ထိုင်းနိုင်ငံကို ကျွန်မဖြစ်အောင် ကာကွယ်ပေးတဲ့ ရာမမင်းဆက်

thailand

AFP
နဝမနဲ့ ဒသမရာမဘုရင်မိသားစု

ထိုင်းနိုင်ငံမှာ ဒသမမြောက် ရာမအဖြစ် ဝချီရာလောင်ကွန်း မေလဆန်းမှာ နန်းတက်တော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအုပ်စိုးနေတဲ့ ချက္ကရီမင်းဆက်ဟာ ၁၇၈၂ ကနေ စတင်စိုးစံခဲ့တာမို့ သက်တမ်းနှစ် ၂၄ဝ နီးပါးရှိနေတဲ့ မင်းဆက်ဖြစ်ပါတယ်။

၁၇၆၇ မှာ အယုဒ္ဓယမြို့ကို မြန်မာတပ်တွေ ဖျက်ဆီးပြီး ဘုရင့်မိသားစုနဲ့မြို့သူမြို့သားတွေကို အင်းဝကို ခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် အယုဒ္ဓယ ဗိုလ်ချုပ်တယောက်ဖြစ်တဲ့ တက်ပြည်နယ် ဘုရင်ခံ ဖယားတက်ဆင်က ဘန်ကောက်တဘက်ကမ်းက ထန္နပူရီမြို့မှာ မင်းဆက်အသစ်တည်ထောင်ပြီး မြန်မာအုပ်စိုးမှုကို တွန်းလှန်ပါတယ်။

တက်ဆင်ဟာ အယုဒ္ဓယကို မြန်မာတွေဝိုင်းခံရစဉ်မှာ လူငါးရာနဲ့ မြို့ကိုဖောက်ပြီးထွက်သွားတာ ဖြစ်ပါတယ်။ ထိုင်းပင်လယ်ကွေ့ဘက်မှာ အင်အားစုပြီးမှ မြန်မာတွေကို ပြန်တိုက်ထုတ်ခဲ့တာပါ။

ထိုင်းတရုတ်ကပြား တက်ဆင်ဟာ ငါးပိုင်းကွဲနေတဲ့နိုင်ငံကို ပြန်လည်စုစည်းပြီး လက်ရှိအကျယ်အဝန်းထိဖြစ်လာအောင် ချဲ့ထွင်ခဲ့တယ်လို့ မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်လာပြီး သူ့ကိုယ်သူ ဘုရားလို့ယူဆပြီး လူတွေကို ညှဉ်းပန်းသတ်ဖြတ်လာပါတယ်။

ဒါကြောင့် သူ့ညာလက်ရုံး ကျောက်ဖယားချက္ကရီကို နန်းတင်ဖို့ ကြံစည်တဲ့ ပုန်ကန်မှုဖြစ်ပြီး စစ်ထွက်နေတဲ့ ချက္ကရီ ပြန်အလာမှာ ထန္နပူရီမြို့က ကြိုဆိုပြီး နန်းတင်ခဲ့ကြပါတယ်။

တက်ဆင်ကို ကွပ်မျက်ပြီးနောက် ချက္ကရီမင်းဆက်ကို စတင်ပြီး ဘန်ကောက်မြို့ကို တည်ထောင်ပါတယ်။

ချက္ကရီ

ဗိဿနိုးနတ်မင်းရဲ့ စကြာကို အမှတ်တံဆိပ်ပြုတဲ့ မင်းဆက်အမည်ဟာ ကျောက်ဖယားချက္ကရီရဲ့ ရာထူးအမည်ကို အစွဲပြု ဖြစ်ပေါ်လာတာပါ။

