မောင်ထင်ကား သေလေပြီ၊ သက်တော်ရာကျော် ရှည်ပါစေ

burma

BBC
ပြန်ကြားရေး ညွှန်ကြားရေးဝန် ဖြစ်ခဲ့တဲ့ စာရေးဆရာ

ကိုဒေါင်းကား သေလေပြီ၊ ကိုဒေါင်း သက်တော်ရာကျော် ရှည်ပါစေသတည်း ဆိုတဲ့ အရေးအသားတွေနဲ့ သရော်စာ တခေတ် ထူထောင်ခဲ့တဲ့ စာရေးဆရာကြီး မောင်ထင်ဟာ မတ်လ ၂ဝ ရက်မှာ အသက် ၁၁ဝ ပြည်ခဲ့ပါပြီ။

၂ဝဝ၆ ခုနှစ် အသက် ၉၇ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ မောင်ထင် ခေါ် ဦးထင်းဖတ်ဟာ ဝတ္ထုကဗျာတွေနဲ့ ဆောင်းပါးတွေ ရေးသားခဲ့ပြီး ဂါလီဗာ၏ခရီးစဉ် နဲ့ အမျိုးသားစာပေ ဘာသာပြန်စာပေဆုလည်း ရခဲ့ပါတယ်။

သူ့ရဲ့ အထင်ရှားဆုံး လက်ရာက ငဘ ဝတ္ထုဖြစ်ပါတယ်။

လယ်သမားဘဝကို သရုပ်ဖော်တဲ့ ဝတ္ထုတွေထဲမှာ အစောဆုံးထဲက တပုဒ် ဖြစ်တဲ့ ငဘရဲ့ ထင်ရှားမှုကတော့ တချိန်က လယ်သမားတွေကို ငဘကြီးတွေလို့ ခေါ်ဆိုခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပြီး ရာဇဝင်ကို ချွေးနဲ့ရေးရမည်ဆိုတော့ ငန်ငြိငြိ နေတာပေါ့ ဆိုတဲ့ ဝတ္ထုထဲက စကားကလည်း လူပြောများခဲ့ပါတယ်။

သရော်စာဆရာ

တကယ်တော့ ဆရာမောင်ထင်ဟာ သရော်စာကို မစ္စတာမောင်မှိုင်းရဲ့ ဋီကာဆောင်းပါးတွေကနေ အရသာခံတတ်လာသူ ဖြစ်ပါတယ်။

သူ့ဖခင် ဦးတရောင်ဟာ တရုတ်ဖြစ်ပေမယ့် သူရိယသတင်းစာက မစ္စတာမောင်မှိုင်းရဲ့ ဆောင်းပါးတွေကို နှစ်သက်ပြီး သားဖြစ်သူကို နှုတ်တက်ကျက်စေပါတယ်။

တရုတ်ပြည် ကန်တုံပြည်နယ် စန်းရရွာမှာ ဆွေမျိုးတွေ ရှိတဲ့ အယ်လ်ထင်းဖတ်ခေါ် မောင်ထင်ဟာ ဂျပန်တော်လှန်ရေးမှာ ညီ သခင်ထင်းဝိန်နဲ့ ဦးလေးတယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။

သူကိုယ်တိုင် တရုတ်စာ မရေးတတ်မဖတ်တတ်တဲ့ မောင်ထင်ဟာ မြန်မာ ဂန္ထဝင် စာပေတွေကို ငယ်ကတည်းက လေ့လာခဲ့သလို တက္ကသိုလ်မှာလည်း အနာတိုဖရန့်၊ ဗော်လတိုင်းယား စတဲ့ ပြင်သစ် စာရေးဆရာကြီးတွေရဲ့ သရော်စာတွေကို ဖတ်ရှုခဲ့ပါတယ်။

မောင်ထင်ရဲ့ အရေးအသားဟာ သခင်ဘသောင်းရဲ့ သရော်စာအရေးအသားလိုပဲ ပြောင်မြောက်ပြီး မြန်မာစာပေမှာ ထင်ရှားပါတယ်။

နောက်ပြီး ညိုမြနဲ့ မောင်ထင်တို့ဟာ နိုင်ငံရေးသမားတွေကို ဟာသထုတ်တဲ့ စာရေးဆရာတွေဖြစ်ကြပါတယ်။

ဒါကြောင့် ငဘ ဝတ္ထုထဲမှာ သခင်ဖြိုးတုပ်ဆိုတဲ့ သခင်ဆိုးတယောက်ရဲ့ အမူအကျင့်တွေကို ထည့်သွင်းရေးခဲ့ပါတယ်။

