မိန်းကလေးကို သိန်း ၁၂၀နဲ့ တောင်းရမ်းလက်ထပ်ခဲ့တဲ့ တရုတ်နိုင်ငံသားကိုဖမ်း

ရန်ကုန်မြို့ အထည်ချုပ် စက်ရုံ တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်ကလေးတစ်ဦးကို မြန်မာစကား မတတ်သူ တရုတ်နိုင်ငံသားတစ်ဦးက စကားပြန်ကနေတစ်ဆင့် ကျပ် သိန်း၁၂၀ နဲ့ တင်တောင်း မင်္ဂလာဆောင်ခဲ့ပြီး နောက်တစ်နေ့ မှာ သူနဲ့ စကားပြန် အမျိုးသမီးကို ရဲကဖမ်းလိုက်ပါတယ်။

သူတို့ကို လူကုန်ကူးမှု ဥပဒေနဲ့ ဖမ်းတာလို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ရဲမှူးဝေလွင်က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသားလုပ်ငန်းရှင်က အဲဒီ မိန်းကလေးရဲ့ ဇာတိ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ဝါးကောက်ကျေးရွာအုပ်စုက ရွာမှာ မင်္ဂလာဆောင်ခဲ့ပြီးတော့ ဧပြီလ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရန်ကုန်မှာ သူနဲ့စကားပြန် အမျိုးသမီးကိုဖမ်းလိုက်တာ ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးက လူကုန်ကူးမှုဖြစ်အောင် စီစဉ်ပေးသူလို့ ရဲကပြောပါတယ်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၁၉ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု ၂၂ ခု အနက် ၁၉ ခုဟာတရုတ်နိုင်ငံနဲ့ အဓိကတိုက်ရိုက်ပတ်သက်ပြီး အဓမ္မလက်ထပ်မှုတွေ ဖြစ်တယ်လို့လည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဘယ်မှာစတွေ့တာလဲ

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဝါးကောက်ကျေးရွာအုပ်စုက အဲဒီ မိန်းကလေးဟာ ရန်ကုန် လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေသူပါ။ သူ့ကို လက်ထပ်ဖို့ ချဉ်းကပ်လာတဲ့ တရုတ်လူမျိုးကတော့ လှိုင်သာယာ စက်မှုဇုန်မှာပဲ စက်ရုံတည်ထောင်ပြီး လာအလုပ်လုပ်နေသူ ဖြစ်ပါတယ်။

ဆိုင်ကယ်ကယ်ရီ မောင်းသူ သူ့အစ်ကိုကနေ တစ်ဆင့် တရုတ်နိုင်ငံသားရဲ့ စကားပြန်က ချိတ်မိပြီး မင်္ဂလာဆောင်ဖို့ပြီးခဲ့တဲ့ ဧပြီလဆန်းက မိန်းကလေးရဲ့ ရွာကို လာပြီး မိဘစုံရာနဲ့ လာပြီး ညှိကြပါတယ်။

မင်္ဂလာဆောင်ဖို့ ကျပ် သိန်း၃၀ ထုတ်ပေးခဲ့ပြီး မင်္ဂလာဆောင်တဲ့နေ့မှာ သိန်း၁၂၀ တခါတည်း ပေးမယ်လို့ တရုတ်နိုင်ငံသားက ပြောခဲ့ကြောင်း အဲဒီမိန်းကလေးရဲ့ မိခင်က ပြောပြပါတယ်။

တရုတ် နိုင်ငံသား အမျိုးသားက မင်္ဂလာဆောင် ပြီးရင် တရုတ်နိုင်ငံကို ခေါ်သွားဖို့ ပြောပေမဲ့ မိဘတွေက သဘောမတူတာကြောင့် မြန်မာနိုင်ငံမှာပဲ နေမယ် ပြောကာ လက်ထပ်ရန် စီစဉ်ခဲ့တာ ဖြစ်တယ်လို့ လည်း မိခင်ဒေါ်ညိုက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရန်ကုန်မှာ တရုတ်နိုင်ငံသားနဲ့ စကားပြန်အမျိုးသမီးကို ဖမ်းလိုက်ပြီးနောက် မိန်းကလေးရဲ့မိဘတွေကလည်း ရဲကငွေပြန်သိမ်းမှာစိုးလို့ တိမ်းရှောင်နေကြပါတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

မိဘကအတင်းပေးစားတာလား

အဲဒီ မိန်းကလေးမိဘတွေကတော့ အဓမ္မလက်ထပ်ပေးတာ မဟုတ်ဘဲ သမီးကိုယ်တိုင်သဘောတူ လက်ခံတာဖြစ်တယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

အဲဒီ မိန်းကလေးဟာ အသက်၁၈ နှစ် ပြည့်ဖို့လပိုင်းလိုသေးသူတစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကချင် နဲ့ ရှမ်းပြည်နယ်ဘက် မှာ အမျိုးသမီးတွေကို ဇနီးမယားအဖြစ် ရောင်းစားဖို့ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လူကုန်ကူးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေဟာ အသက် ၁၄ နှစ် ကနေ အသက် ၄၆ နှစ်အကြား အရွယ်တွေ များတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ၇က်နေ့က ထုတ်ပြန်တဲ့ Human Rights Watch (HRW) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