ချက္ကရီဟာ မွန်မျိုးနွယ်ဖြစ်ပြီး ပြင်သစ်ကို သံအမတ်အဖြစ် စေလွှတ်ခံရတဲ့ အယုဒ္ဓယမှူးမတ်တယောက်ရဲ့ မြေးလည်းဖြစ်ပါတယ်။ တက်ဆင်လက်ထက်မှာ ဘုရင်တဆူပမာ မြှောက်စားခံရတဲ့ ချက္ကရီဟာ စစ်ဗိုလ်ချုပ်လည်း ဖြစ်သလို မြောက်ပိုင်းပြည်နယ်တွေရဲ့ ဝန်ကြီးလည်းဖြစ်ပါတယ်။

ဘုရင်ဖြစ်ချိန်မှာတော့ ရာမသိဗောဓိဘွဲ့ကိုခံယူပြီး လူအများကတော့ ပထမလက်ထက်တော်ကြီးလို့ ခေါ်ဆိုကြပါတယ်။

ဘန်ကောက်နန်းတော်ထဲက သူ့စက်ရာသလွန်မှာ အသစ်တက်လာတဲ့ ထိုင်းဘုရင်တိုင်း တညစက်တော်ခေါ်ရတယ်လို့လည်း ဆိုပါတယ်။

ဗြိတိန်မှာ ပညာသင်ခဲ့တဲ့ ဝဇီရာဝုဓဘုရင်လက်ထက်ကစပြီး ထိုင်းမင်းဆက်တွေကို ရာမအမည်နဲ့ ပြောင်းလဲခေါ်ဝေါ်စေခဲ့တဲ့အတွက် ချက္ကရီဘုရင်ကို ပထမရာမလို့ ခေါ်ဆိုကြပါတယ်။

သူ့လက်ထက်မှာ မြန်မာဘုရင် ဘိုးတော်ဘုရားရဲ့တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ယိုးဒယားမြန်မာစစ်ကို နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာလည်း နန်းလျာကို သူ့သြဇာအောက်ရောက်အောင် သိမ်းသွင်းခဲ့ပါတယ်။

သူ့သားတော် ဒုတိယရာမလက်ထက်မှာလည်း ဘိုးတော်ဘုရားတပ်တွေနဲ့ တိုက်ခိုက်ခဲ့ရပြီး ဘိုးတော်ဘုရား ရှုံးနိမ့်ခဲ့ပါတယ်။

ထိုင်း မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန်တိုက်ပွဲတွေဟာ ၁၈၅၅ မင်းတုန်းနဲ့ မောင်းကွတ်ဘုရင်တွေ လက်ထက်အထိ ဖြစ်ပွားခဲ့ပါတယ်။

မောင်းကွတ် ပြုပြင်ရေးခေတ်

ဒုတိယရာမလက်ထက်က စပြီး တောင်ပိုင်းက ထိုင်းသြဇာခံ မလေးစော်ဘွားနယ်တွေမှာ ဗြိတိသျှ လွှမ်းမိုးလာပါတယ်။

သူ့သားတော် တတိယရာမလက်ထက်မှာလည်း ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပြီး ထိုင်းနဲ့ကပ်ရက် တနင်္သာရီနယ်ကို ဗြိတိသျှသိမ်းပိုက်ခဲ့ပါတယ်။

ဒီစစ်ပွဲမှာ ထိုင်းက ဗြိတိသျှဘက်က ကူခဲ့ပြီး မြန်မာတပ်တွေနဲ့ တိုက်ဖို့ ထိုင်းတပ်တွေနဲ့ ဆင်တွေကို စေလွှတ်ခဲ့ပါတယ်။ မြိတ်မြို့က လူတွေကို ထိုင်းကို သုံ့ပန်းအဖြစ် ခေါ်ဆောင်ဖို့ ကြိုးစားတာကိုတော့ ဗြိတိသျှတပ်တွေက ဟန့်တားခဲ့ပါတယ်။

သူ့ညီတော် စတုတ္ထရာမခေါ် မောင်းကွတ် လက်ထက်မှာတော့ ပြုပြင်ရေးတွေ စတင်ခဲ့ပါတယ်။ သားတော်တွေကို ဗြိတိသျှဆရာမ ငှားရမ်းပြီး စာသင်စေခဲ့သလို ဒီဖြစ်ရပ်ကို အခြေခံပြီး အင်နာခင်နှင့် ယိုးဒယားဘုရင် ဝတ္ထု၊ ပြဇာတ်၊ ရုပ်ရှင်တွေ ပေါ်ပေါက်လာပါတယ်။

