Line Walker 2 ရုပ်ရှင်အတွက် ဝတ်စား ဆင်ယင်မှု ဆိုင်ရာ မြန်မာ ဒီဇိုင်နာ မသွင်စုထွေး

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ လာရောက်ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင် ဇာတ်ကားမှာ ဝတ်စား ဆင်ယင်မှု ဆိုင်ရာ ဒီဇိုင်နာ အဖြစ် မြန်မာ ဒီဇိုင်နာ မသွင်စုထွေး ပါဝင်ခွင့် ရခဲ့ပါတယ်။

ဟောင်ကောင် အခြေစိုက် ရှောဘရားသား ရုပ်ရှင် ထုတ်လုပ်ရေးက မြန်မာ နိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ ဇာတ်ကားမှာ မြန်မာနိုင်ငံမှာ ရိုက်ကူးတဲ့ အခန်းတွေ၊ လူတွေ အားလုံး အတွက် အဝတ်အစား ပြင်ဆင်မှုတွေ အားလုံးကို မသွင်စုထွေးက တာဝန်ယူ ပြင်ဆင် ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားမှာ မြန်မာ နိုင်ငံက အခန်းတွေ အတွက် အဝတ်အစား ဒီဇိုင်နာ အနေနဲ့ ပါဝင်ခွင့်ရသူက မြန်မာထဲမှာ မသွင်စုထွေး တစ်ယောက်သာ ရှိပြီး ဇာတ်ဝင်ခန်းတွေ အတွက် ဝတ်စုံပေါင်း ၅ဝဝ နီးပါးကို ပြင်ဆင်ပေးခဲ့ရတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

သူက အီတလီ နိုင်ငံမှာ ၁၉၉၈ ကနေ ၂၀၀၂ အထိ ဖက်ရှင် ဒီဇိုင်းပညာ ၄ နှစ်ကြာ သင်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်လာပြီး MTV တွေမှာရော ဖက်ရှင်ရှိုးတွေနဲ့ ကြော်ငြာတွေမှာ ဒီဇိုင်း ဖန်တီးပေးနေတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ် ပါတယ်။

ဒီလို ပြည်ပ ရုပ်ရှင်ကားကြီး တစ်ခုမှာ တာဝန်ယူရတာ အခွင့်လမ်းကောင်း တစ်ခုပါလို့ မသွင်စုထွေးက ပြောပါတယ်။

ဟောလီးဝုဒ်ကမွေးတဲ့ မြန်မာရုပ်ရှင်

မြန်မာနဲ့ ရုပ်ရှင်

ဘယ်လို ပါဝင်ခွင့် ရတာလဲ

ပါဝင်ခွင့်ရတာ မမျှော်လင့်ဘဲ ရတဲ့ အခွင့်အရေး လို့ ဒီဇိုင်နာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဟောင်ကောင် ဘက်က ရုပ်ရှင် ထုတ်လုပ်ရေးဆိုင်ရာ တာဝန်ခံတွေက မြန်မာနိုင်ငံဘက်က Synthesis Production က တဆင့် ဆက်သွယ်လာတာလို့ မသွင်စုထွေးက ပြောပါတယ်။

သူတို့ ဘက်က ထုတ်လုပ်ရေး တာဝန်ခံ နဲ့ ပထမဆုံး တွေ့ဆုံ စကား ပြောခဲ့တုန်းက ရုပ်ရှင်ကား တစ်ကား ရိုက်ဖို့ ရှိတယ် ဆိုတာသာ သိရပြီး အသေးစိတ် မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာက စကားပြောပြီး နောက်မှာ လုပ်ငန်း အတွေ့အကြုံနဲ့ ပညာရေး ဆိုင်ရာ တွေပါတဲ့ ကိုယ်ရေး အကျဉ်းကို တင်ပြခိုင်းခဲ့ပါတယ်။

တခြား ဒီဇိုင်နာ တစ်ယောက် နှစ်ယောက်ကိုလည်း အလားတူ တောင်းတာသိရတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ မသွင်စုထွေး တစ်ယောက်ကိုသာ ရွေးခဲ့ပါတယ်။

