မြောက်ဦးမှာ တိုက်ပွဲ မဖြစ်ပဲ အမျိုးသားတစ်ယောက် ကျည်ထိမှန်သေဆုံး တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းများ

မြောက်ဦးမြို့နယ်ထဲက ရွာသားတစ်ယောက် ကျည်ထိမှန်သေဆုံး

မြောက်ဦးမြို့နယ်မှာ တပ်စွဲထားတဲ့ ခမရ ၃၇၇ နဲ့ ၃၇၈ ကြားက ဘောင်းဒွတ်ရွာမှာ အမျိုးသားတစ်ယောက် ကျည်ထိမှန်ပြီး သေဆုံးကာ နောက်အမျိုးသားတစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဒေသမှာ ပြီးခဲ့တဲ့ရက်အတွင်း တိုက်ပွဲမဖြစ်ခဲ့သလို အပြန်အလှန်ပစ်ခတ်မှုတွေလည်း မရှိခဲ့ဘူးလို့ မြောက်ဦးဒေသခံ ကိုထွန်းနေဝင်းက ဆိုပါတယ်။

ကိုထွန်းနေဝင်းက ” ကျွန်တော်ကိုယ်တိုင်ရောက်တယ်။ တစ်နာရီပတ်ဝန်းကျင်လောက်က သေတဲ့လူက သေနေပြီ ။ အဲဒီမှာဒဏ်ရာရတဲ့သူက ဆေးရုံမသွားနိုင်ဘူး။ အဲနားက တပ်နဲ့ အနီးစပ်ဆုံးအခြေအနေရှိတဲ့ နေရာဖြစ်တယ်။ တပ်နဲ့ ကပ်နေတယ် ” လို့ ဆိုခဲ့ပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတို့ရဲ့ အိမ်နားမှာ လက်နက်ကျည်ဆန်ကျတဲ့ အပင်တွေကိုမြင်ခဲ့ရပြီး သေဆုံးသူက အသက် ၆၀ ပတ်ဝန်းကျင် ရှိသူ ဦးမောင်ကျော်စိန်နဲ့ ဒဏ်ရာရသူကတော့ ဦးမောင်ကျော်သိန်းတို့ ဖြစ်ပါတယ်။

ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့ မဏ္ဍပ်ပေါ် ဖျော်ဖြေခွင့်မပေး

သင်္ကြန်ပွဲတော်မှာ နှစ်စဉ် ဆက်တိုက် ဆင်ဆာ မတင်ဘဲ ဖျော်ဖြေခဲ့ရာမှာ အာဏာပိုင်တွေရဲ့ တားမြစ်မှုက့ အရင်နှစ်တွေကထက် ပိုပြင်းထန် ပိုဆိုးရွားလာတယ်လို့ သံချပ်အဖွဲ့ တစ်ချို့က ပြောပါတယ်။

အရင်က ဆင်ဆာမတင်ဘဲ ဖျော်ဖြေရာမှာ သံချပ်အဖွဲ့နောက်က လိုက်ပြီး ဓာတ်ပုံ ရိုက်ယူတာ ၊ မှတ်တမ်းတင် တာမျိုးကြုံခဲ့ရပြီး မနှစ်က သင်္ကြန် ကစလို့ မဏ္ဍပ်ပေါ် ဖျော်ဖြေခွင့် ပိတ်ပင်ခံရတာမျိုး ထိရှိလာတယ်လို့ အိုးဝေအသံ သံချပ်အဖွဲ့က ဆိုပါတယ်။

သင်္ကြန်အကြို ဧပြီ ၁၂ ရက်က ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဖိတ်ကြားခံရလို့ ဖျော်ဖြေဖို့ သွားတဲ့အခါ မဏ္ဍပ်စင်ပေါ် တက်ခါနီးအချိန်မှာ အာဏာပိုင်တွေက လာပြီး တားတာကြောင့် မဖျော်ဖြေဘဲ ပြန်လာရတယ်လို့ အိုးဝေသံချပ် အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ်က ဘီဘီစီကို ရှင်းပြပါတယ်။

