲ့ စိတ်ကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သူဟာ အားနည်းနေတဲ့ အတွက် စစ်မြေပြင်မှာ တွေ့ကြုံရမယ့် ခက်ခဲ ကြမ်းတမ်မှုတွေကို ခံနိုင်တော့မှာ မဟုတ်ဘူး၊ ဒါ့အပြင် မီးဖွားကာနီးလည်း ဖြစ်နေတဲ့ အတွက် သူသာ ဆက်နေနေရင် မွေးလာမယ့် ကလေးလည်း တခြားကလေးတွေလို သေသွားနိုင်တယ်လို့ မစ္စဘေဂမ်က ဆိုပါတယ်။

အခု ဒုက္ခသည်စခန်းမှာလည်း လွယ်ထားရတဲ့ ကလေးအတွက် စိုးရိမ်စိတ် ရှိနေဆဲ ဖြစ်ပြီး ဒုက္ခသည်စခန်းထဲ ကလေး ဖျားလာနာလာမှာကို ကြောက်နေတယ်လို့ သူကပြောပါတယ်။

“ဒါ့ကြောင့် ဗြိတိန်ကို အရမ်းကို ပြန်ချင်နေတာ … ။ အဲဒီမှာ ဆိုရင် အနည်းဆုံးတော့ ကျန်းမာရေးပိုင်း စောင့်ရှောက်မှု ရနိုင်တယ်ဆိုတာ ကျွန်မသိတယ်” လို့ မစ္စဘေဂမ်က ဆိုပါတယ်။

သူလွယ်ထားတဲ့ ကိုယ်ဝန်ဟာ နေ့စေ့လစေ့ ဖြစ်နေပြီး အချိန်မရွေး မီးဖွားတော့မယ့် အနေအထားမျိုး ရှိနေတယ်လို့ ဆိုပါတယ်။

“အိမ်ပြန်လာနိုင်ပြီး ကလေးနဲ့ပဲ တိတ်တဆိတ် နေသွားနိုင်ဖို့ ဆိုရင် လိုအပ်တာမှန်သမျှ လုပ်မယ်” လို့ မစ္စဘေဂမ်က ဆိုပါတယ်။

ရှမီမာ ဘေဂမ်

BBC
ကလေးအတွက် အိမ်ပြန်ချင်တယ် ဆိုပေမယ့် နောင်တရကြောင်း မပြောသူ

ဘက်သနယ်ဂရင်းမှာ ရှိတဲ့ မစ္စဘေဂမ်ရဲ့ မိသားစုက မစ္စဘေဂမ် ထွက်ပြေးသွား အပြီး တာ့စ်နီမီ အာကွန်ဂျီ ဆိုသူကို ရှေ့နေအဖြစ် ငှားရမ်းထားပါတယ်။

အခုလို မစ္စဘေဂမ်နဲ့ တွေ့ဆုံ မေးမြန်းခန်း ထွက်ပေါ်လာတဲ့ အခါဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သေချာနားလည်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ ဘက်သနယ်ဂရင်းမိသားစုက သူ့ကို ပြောကြောင်း ရှေ့နေ တာ့စ်နီမီ အာကွန်ဂျီ က ဆိုပါတယ်။

မစ္စဘေဂမ်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေအရ လိုက်နာရမှာတွေ ရှိတဲ့ အတွက် သူ့အနေနဲ့ မှတ်ချက်တစုံတရာ မပေးနိုင်ဘူးလို့ လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဘင်ဝေါလေ့စ်က ပြောပါတယ်။

ဒါပေမယ့် ဘယ် ဗြိတိန် နိုင်ငံသားမဆို ဆီးရီးယားကို ထွက်သွားခဲ့ပြီး အကြမ်းဖက် လုပ်ရပ်တွေထဲ ပါဝင်ခဲ့သည်ဖြစ်စေ၊ အားပေး ထောက်ခံခဲသည် ဖြစ်စေ တိုင်းပြည်ကို ပြန်ဝင်လာမယ် ဆိုရင် စစ်ဆေး မေးမြန်း ခံရမယ်၊ စုံစမ်းခံရမယ်၊ တရားစွဲအပြစ်ပေးတာလည်း ခံလာရနိုင်ဖွယ် ရှိတယ် ဆိုပြီး ဝန်ကြီး ဝေါလေ့စ်က ပြောပါတယ်။

ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို အကူအညီပေးတဲ့ ရုံးမျိုး ဗြိတိန်အနေနဲ့ ဆီးရီးယားထဲ ဖွင့်ထားတာ မရှိတာကြောင့် တကယ်လို့ အကူအညီ လိုချင်တယ်ဆိုရင် ဒေသတွင်း ရုံးဖွင့်ထားတဲ့ နေရာကို ရှာဖွေသင့်တယ်လို့လည်း မစ္စတာ ဝေါလေ့စ်က ဆိုပါတယ်။

မစ္စဘေဂမ်လို လူမျိုးတွေကို အစိုးရက ယူကေကို အလျင်အမြန် ပြန်ခေါ်တာမျိုး လုပ်လာနိုင်လားလို့ မေးမြန်းတဲ့ အခါမှာတော့ မစ္စတာ ဝေါလေ့စ်က … “ဗြိတိန်နိုင်ငံသားတွေ အသက်ဘေးရောက်အောင် ကျနော့်အနေနဲ့ အစစအရာရာ ပျက်သုဉ်းနေတဲ့ နိုင်ငံကို သွားပြီး အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်သမား ဖြစ်ခဲ့ဖူးသူကို ရှာဖွေမှာ မဟုတ်ဘူး” လို့ တုံ့ပြန်ပါတယ်။

ဆီးရီးယားမှာ ရောက်နေတဲ့ ဗြိတိန်နိုင်ငံသားက မွေးလာမယ့် ကလေးအတွက် သူ့မှာ တာဝန်ရှိ နေချိန်မှာပဲ တစ်ဘက်မှာလည်း ယူကေ နိုင်ငံသားတွေ အားလုံး အတွက်လည်း သူ့မှာ တာဝန် ရှိတယ်လို့ ဝန်ကြီး ဘေဂမ်က ဆိုပါတယ်။ ဒါ့ကြောင့် အားလုံးကို ဘက်မျှအောင် စဉ်းစားပြီး လိုအပ်တာတွေ လုပ်သွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

บทความก่อนหน้านี้ဖိလစ်ပိုင်ရဲကို တိုဟူးခွက်နဲ့ပေါက်လို့ တရုတ်ကျောင်းသူကို ဖမ်း
บทความถัดไปเหงาวันวาเลนไทน์! หนุ่มทำใจไม่ได้เลิกเมีย นั่งทับโฉนดเอาปืนจ่อขมับลั่นไก(คลิป)