ထိုင်းရွေးကောက်ပွဲ – ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဟာမိတ်တွေနောက် အပြိုင်လိုက်ရမယ့် ပါတီကြီးနှစ်ခု

တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ မဲလာပေးစဉ်

Getty Images
တနင်္ဂနွေနေ့ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ မဲလာပေးစဉ်

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲအပြီးမှာ ညွန့်ပေါင်းအစိုးရ တစ်ရပ်ဖွဲ့ဖို့ ကြိုးစားနေတယ်လို့ အဓိကပြိုင်ဘက်ပါတီကြီး နှစ်ခုစလုံးက ပြောပါတယ်။

အစောပိုင်းရလဒ်တွေအရ စစ်တပ်ကိုထောက်ခံတဲ့ ဖလန်းပရာချာရတ်ပါတီ (PPRP) က စုစုပေါင်း မဲအရေအတွက်မှာ မဲအသာစီးရခဲ့ပါတယ်။

ဒါပေမဲ့ အဓိက အတိုက်အခံ ဖုယာထိုင်းပါတီတော့ လွှတ်တော်ထဲကို အမတ်နေရာ အများဆုံး ပို့နိုင်မယ့် ပါတီ ဖြစ်လာမှာပါ။

တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရေတွက်မှု စနစ်မကျတာမျိုးတွေကြောင့် မကျေမနပ် ဖြစ်တာတွေ မြင့်တက်လာနေပါတယ်။

ပြီးတော့အကြောင်းပြချက်မရှိဘဲ မဲရလဒ် ကြေညာဖို့ နောက်ရွှေ့ခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

ရှုပ်ထွေးတဲ့ ထိုင်းရွေးကောက်ပွဲ စနစ်အရ အောက်လွှတ်တော်ထဲက အမတ်နေရာ ၁၅၀ ဟာ မဲဆန္ဒနယ်တွေက နိုင်လာသူတွေမဟုတ်ဘဲ သူတို့ပါတီတစ်ခုလုံးရဲ့ မဲရရှိတဲ့အရေအတွက်မူတည်ပြီးမှ အချိုးကျ နေရာချထားတာဖြစ်ပါတယ်။

အဲဒါကြောင့် စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၁၇ အခြေခံဥပဒေဟာ စစ်တပ်ထောက်ခံသူတွေ အာဏာရလာအောင် ရေးထားတာလို့ ဝေဖန်သူတွေက ပြောပါတယ်။

နောက်ဆုံးသိရသမျှရလဒ်

အောက်လွှတ်တော်မှာ အမတ်နေရာ ၅၀၀ ရှိတဲ့ အနက် ဖုယာထိုင်းပါတီက ၁၃၇ နေရာရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကနဦးရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီပါတီဟာ ထိုင်းဝန်းကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ဆက်နွှယ်တဲ့ ပါတီ ဖြစ်ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်လျာထားတဲ့ PPRP ပါတီကတော့ အမတ်နေရာ ၉၇ နေရာနဲ့ ဒုတိယနေရာ ရနေပါတယ်။

တချို့ပါတီတွေကတော့ နေရာ ၃၀ ကနေ ၃၉ နေရာလောက် ရကြပါတယ်။

ဒါပေမဲ့ အချိုးကျနေရာ ၁၅၀ အတွက်ကတော့ ဘယ်သူတွေ ဘယ်နှနေရာရတယ်ဆိုတာ မသိရသေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မဲတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးသွားပြီလို့ ကော်မရှင်က ကြေညာပါတယ်။ အဲဒီမှာ ပရာယွတ်တို့ရဲ့ PPRP က မဲ ၇ ဒသမ ၆ သန်းရထားပါတယ်။ အဲဒါဟာ အဓိကပြိုင်ဘက် ဖုယာထိုင်း ပါတီထက် မဲ ၅ သိန်းကျော်ပိုများတာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ သန်း ၅၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလုပ်တဲ့ရွေးကောက်ပွဲမှာ မဲလာပေးသူက ထင်ထားတာထက် နည်းခဲ့ပါတယ်။ မဲပေးနိုင်သူတွေရဲ့ ၆၄ ရာခိုင်နှုန်းလောက်ပဲ မဲလာထည့်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါနဲ့အတူ မဲရေတွက်ပုံ မတိကျမှုတွေရှိတယ်ဆိုတာအပေါ်ကိုလည်း မေးခွန်းထုတ်ကြပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ သန်း ၅၀ ကျော်ရှိပါတယ်။

Getty Images
ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ သန်း ၅၀ ကျော်ရှိပါတယ်။

မဲရေတွက်ပုံ အရှုပ်အထွေးတွေကြားမှာပဲ ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာနေ့ နေ့လယ်မှာ ကနဦးရလဒ်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးမှ သတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ပြီးတော့ နောက်ဆုံးတရားဝင် ရလဒ်ကို မေလ ၉ ရက် မတိုင်ခင် ကြေညာမှာ မဟုတ်သေးဘူးလို့ ကော်မရှင်က ဆိုပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာဖွယ် ရှိတဲ့သူ

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အထက်လွှတ်တော်ထဲက အမတ်နေရာ၂၅၀ မှာ စိတ်ကြိုက်လူ ရွေးထည့်ထားတဲ့ ပရာယွတ်ပဲ အနိုင်ရမယ်လို့ ကြိုတင်ခန့်မှန်းကြသူတွေ အတော်များများရှိပါတယ်။

အခုရလဒ်အရ PPRP က မဲအများစုကို ရခဲ့လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးအနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့ရင် ဒီမိုကရေစီနည်းအရ တင်မြှောက်ထားသူလို့ ပြောနိုင်တော့မယ့် အခြေအနေမျိုးရှိနေပါတယ်။

ဒါပေမဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ အများဆုံးအနိုင်ရတဲ့ပါတီ ဖြစ်တဲ့ ဖုယာထိုင်းပါတီဘက်ကတော့ ဒီလိုမမြင်ပါဘူး။ စစ်တပ်ဆန့်ကျင်တဲ့ ပါတီတွေက အမတ်တွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး သူတို့ရတဲ့ လူထုထောက်ခံမှုကို အသိအမှတ် ပြုသင့်တယ်လို့ သူတို့က မြင်ပါတယ်။

บทความก่อนหน้านี้ระทึก สาวจะจอดรถ ถอยพลาด ทะลุกำแพง เก๋งดิ่งจากชั้น 8 ร่วงกระแทกพื้นสนั่น เละ!
บทความถัดไปเมีย หนุ่มช่างแอร์ โดนยิงดับหน้าร้านข้าวต้ม เหตุแค่มองหน้า ตัดพ้อ คนยิงไม่สลด มีทนาย