မြို့အုပ်မင်းဆို ဘုံရုံကဗျာများ ကတော့ ကိုလိုနီအုပ်ချုပ်ရေးရဲ့ ကမောက်ကမတွေကို သရော်ထားတဲ့ မောင်ထင်ရဲ့ အစောပိုင်း လက်ရာ ဖြစ်ပါတယ်။

မြို့အုပ်ပုံပြင်များ ထဲက ရွေးကောက်ပွဲဒဏ္ဍာရီ ကတော့ နယ်က သူကြီးရွေးကောက်ပွဲတွေမှာ ကလီကမာလုပ်ကြတဲ့အကြောင်းတွေ ဖြစ်ပါတယ်။

burma

BBC
ကိုဒေါင်းရဲ့ ဣစ္ဆိတံမြမြ

ရွေးမြစ်ပေါ်က သရုပ်ဆောင်

ငဘအပြင် မောင်ထင်ရဲ့ လက်ရာတွေထဲက လူသိများတာကတော့ ကိုဒေါင်းဝတ္ထုတိုများ ဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်က ရွာကာလသားခေါင်းတယောက်ရဲ့ အရွှန်းအဖောက် ဇာတ်လမ်းတွေကို စာပေမြောက်အောင် ဖွဲ့ခဲ့တဲ့ လက်ရာတွေ ဖြစ်ပါတယ်။

ကိုဒေါင်းခေါ် ဦးဖိုးဒေါင်းဟာ အပြင်မှာ တကယ်ရှိသူဖြစ်ပြီး လူသေပေမယ့် စာထဲမှာ ကိုဒေါင်း ထာဝရ ရှိနေအောင် မောင်ထင်က အသက်သွင်းပေးထားခဲ့ပါတယ်။

ဒီဝတ္ထုတွေထဲမှာလည်း အမျိုးသား အမျိုးသမီး ချစ်ရေးကြိုက်ရေး ဖိုမစိတ်သဘာဝကို ပေါ်လွင်အောင် ဖွဲ့ခဲ့ပါတယ်။

ဒီလိုဖွဲ့နွဲ့မှုတွေကလည်း မိုပါဆွန်း စတဲ့ ပြင်သစ်ဝတ္ထုဆရာတွေရဲ့ လိင်နဲ့ အချစ်ကို ဖော်ပြတဲ့ စာပေတွေရဲ့ အရိပ်ထင်ချက် ဖြစ်ပြီး စစ်ပြီးခေတ်မှာ မောင်ထင်က မိုပါဆွန်း ဝတ္ထုတိုတွေကို ပြန်ဆိုခဲ့ပါတယ်။

ဝတ္ထုထဲက ဇာတ်ကောင် ဦးဖိုးဒေါင်းကတော့ ၁၉၉ဝ ကျော်မှ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမောင်ထင်ဟာ အိမ်မှာ အဝတ်လျှော်တဲ့ ဟိန္ဒူအမျိုးသမီး ဒေါ်နုအကြောင်းကို ကလျာ ဆိုပြီး ဝတ္ထုတိုတပုဒ် ရေးခဲ့သလို သူ့ယောက်ဖတယောက်ရဲ့ ဇာတ်လမ်းကိုလည်း လှလှ ဆိုတဲ့ ဝတ္ထုမှာ ထည့်သွင်းခဲ့ကြောင်း သားဖြစ်သူ စာရေးဆရာ ကာတွန်းဆရာ ညီကိုးခေါ် ဟင်နရီမောင်တိုးက ပြောပြပါတယ်။

ဒေါ်နုကတော့ ရွှေပြည်သာမှာ နေထိုင်ဆဲ ဖြစ်ပါတယ်။

မောင်ထင်ဟာ ရန်ကုန်မြို့မကျောင်းထွက်ဖြစ်လို့ ဦးနုစတဲ့ တခြားကျောင်းသားဟောင်းတွေနဲ့ နီးစပ်ပါတယ်။

ဒါကြောင့် စစ်အတွင်း ဦးနု နိုင်ငံခြားရေးဝန်ကြီး ဖြစ်ချိန်မှာ မောင်ထင်လည်း သူ့ရုံးမှာ ထမ်းဆောင်ခဲ့ပါတယ်။

ဦးနုရေးတဲ့ ပြဇာတ်တွေကို မောင်ထင်၊ သခင်ဗဟိန်း စတဲ့ မိတ်ဆွေ အရာရှိတွေက ဖတ်ရှုဝေဖန်ပေးကြတာပါ။

burma

Getty Images
မြန်မာပြည် ဝန်ကြီးချုပ်ဟောင်း ဦးနု

ဦးနုကို ဝေဖန်သူ

ဒါပေမဲ့ မောင်ထင်ဟာ လွတ်လပ်ရေး ရပြီးခေတ်မှာ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဦးနု အစိုးရရဲ့ အမှားအယွင်းတွေကိုလည်း ထောက်ပြပြီး သရော်စာနဲ့ ဝေဖန်တာတွေ လုပ်ခဲ့ပါတယ်။

