ချင်းတွင်းသင်္ကြန်လာတဲ့ စက်လှေနစ်မြုပ်လို့ ၁ ဦးသေဆုံး၊ ၄ ဦးခန့် ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း မုံရွာမြို့က ချင်းတွင်းလမ်းလျှောက်သင်္ကြန်လာတဲ့ စက်လှေတစ်စင်းဟာ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ချင်းတွင်းမြစ်ထဲ နစ်မြုပ်ခဲ့လို့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကောင်လေး ၁ ဦးနဲ့ အမျိုးသမီး ၅ ဦးကတော့ မုံရွာမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

နစ်မြုပ်စဉ် ခရီးသည်တွေကို ရေထဲဆင်းကယ်ခဲ့တဲ့ အမျိုးသားတစ်ဦးကတော့ ဆေးရုံပေါ်မှာ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။

လက်ရှိမှာ ခရီးသည် ၂၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေမောင်းသူအပါအဝင် ၄ ဦးလောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ မုံရွာမြို့လူမှုကူညီရေးအသင်းဖြစ်တဲ့ ခြင်္သေ့အားမာန်ကွန်ရက် ဒုဥက္ကဌ ကိုသန်းနိုင်ဦးက ပြောပါတယ်။

ဆားလင်းကြီးကနေလာတဲ့ စက်လှေဟာ နစ်မြုပ်စဉ် ခရီးသည် အယောက် ၄၀ ခန့် တင်ဆောင်လာဖွယ်ရှိပြီး အခုတော့ ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ လူမှုအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးဇော်ဝင်းကတော့ ‘နစ်မြုပ်စဉ် စက်လှေပေါ် တင်ဆောင်လာတဲ့ ခရီးသည်အရေအတွက်ကို ဘယ်သူမှ တိတိကျကျ မသိပါဘူး၊ ခု အလောင်းလည်း မတွေ့ရတော့ဘူးဆိုတော့ တင်ဆောင်လာတဲ့ ခရီးသည်က ၃၆ ဦးပဲ ရှိမှာပါ’ လို့ ပြောပါတယ်။

နစ်မြုပ်ခဲ့တဲ့ စက်လှေဟာ လှေခွံအသေးကို စက်တပ်ပြီး သင်္ကြန်တွင်း ကြားလိုင်းအဖြစ်ဝင်ရောက် ပြေးဆွဲခဲ့တာပါ။

လူမှုရေးဝန်ကြီး ဦးဇော်ဝင်းကတော့ ‘စက်လှေက အိုဗာဝိတ် ဖြစ်လို့ မှောက်တာပါ၊ ခုတော့ အခြေအနေကို စောင့်ကြည့်စစ်ဆေးနေတုန်းပါ’ လို့ ပြောပါတယ်။

ဒီစက်လှေဟာ ဆားလင်းကြီး-မုံရွာကို ပုံမှန် လိုင်းပြေးဆွဲနေတာမဟုတ်ဘဲ စစ်ကိုင်းတိုင်းအစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ ချင်းတွင်းသင်္ကြန်ကို လာရောက်ကြတဲ့ ဒေသခံတွေကို ကြားလိုင်းအဖြစ် ပို့ဆောင်နေတာပါ။

လူ ဆယ်ဂဏန်းလောက်ပဲ အများဆုံး တင်ဆောင်နိုင်တာကို အယောက် ၄၀ လောက်အထိ သတ်မှတ်ခံနိုင်ရည်ဝန်ထက် ပိုမိုတင်ဆောင်လာခဲ့တဲ့ စက်လှေမောင်းသူနဲ့ စက်လှေပိုင်ရှင်ကိုတော့ လတ်တလောမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေပါတယ်။

บทความก่อนหน้านี้ฟาน เดอร์ มาร์ค บิดกระหึ่ม เบิ้ลโพเดี้ยม เวิลด์ซูเปอร์ไบค์ โฮมเรซ ที่แอสเซ่น
บทความถัดไปเปิดดวง12ราศี หมอช้าง เผย 3 ตัวท็อป รวยฉุดไม่อยู่ มีโชคไม่คาดฝัน ราศีใดระวังมือที่3