သင်္ကြန် သံချပ်စာသားတွေထဲမှာ ဒို့တာဝန်အရေးသုံးပါး ထိခိုက် ပြောဆိုတာ မပါဖို့၊ လူတစ်ဦးတစ်ယောက်ကို စွပ်စွဲ ပုတ်ခတ်တာတွေ၊ ဘာသာရေးအရ ထိခိုက်နစ်နာစေတဲ့ စကားလုံးတွေ၊ တိုင်းရင်းသား တစ်မျိုးနဲ့ တစ်မျိုး ထိခိုက်စေနိုင်တာတွေနဲ့ ရုန့်ရင်းကြမ်းတမ်း ညစ်ညမ်းစေတဲ့ စကားလုံးတွေ မပါဖို့ အခြေခံပြီး စိစစ်မှုတွေ လုပ်တာလို့ သြင်္ကန်သံချပ် စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရခိုင် တိုင်ရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဘီဘီစီကို ပြောပါတယ်။

စီစစ်မှု မတင်တဲ့ သံချပ်အဖွဲ့တွေကို အစိုးရအဖွဲ့တွေက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီအရေးယူသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကလည်း အရေးယူမှုတွေပြုသွားမယ်လို့ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုပါတယ်။

ဆူဒန်မှာ အရပ်သားအစိုးရကို အာဏာလွှဲဖို့ ဆန္ဒပြတောင်းဆို

ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ စစ်ကောင်စီက ရာထူးဖြုတ်ချခံ သမ္မတ အိုမာအယ်လ်ဘားရှား အစိုးရအဖွဲ့ထဲမှာတုန်းက အဓိက တာဝန်ယူခဲ့သူတွေကို ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူ ထောင်ချီကတော့ ဆူဒန်စစ်ဋ္ဌာနချုပ်ရှေ့မှာ အထိုင် သပိတ်မှောက် နေကြဆဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ စစ်ကောင်စီအနေနဲ့ အရပ်သားအစိုးရကို ချက်ခြင်း အာဏာလွှဲပြောင်းဖို့ တောင်းဆိုနေကြတာပါ။

စစ်ကောင်စီဘက်ကတော့ ဆန္ဒပြသူတွေကို လူစုမခွဲဘူးလို့ ကတိပေးထားပါတယ်။

ဒါ့အပြင် အတိုက်အခံတွေအနေနဲ့ ဝန်ကြီးချုပ် အသစ်ကို မိမိတို့ ဆန္ဒအတိုင်း ရွေးချယ်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။

ဆူဒန်နိုင်ငံမှာ လနဲ့ချီဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကြောင့် နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာအယ်လ် ဘာရှီယာတစ်ယောက် ပြီးခဲ့တဲ့တစ်ပတ်ကြာသပတေးနေ့မှာ ရာထူးကနေ ဖြုတ်ချ ဖမ်းဆီးမှုဖြစ်တဲ့အထိ ဦးတည်ခဲ့တာပါ။

အိန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ စက္ကူမဲစာရွက်ပြန်အသုံးပြုဖို့ တိုက်တွန်း

အိန္ဒိယနိုင်ငံမှာ အဓိက အတိုက်အခံပါတီတွေဟာ အဆင့် ၇ ကိုရောက်နေပြီဖြစ်တဲ့ နိုင်ငံ့အထွေထွေ ရွေးကောက်ပွဲမှာ သမာရိုးကျ စက္ကူ မဲစာရွက်တွေကိုပဲ ပြန်လည်အသုံးပြုဖို့ တိုက်တွန်းနေပါတယ်။

လျှပ်စစ်မဲပေးစက်တွေရဲ့ ယုံကြည်စိတ်ချရမှုကို မယုံတာကြောင့်လို့ ပြောပါတယ်။ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲပေးစက်တွေကို ဘယ်သူမှ ချယ်လှယ် ချုပ်ကိုင်လို့ မရဘူးလို့ ဆိုပါတယ်။

ကြာသပတေးနေ့တုန်းက စတင်တဲ့ ရွေးကောက်ပွဲ ပထမအဆင့်မှာ နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ် ပြည်နယ်က မဲရုံတစ်ချို့မှာ မဲပေးစက်တွေ ချို့ယွင်းတယ်ဆိုတဲ့ သတင်းကြောင့် အတိုက်အခံတွေဘက်က သံသယ ဖြစ်နေပါတယ်။

လူဦးရေ သန်း ၉၀၀ နီးပါးပါဝင်မဲထည့်ကြမယ့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲကို မေလ ၁၈ ရက်နေ့အထိ အဆင့်လိုက် ကျင်းပသွားမှာပါ။

บทความก่อนหน้านี้สลด หนุ่มเชียงราย ขี่จยย.ชนราวสะพาน ร่างตกลงมาข้างล่างถูกแท็กซี่ทับดับอนาถ
บทความถัดไปเจ้าของผับฉะกลับ เฟิด Slot Machine ขอโทษไม่พอเหรอ ลองไปถามวง Zeal ดูไหม