ဗြိတိန်နဲ့ချုပ်တဲ့ ဘောင်းရင်းစာချုပ်ကြောင့် ဘုရင့်အစိုးရအခွန်ငွေတွေ လျော့ကျခဲ့ရပေမယ့် စီးပွားရေး တိုးတက်မှု ရှိလာပါတယ်။ ဆန်စက်နဲ့ တခြားစက်ရုံတွေ ထိုင်းမှာပေါ်လာသလို ဆန်တင်ပို့မှု တိုးတက် လာပါတယ်။

လမ်းတံတားနဲ့ တူးမြောင်းဖောက်တာတွေအပြင် ဒင်္ဂါးသွန်းတဲ့စနစ်ကိုလည်း စခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ရဟန်းဝတ်နဲ့ နေခဲ့တဲ့ မောင်းကွတ်လက်ထက်မှာ ဓမ္မာယုတ်ဂိုဏ်းကို တည်ထောင်ပြီး ဝိနည်းစည်းကမ်းတင်းကျပ်မှုကို အားပေးခဲ့ပါတယ်။

ချူလာလောင်ကွန်း

ထိုင်းနိုင်ငံ ပြုပြင်ရေးတွေကို အဓိကဖော်ဆောင်ခဲ့ပြီး ပြည်ပမှာ လေ့လာရေးတွေ လုပ်ခဲ့တဲ့ ချူလာလောင်ကွန်းကို ပဉ္စမရာမ ဘုရင်အဖြစ် သိကြပါတယ်။

သူ့လက်ထက်မှာ အစဉ်အလာ ထိုင်းပဒေသရာဇ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ စစ်တပ်ကို အသွင်ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ၁၈၈၇ မှာ ထိုင်းဘုရင့်စစ်ကျောင်းကို တည်ထောင်သလို ၁၈၉၂ မှာ အစိုးရဝန်ကြီးဌာနတွေ စဖွဲ့ပါတယ်။

ကျေးကျွန်စနစ်ကို ဖျက်တာနဲ့ မြေယာစနစ်ကို ပြုပြင်တာတွေလည်း လုပ်ပါတယ်။

သူကိုယ်တိုင် အိန္ဒိယနဲ့ ဂျားဗားမှာ အုပ်ချုပ်ရေးတွေ လေ့လာခဲ့သလို သူ့သားတော်တွေကိုလည်း ဗြိတိန်ထိ လွှတ်ပြီး ပညာသင်စေပါတယ်။

သူ့လက်ထက်မှာ ဂျပန်လို စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်။

သူ့လက်ထက် ၁၈၉၃ မှာပဲ ပြင်သစ်ရဲ့ ကျူးကျော်မှုကြောင့် လာအိုနဲ့ ကမ္ဘောဒီးယားနယ်မြေတွေကို ဆုံးရှုံးခဲ့ပြီး ၁၉ဝ၉ မှာတော့ ဗြိတိန်က စာချုပ်နဲ့ မလေးမြောက်ပိုင်းနယ်တွေကို သိမ်းပိုက်ခဲ့ပါတယ်။

ကျောက်ဖယားမြစ်ထဲကို ပြင်သစ်စစ်သင်္ဘောဝင်လာတာလည်း ဖြစ်ခဲ့ပါတယ်။

သူ့သားတော် ဝဇီရာဝုဓဘုရင်လက်ထက်မှာတော့ ဘုရင်၊ ဗုဒ္ဓဘာသာနဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ သုံးရောင်ခြယ် နိုင်ငံအလံကို တီထွင်ခဲ့ပါတယ်။

အောက်စဖို့ဒ်မှာ ပညာသင်ခဲ့တဲ့ ဆဋ္ဌမရာမဘုရင်ဟာ ထိုင်းမျိုးချစ်စိတ်မြှင့်တင်ရေးအတွက် အဓိက ကြိုးစားခဲ့သူလို့ လူသိများပါတယ်။