အစိုးရ အထောက်အပံ့နဲ့ ထုတ်တဲ့ စာပေဗိမာန်မဂ္ဂဇင်းမှာ သူရေးတဲ့ အာဒိကပ္ပရာဇာ ပုံပြင်တွေဟာ ဝန်ကြီးချုပ်ကို လှောင်ပြောင်ပါတယ် ဆိုပြီး မြို့မကျောင်းသားဟောင်းတွေကြားမှာ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီလိုပြောတာတွေ ရပ်သွားအောင် ဦးနုက မောင်ထင်ကို ပုခုံးဖက်ပြီး မြို့မဟောင်းအသင်းတိုက်ထဲက တွဲထွက်ပြတယ်လို့ မောင်ထင်က ရေးပါတယ်။

နောက်ပြီး အဲဒီခေတ်မှာပဲ တပ်မတော် ပြုပြင်ရေးအတွက် မိန်းမနဲ့စစ်သား စတဲ့ ဆောင်းပါးတွေကိုလည်း စစ်တပ်ကထုတ်တဲ့ မြဝတီ မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။

၁၉၆၂ နောက်ပိုင်း ရေးတဲ့ ဆောင်းပါးတချို့မှာတော့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ လမ်းစဉ်ပါတီကို ထောက်ခံတဲ့ အသုံးအနှုန်းတွေ ပါတယ်လို့ ဆိုပါတယ်။

အဲဒီခေတ်ကစပြီး မောင်ထင်ရဲ့ နိုင်ငံရေး သရော်စာတွေလည်း ဆက်ထွက်မလာတော့ပါဘူး။

မောင်ထင်၊ မန်းတင် စတဲ့ စာရေးဆရာကြီးတွေဟာ သရော်စာအရေးအသားမှာ ပြောင်မြောက်ပေမယ့် နိုင်ငံရေး လွတ်လပ်ခွင့် မရှိလို့ ဆက်မရေးနိုင် ဖြစ်ရတယ်လို့လည်း စာရေးဆရာမကြီး လူထုဒေါ်အမာက မှတ်ချက်ချခဲ့ပါတယ်။

စာပေလွတ်လပ်ခွင့်ကြောင့် စစ်အစိုးရခေတ်မှာ မထုတ်ခဲ့ရတဲ့ မောင်ထင်ရဲ့ ဆောင်းပါးတွေကို သူကွယ်လွန်ပြီးနောက်မှာ ဆက်လက်ထုတ်ဝေနေပြီး လူလားမြောက်တဲ့အရွယ်ကျွန်မဒီမိုကရေစီ စတဲ့ ဆောင်းပါးတွေ ထွက်ရှိလာပါတယ်။

မောင်ထင်ကို ဘာသာပြန် ဆရာအဖြစ်လည်း လူသိများပါတယ်။

ကမ္ဘာ့ဝတ္ထုတိုတွေကို ပြန်ဆိုခဲ့သလို အိပ်ချ်ဂျီဝဲလ်ရဲ့ အနာဂတ္တိကျမ်း နဲ့ မိုးပေါ်သို့လိမ့်ကျခြင်း စတဲ့ သိပ္ပံဝတ္ထုတိုတွေကိုလည်း သူပြန်ဆိုခဲ့ပါတယ်။

ကမ္ဘာ့စာပေအညွှန်း စာအုပ်တွဲနဲ့လည်း လူငယ်တွေကို နိုင်ငံတကာစာပေတွေနဲ့ မိတ်ဆက်ပေးပါတယ်။

အရာရှိကြီးက စာရေးဆရာ

မောင်ထင်ဟာ စာရေးဆရာဘဝကို တမင်ရွေးချယ်ပြီး ယူခဲ့သူပါ။

ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ရာထူးကနေ အသက် ၄ဝ အရွယ်မှာ ထွက်ပြီး သတင်းစာဆရာဘဝကို ကူးပြောင်းခဲ့သူ ဖြစ်ပါတယ်။