ရုပ်ရှင် မရိုက်ခင် ၅ ရက်လောက်အလို မှာ ဒုတိယ အကြိမ် ထပ်တွေ့ပြီး နောက်တစ်နေ့ မှာပဲ ဟောင်ကောင်က ဒီဇိုင်နာနဲ့ တွေ့ရပြီး လုပ်ရမယ့် လုပ်ငန်းတွေကို နှစ်ဘက် အပြန်အလှန် ပြောဆိုပြီး အလုပ်အတွက် ငှားရမ်းကြောင်း အတည်ပြုခဲ့တယ်လို့ မသွင်စုထွေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရိုက်တဲ့ အတွက် မြန်မာ့ ဓလေ့ အသွင် အပြင်တွေ မပျောက်ပျက်အောင် ထည့်သွင်း ချင်လို့ မြန်မာ ဒီဇိုင်နာကို ငှားတာလို့ ပြောကြောင်း မသွင်စုထွေးက ပြောပါတယ်။

အာရှသားတွေ နေရာရ ခဲ့တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲ

ရိုးရိုးဒီဇိုင်နာနဲ့ ရုပ်ရှင်ဒီဇိုင်နာ ဘာကွာလဲ

ဒီဇိုင်နာက ဝတ်စား ဆင်ယင်မယ့် အဝတ်အစားတွေကို ကိုယ်ပိုင် စိတ်ကူးနဲ့ တီထွင် ဖန်တီး ထုတ်လုပ် ပေးရတာ ဖြစ်ပြီး ရုပ်ရှင်အတွက် ဒီဇိုင်နာ ကတော့ ပါဝင်မယ့် ဇာတ်ဝင်ခန်း အတွက် ဒါရိုက်တာက ချမှတ်ပေးလိုက်တဲ့ စည်းဘောင်အတွင်း သဘာဝ ကျကျ ပီပီပြင်ပြင် ရုပ်လုံးပေါ်နိုင်စေဖို့ ခြေဆုံး ခေါင်းဆုံး စီစဉ်ပေးရတာ ဖြစ်ပါတယ်။

ဒီဇိုင်နာကိုယ်တိုင် ဖန်တီး တီထွင် ချုပ်လုပ်ဖို့ ထက် စီစဉ်ပေးဖို့က အဓိက ဖြစ်တယ်လို့ မသွင်စုထွေးက ပြောပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဘာတွေ စီစဉ်ပေးရလဲ

အင်္ကျီ အဝတ်အစားကို ဒီဇိုင်းသစ် တီထွင် ဖန်တီးပေးရတာ မရှိဘဲ စီစဉ်ပေးရတဲ့ တာဝန်ကို လုပ်ပေးရပါတယ်။

ရန်ကုန် သာကေတ ဘက်မှာ ရှိတဲ့ တိုင်းရင်းသား ရွာမှာ ရိုက်ကူးတဲ့ ဖိလစ်ပိုင် နိုင်ငံက မိဘမဲ့ ကလေးတွေ ပုံစံ ဇာတ်ဝင်ခန်း၊ SWAT အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ ဝင်တွေအဖြစ် ဝတ်ရတဲ့ ယူနီဖောင်းနဲ့ အဝတ်အစားတွေ အပြင် လမ်းပေါ်မှာ ပုံမှန် လမ်းသွားလမ်းလာ တွေနဲ့ စျေးသည်တွေ ပါတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ပြင်ဆင်ပေးရတာလို့ မသွင်စုထွေးက ပြောပါတယ်။

SWAT အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ တွေရဲ့ အဝတ်အစားတွေကို စီစဉ်ပေးရာမှာ ပြည်ထဲရေး ဝန်ကြီး ဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ပြင်ဆင်ပေးရတယ်လို့ ဆိုပါတယ်။

စျေးရောင်းတဲ့သူ ဆိုရင် တောက်ပြောင်တဲ့ အဝတ်အစားမျိုး မဝတ်ရဘဲ သနပ်ခါး ပါးကွက်လေးလိမ်းထားတာမျိုးက အစ အသေးစိတ် ပြင်ဆင်ပေးရပါတယ်။

ရန်ကုန်က ဘယ်နေရာတွေမှာ ရိုက်ခဲ့လဲ

ဖိလစ်ပိုင်က မိဘမဲ့ ကလေးတွေပါတဲ့ အခန်းကို ရန်ကုန် သာကေတဘက်က တိုင်းရင်းသားရွာမှာ ရိုက်ကူးခဲ့ပါတယ်။

ရွှေတိဂုံဘုရားမှာ ညဘက် အခန်းနဲ့ မနက်ပိုင်း ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့တဲ့ အပြင် ဝိုင်အမ်စီအေမှာ နှစ်ရက်နဲ့ ဘားလမ်း၊ ဆူးလေ တို့မှာ ရိုက်ကူးခဲ့ကြပါတယ်။