ထိုင်းနာမည်တွေမှာ မိသားစုနာမည်ထည့်တာနဲ့ အထက်တန်းကျောင်း ပညာရေးကို စတင်တာတွေလည်း လုပ်ခဲ့ပါတယ်။

သူကိုယ်တိုင်လည်း စာရေးဆရာအဖြစ် အနောက်တိုင်းဝတ္ထုတွေနဲ့ ရာမနဲ့ မဟာဘာရတဇာတ်တွေကို ဘာသာပြန်ခဲ့ပါတယ်။

သူ့လက်ထက် ၁၉၁၂ မှာပဲ ပြုပြင်ရေးလိုလားတဲ့ တပ်အရာရှိတချို့ရဲ့ ပုန်ကန်မှု ကြံစည်မှု ဖြစ်ခဲ့ပေမယ့် ဘုရင်က ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ပထမကမ္ဘာစစ်မှာတော့ ထိုင်းက ဗြိတိန်နဲ့ ပြင်သစ်မဟာမိတ်တွေဘက်က ဝင်တိုက်ပြီး ဂျာမနီနဲ့ သြစတြီးယား-ဟန်ဂေရီကို စစ်ကြေညာသလို ထိုင်းစစ်သားတွေကို ဥရောပ လွှတ်ခဲ့ပါတယ်။

နန်းစွန့်တဲ့ဘုရင်

သူ့ကိုဆက်ခံတဲ့ ညီတော် သတ္တမရာမ ဖယားဂျာဒိပေါက် ဘုရင် လက်ထက်မှာတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ထိုင်းစီးပွားရေး ထိခိုက်ခဲ့ပါတယ်။

အဲဒီနောက် ၁၉၃၂ မှာ ပြုပြင်ရေးလိုလားတဲ့ လူငယ်စစ်အရာရှိတွေရဲ့ ပုန်ကန်မှုနဲ့ ကြုံပြီး ၁၉၃၅ မှာ အာဏာစွန့်ခဲ့ရပါတယ်။ အဲဒီနောက် ဗြိတိန်မှာနေရင်း ၁၉၄၁ မှာ နတ်ရွာစံခဲ့ပါတယ်။

၁၉၃၂ ထိုင်းတော်လှန်ရေးဟာ ပဒေသရာဇ် အုပ်စိုးမှုကို ဖျက်သိမ်းပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ထူထောင်ခဲ့တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုကို ပထမဆုံး တွေ့ရတဲ့ အာဏာသိမ်းပွဲလည်း ဖြစ်ပါတယ်။

ဖယားဂျာဒိပေါက် ဘုရင်ရဲ့ အရိုက်အရာကို တူတော် အာနန္ဒာမဟီဒေါက ဆက်ခံပေမယ့် ငယ်ရွယ်သေးတဲ့အတွက် ရင်ခွင်ပိုက်နဲ့ အုပ်ချုပ်ခဲ့ပြီး ဘုရင်က ဆွစ်ဇာလန်မှာ ပညာသင်ခဲ့ပါတယ်။

သူ့လက်ထက်မှာပဲ စစ်ဗိုလ်ချုပ် ဆွန်ဂရမ်အစိုးရက ထိုင်းနိုင်ငံကို မူလအမည် ယိုးဒယားကနေ ထိုင်းလင်းလို့ ၁၉၄ဝ မှာ ပြောင်းလဲခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်မှုနဲ့ ကြုံတွေ့ခဲ့ပြီး ဂျပန်နဲ့လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံခဲ့လို့ ရှမ်းပြည်က နယ်နှစ်နယ်ကို ထိုင်းကို လွှဲပေးခဲ့သလို ပြင်သစ်သိမ်းထားတဲ့ လာအိုနဲ့ ကမ္ဘောဒီးယားက နယ်တွေကိုလည်း ထိုင်းက စစ်ပြီးတဲ့အထိ သိမ်းယူခဲ့ပါတယ်။