သားသမီး ၁ဝ ယောက်လောက်ရှိတဲ့ စာရေးဆရာဘဝမှာလည်း အပျော်ဖတ် ဝတ္ထုတွေ မရေးဘဲ လေးနက်တဲ့ စာပေဆောင်းပါးတွေနဲ့ စာပေဂုဏ်မြောက်တဲ့ ဝတ္ထုတိုတွေ၊ သမိုင်းနဲ့ နိုင်ငံရေးဆောင်းပါးတွေ ရေးပါတယ်။

burma

BBC
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း နိုင်ငံရေးအကြောင်း

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဗမာ့နိုင်ငံရေးသုခမိန် အဖြစ်နဲ့ ဦးဖိုးလှိုင်အကြောင်းကို ယောမင်းကြီးဦးဖိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း ဆိုပြီး ပြုစုခဲ့ပါတယ်။

စာရေးဆရာဘဝရဲ့ ရင်မောစရာ ဘဝမလုံခြုံမှုတွေကိုလည်း မောင်ထင်က စာရေးဆရာ ဝတ္ထုတိုမှာ ဟာသနှောပြီး ရေးခဲ့ပါတယ်။

သူ့ဘဝမှာ ငယ်စဉ်က ပန်းချီဆရာ ဖြစ်ချင်ပေမယ့် စာရေးဆရာဘဝကို ရွေးချယ်ခဲ့တယ်လို့လည်း မောင်ထင်ရဲ့ သားဖြစ်သူ ဆရာညီကိုးက ပြောပါတယ်။

မောင်ထင်ဟာ တချိန်က ထင်ရှားခဲ့တဲ့ စာရေးဆရာကြီး ဖြစ်ပေမယ့် နောက်ပိုင်းမှာ သူ့လက်ရာတွေ ဖတ်ရှုသူ နည်းလာတယ်လို့လည်း သားဖြစ်သူက ပြောပါတယ်။

အင်းစိန်က သူခေါင်းချသွားတဲ့ လမ်းထဲမှာတောင် သူ့ကို မသိသူတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မောင်ထင်ရေးခဲ့တဲ့ ငဘ ဝတ္ထုကတော့ ခုထိ ခေတ်မီနေဆဲ ဖြစ်ပြီး လယ်ယာမြေ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ ခေတ်မှာ ငဘနဲ့ မြန်မာ့လယ်ယာမြေစနစ် စာအုပ်တွေကို ပြန်ပြီးဖတ်နေကြရမှာ ဖြစ်ပါတယ်။


“မြန်မာအစိုးရဟာ ဘာပဲဖြစ်ဖြစ် အပြည်ပြည်ဆိုင်ရာ ရှုထောင့်ကို ပိုကျယ်ဝန်းအောင် လုပ်ဖို့လိုတယ်။ အိုင်ထဲကဖားဘဝက မလွတ်မြောက်သေးသမျှ တိုင်းပြည်အခြေအနေဟာ ရှုပ်ထွေးပြီး ကောင်းလာမှာ မဟုတ်ဘူး။ အချိန်ကြာမလားတော့မသိဘူး၊ ဒါပေမဲ့ ကျုပ်အနေနဲ့ တနေ့မှာ မြန်မာပြည်ဟာ နိုးကြားလာမယ်၊ ကမ္ဘာမှာ မျက်စိပွင့်တဲ့အချိန်ရောက်လာမယ်လို့ ယုံကြည်တယ်။

“လက်ရှိနိုင်ငံရေးအခြေအနေကို မခံနိုင်လို့ နိုင်ငံခြားထွက်သွားကြတဲ့လူငယ်တွေဟာ အခုရောက်နေတဲ့ တိုင်းပြည်အသီးသီးကို လေ့လာကြည့်ရှု၊ မြန်မာပြည်မှာ လိုအပ်နေတာတွေကို ကောင်းကောင်းမှတ်သား သင်ကြား လာစေချင်တယ်။ နောက်ပီးတော့ တချိန်ချိန်မှာ အမြန်ပြန်လာပြီး မိခင်နိုင်ငံကြီးပြန်လည်ထူထောင်ရေးမှာ အားစိုက်ဆောင်ရွက်ကြစေချင်တယ်”

မောင်ထင် ၁၉၉၃ ဩဂုတ်

နဲမိုတို ယူရိခေါ- စစ်မြေပြင်ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံမှ တိုးတိုးပြောသံများ

บทความก่อนหน้านี้ธรรมนัส ผู้สมัคร ส.ส. พปชร. พะเยา ลั่นขอทำบ้านเกิดให้เจริญ คนอื่นเข้ามาไม่รักปชช.จริง
บทความถัดไปกนก ไม่จบ ซัดกลับ ธนาธร เอาสิทธิอะไรมาด่าเนชั่น ถามกลับใครควรขอโทษ อ้างไม่ได้พูดชื่อใครเลย!