၂၆ ရက်နေ့ ညပိုင်းမှာ ရန်ကုန်လေဆိပ်က လေယာဉ်တွေ ထားတဲ့ ရုံမှာ ရဟတ်ယာဉ်ရဲ့ လေယာဉ်မှူး အခန်းက အနီးကပ် ရိုက်ချက် တချို့ကို သွားရောက်ရိုက်ကူးခဲ့ပါတယ်။

စိတ်ကျေနပ်မှုနဲ့ အခက်အခဲ

နာမည်ကျော် နိုင်ငံခြားရုပ်ရှင်ကားကြီးမှာ ကိုယ့်ရဲ့ အနုပညာနဲ့ တစိတ်တဒေသ ပါဝင်ခွင့်ရတဲ့ အတွက် မြန်မာတွေရဲ့ နေထိုင် ဝတ်စားပုံကို ကမ္ဘာက သိသွားစေနိုင်တဲ့ အတွက် ဒီဇိုင်နာ တစ်ယောက် အနေနဲ့ရော မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ပါ ဂုဏ်ယူ ဝန်းသာမိတယ်လို့ မသွင်စုထွေးက ပြောပါတယ်။

အဓိက အခက်အခဲကတော့ ရုပ်ရှင် မရိုက်ခင် ၅ ရက် အလိုကျမှ ရိုက်ကူးမယ့် အစီအစဉ်တွေကို သိရတာ ဖြစ်လို့ လိုအပ်တဲ့ အဝတ်အစားနဲ့ ပစ္စည်းတွေ ကို အပြေးအလွှား ဝယ်ရ စီစဉ်ရတဲ့ အတွက် အတော် ပင်ပန်းတယ်လို့ ဆိုပါတယ်။

အားကျ အတုယူစရာ

အဓိက အားကျစရာကောင်းတာက စနစ်တကျ စီစဉ်ထားမှုနဲ့ အဖွဲ့သားတွေ ပူးပေ့င်း ဆောင်ရွက်မှုပဲလို့ မသွင်စုထွေးက ပြောပါတယ်။

သူ့လက်ထဲကို ပထမဆုံး ဇာတ်ညွှန်း နဲ့ အစီအစဉ် ရောက်လာတော့ အံ့သြ အထင်ကြီးမိသွားပြီး ရိုက်ကွင်း အစီအစဉ် တွေကို အသေးစိတ် စနစ်တကျ ဘယ်နေရာမှာ ဘယ်လို လုပ်မယ် ဆိုတာတိတိကျကျ စီစဉ်ထားတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

စုပေါင်းလုပ်ဆောင်မှု အားကောင်းတဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် အားလုံး က အချင်းချင်း ကူညီတယ်၊ သူ့တာဝန်သူ ကျေကြတယ်၊ ကြိုးတွေဆွဲ ပစ္စည်းသိမ်းတဲ့ အလုပ်မျိုးမှာ ဒုတိယ မင်းသား ကိုယ်တိုင် မီးထိုး ဝိုင်းကူသူတွေနဲ့ တန်းတူ ဝိုင်းကူတာကို မသွံင်စုထွေးက လေးစားမိတယ်လို့ ပြောပါတယ်။

ရုပ်ရှင်ထဲမှာ ဝတ်တဲ့ အဝတ်အစား တွေ အားလုံးကို ပုံးတွေနဲ့ ပြန်အပ်တဲ့ နေရာမှာလည်း စံနစ်တကျ စည်းကမ်း တကျ ပြန်အပ်ရတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်မှာပါတဲ့ သိရသမျှ မြန်မာ သရုပ်ဆောင်တွေ

အကယ်ဒမီ မြင့်မြင့်ခိုင်၊ မင်းသား မင်းရာဇာ၊ အောင်မြင့်မြတ်၊ စိုင်းစည်တွမ်ခမ်း၊ လင်းအောင်ချစ်နဲ့ ဦးအောင်မိုး အပါအဝင် မြန်မာသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ ဝင်တွေ အဖြစ် ကတော့ တက်သစ်စ မော်ဒယ်လေးတွေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကို စပိန်နိုင်ငံကို သွားရောက် ရိုက်ကူးဖို့ ရှိပြီး အဲဒီမှာ ဇာတ်လမ်း ဆုံးမယ်လို့ မသွင်စုထွေးက ပြောပါတယ်။

บทความก่อนหน้านี้ข่าวข้นคนเข้ม : ยุบหรือไม่ยุบพรรคไทยรักษาชาติ
บทความถัดไปอภินิหาร‘คบซ้อน’ชั้นเซียน-ซ่อนสาม : ข่าวทะลุคน