၁၉၄၆ မှာ ဘုရင်အာနန္ဒာ နဖူးမှာ ကျည်ဆန်မှန်ပြီး နတ်ရွာစံလို့ ညီတော် ဘူမိဘောအဒူလျာဒက်က ဆက်ခံပါတယ်။

ဆွစ်ဇာလန်မှာ ဥပဒေပါရဂူဘွဲ့ယူဖို့ ပြန်ခါနီး ရက်ပိုင်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဘိသိက်မခံရခင် ကံကုန်တဲ့ဘုရင်လည်း ဖြစ်ပါတယ်။

နန်းသက်ရှည်တဲ့ နဝမရာမ

ထိုင်းနိုင်ငံသမိုင်းမှာ ချူလာလောင်ကွန်နဲ့ မောင်းကွတ်ဘုရင်တို့လိုပဲ လူထုလေးစားမှုကို ခံရတဲ့ဘုရင်ကတော့ သူတို့ရဲ့ မြေးမြစ်တော်စပ်တဲ့ ဘူမိဘောဘုရင် ဖြစ်ပါတယ်။

သူ့ဖခမည်းတော် ဆေးပညာသင်နေရင်း အမေရိကန်မှာ ဖွားမြင်ခဲ့တဲ့ ဘူမိဘောဟာ သူ့နောင်တော်လိုပဲ ပြည်ပမှာ မွေးတဲ့ထိုင်းဘုရင်လည်း ဖြစ်ပါတယ်။

ခမည်းတော် မရှိတဲ့နောက်မှာလည်း သူတို့မယ်တော်က သားတော်သမီးတော်တွေကို ဆွစ်ဇာလန်မှာ ပညာသင်ကြားစေတဲ့အတွက် ၁၉၃၃ ကနေ ၁၉၅ဝ ကြားနှစ်တွေကို ပြည်ပမှာ ဘူမိဘော ကုန်ဆုံးခဲ့ပါတယ်။

ဘကြီးတော် သတ္တမရာမလက်ထက်ကစပြီး အခြေယိုင်ခဲ့တဲ့ ထိုင်းဘုရင်စနစ်ကိုလည်း သူကပြန်လည်တည့်မတ်ပေးခဲ့ပြီး ဘုရင့်သြဇာကို စည်းမျဉ်းခံဘုရင်တပါးထက်ပိုပြီး ကြီးမားစေပါတယ်။

၁၉၄၉ ဖွဲ့စည်းပုံဥပဒေနဲ့ ၁၉၃၂ က ဆုံးရှုံးခဲ့ရတဲ့ တချို့အာဏာတွေကို ဘုရင့်မိသားစု ပြန်လည်ရရှိခဲ့ပါတယ်။

လယ်ထွန်မင်္ဂလာဆင်တာလို ဘုရင့်အခမ်းအနားတွေ ပြန်လည်ကျင်းပလာပြီး အမျိုးသားနေ့ကိုလည်း ၁၉၃၂ တော်လှန်ရေးဖြစ်တဲ့နေ့ကနေ ဘုရင့်မွေးနေ့ကို ပြောင်းလဲကျင်းပခဲ့ပါတယ်။

စစ်အေးခေတ်ထဲ ဝင်လာတဲ့အချိန်မှာ နန်းတက်ခဲ့တဲ့အတွက် အမေရိကန် ခေါင်းဆောင်တဲ့ ဆီးတိုးစစ်အုပ်စုနဲ့ ထိုင်းနိုင်ငံပိုနီးစပ်လာသလို စစ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။

ထိုင်းစစ်အစိုးရတွေ နိုင်ငံရေးအကျပ်အတည်းဆိုက်တဲ့အခါမှာ ဘုရင်က ဝင်ပြီးဖြေရှင်းစေ့စပ်ပေးတယ်လိုလည်း ဆိုပါတယ်။

သူ့လက်ထက်မှာပဲ ကျေးလက်လူထု လူနေမှုအဆင့်မြင့်ရေးအတွက် ဘုရင်ကိုယ်တိုင် အားထုတ်ခဲ့သလို အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ထိုင်းနိုင်ငံစီးပွားရေးဟာ အိမ်နီးချင်းနိုင်ငံတွေထက် တိုးတက်လာခဲ့ပါတယ်။

ဗီယက်နမ်စစ်ကို အမှီပြုပြီး ထိုင်းစီးပွားရေးတိုးတက်လာတယ်လို့လည်း ပြောကြပါတယ်။

တဘက်မှာလည်း ခေတ်မီမှုကြောင့် ထိုင်းယဉ်ကျေးမှုတွေ ပျက်စီးတယ်လို့ ရှုမြင်ကြပါတယ်။

ဒီတိုးတက်မှုတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေရှာနိုင်တဲ့ နိုင်ငံတွေထဲမှာ ထိပ်က ပါလာခဲ့ပါတယ်။

သူ့လက်ထက်မှာပဲ မြန်မာနဲ့ သမိုင်းတလျောက် တင်းမာခဲ့မှုတွေကို မြန်မာဘက်က တောင်းပန်မှုနဲ့ ပြန်လည်စေ့စပ်ခဲ့ပါတယ်။

သူ့အရိုက်အရာကို သားဖြစ်သူ ဝချီရာလောင်ကွန်းက ဆက်ခံပြီး နန်းတက်ပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ ဒီဘုရင်ကို ထိုင်းသမိုင်းမှာ လေယာဉ်ကို ကိုယ်တိုင်မောင်းတဲ့ ပထမဆုံးဘုရင်လို့လည်း သိကြပါတယ်။

ထိုင်းနိုင်ငံကို စိုးစံခဲ့တဲ့ ချက္ကရီဘုရင်တွေ ခေတ်တလျောက် နန်းတွင်းအင်အားပြိုင်မှုတွေ ရှိခဲ့ပေမယ့် မြန်မာမှာလို အစုအပြုံလိုက် သုတ်သင်ပယ်ရှားတာတွေ မဖြစ်ခဲ့ပါဘူး။ ဒီအတွက် ပြုပြင်ရေးနဲ့ အုပ်ချုပ်ရေးတွေမှာ အားထားရတဲ့ မင်းဆွေမင်းမျိုးထဲက အကြီးအကဲတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။

နောက်ပြီး ပြုပြင်ရေးတွေ တကယ်လုပ်မှ နိုင်ငံတည်မြဲမယ်ဆိုတဲ့ အသိကို အင်္ဂလိပ် မြန်မာစစ်ပွဲတွေနဲ့ အင်ဒိုချိုင်းနားကို ပြင်သစ်သိမ်းပိုက်မှုတွေကနေ ထိုင်းဘုရင်တွေ ရခဲ့ပြီး အခြေအနေအရ လိုက်လျော သည်းခံမှုတွေနဲ့လည်း နိုင်ငံပြုပြင်ရေးတွေ လုပ်ခဲ့ကြပါတယ်။

နိုင်ငံအင်အားပြည့်ဝလာတဲ့အခါမှာလည်း အမျိုးသားရေးစိတ်ကို နိုင်ငံအနှံ့ ဖြန့်ပြီး တပြည်လုံးက လူမျိုးပေါင်းစုံကို သိမ်းသွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီမှာ လူနည်းစု ပုန်ကန်မှုတွေ ကြုံခဲ့ရပေမယ့် တောင်ပိုင်းက ခွဲထွက်ရေးပြဿနာကလွဲပြီး ငြိမ်းချမ်းအောင် ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။

บทความก่อนหน้านี้จักรทิพย์ สั่งตำรวจทุกหน่วย กวดขันลูกน้องเรื่องทรงผม ต้องเนี้ยบ สั้น เป๊ะ
บทความถัดไปบี น้ำทิพย์ ร้อนจนสุดทน ขอวิธีคลายร้อน 1 ข้อ ต้องทำยังไง