လူကုန်ကူးမူတွေ ဟာ အခုအခါ ပုံစံ ပြောင်းလာနေပြီး တရုတ်နိုင်ငံသားတွေဟာ အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံထဲကို ရောက်လာပြီး ကိုယ်တိုင်ဆက်သွယ် ဆောင်ရွက်တာတွေ တွေ့နေရတယ် လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး အငြိမ်းစားရဲမှူးကြီး ဦးခင်မောင်လှက ဘီဘီစီကို ပြောပါတယ်။

ရပ်မိ ရပ်ဖက သံသယရှိ

အဲဒီ တရုတ်နိုင်ငံသားက မင်္ဂလာဆောင်ကို တရားရုံးမှာ လက်မှတ်မထိုးလိုဘဲ ရွာမှာပဲ နားလည်မှုနဲ့ မင်္ဂလာဆောင်ပြီး ခေါ်သွားဖို့ စကားပြန်က ပြောတာကြောင့် ရပ်ရွာဘက်ကလည်းသံသယ ရှိနေတယ်လို့ ရပ်မိ ရပ်ဖတစ်ဦး ဖြစ်သူ ဦးညွန့်မောင်က ဘီဘီစီ ကို ပြောပါတယ်။

မင်္ဂလာဆောင်ခင် ရက်ပိုင်းအလိုကတော့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး လာပြီးစစ်ဆေးမှုလုပ်ခဲ့တယ်လို့လည်း ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ခေါ်သွားခံရပြီး ပြန်လွတ်မြောက်လာသူတွေရဲ့ ပြောဆိုမှုအရ ရောင်းစားခံရသူတွေဟာ တရုတ်ဘက်က ကျေးရွာတွေကို ပို့ဆောင်ခံရပြီး အခန်းထဲ ချုပ်နှောင်ခံရ၊ မုဒိမ်းကျင့််ခံရပြီး ကိုယ်ဝန်ရှိလာကြလို့ ကလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း အလုပ်သမားလို တချိန်လုံး ခိုင်းစေခံရကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာချိန်မှာလည်း ကလေးကို ချန်ထားခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ အခက်ကြုံရသလို လက်ရှိနေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း ကြုံတွေ့ရတာတွေကို ထုတ်ပြောဖို့ အခက်တွေ့ကြတယ်လို့ ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းက လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာတဲ့ အမျိုးသမီး မိန်းကလေးငယ် ၃၇ ဦးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ HRW အစီရင်ခံစာက ပြောပါတယ်။

ဘာဆက်လုပ်ရမှန်းမသိ

ဧပြီလ ၂၁ ၇က်နေ့မှာ သမီးဖြစ်သူကို တရုတ်နိုင်ငံသားနဲ့ မင်္ဂလာဆောင်ပေးစားပြီးမှ ရဲကလူကုန်ကူးမှုနဲ့ဖမ်းလိုက်တော့ မိဘတွေကတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြပါတယ်။

တရုတ်နိုင်ငံသားက မင်္ဂလာဆောင်ပြီး ၂လ ၃လ လောက် ကြာရင်တော့ တရုတ်နိုင်ငံကို ဆွေပြမျိုးပြ သွားလိုတယ်လို့ စကားပြန်ကတဆင့် ပြောကြောင်းလည်း ရပ်မိ ရပ်ဖတစ်ဦးဖြစ်သူ ဦးညွန့်မောင်က ပြောပါတယ်။

မိဘတွေအနေနဲ့တော့ သမီးကို မင်္ဂလာဆောင်ပြီး တင်တောင်းတဲ့ငွေနဲ့ လုပ်ကိုင်စားသောက်ကြဖို့ စီစဉ်ပြီးမှ အခုလို ကြုံတွေ့ရတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တစ်ဝိုက်မှာလည်း တရုတ်နိုင်ငံသားတွေ စကားပြန်နဲ့ ဇနီးမယားလိုက်ရှာတာတွေ တွေ့နေရတယ်လို့ ညောင်တုန်းဒေသခံတွေကပြောပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုတွေဟာ အခုအခါ ပုံစံ ပြောင်းလာနေကြောင်း၊ တရုတ်နိုင်ငံသားတွေဟာ အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံထဲ ကို ရောက်လာပြီး ကိုယ်တိုင်ဆက်သွယ် ဆောင်ရွက် တာတွေရှိကြောင်း၊အခုဖြစ်ရပ်ဟာ လူကုန်ကူးမှုလို့ သံသယဖြစ်စရာတွေရှိပြီး ဒီလို အလားတူ လူကုန်ကူးမှုမျိုးကို ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ တရုတ်နိုင်ငံသားတွေ ကျူးလွန်ခဲ့တာ ရှိကြောင်းလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး အငြိမ်းစား ရဲမှူးကြီး ဦးခင်မောင်လှ ကပြောပါတယ်။

တရုတ်နိုင်ငံသားက ဇနီးမယားဖြစ်လက်ထပ်ခဲ့တဲ့ အဲ့ဒီ့မိန်းကလေးနဲ့ မိသားစုဟာ အခုအခါ ဇာတိရွာမှာ မရှိတော့ဘဲ ရန်ကုန်ကို ပြောင်းသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

บทความก่อนหน้านี้เผยเจ้าของร้านเครื่องเสียง โดนทวงหนี้ทุกวันจนมืดแปดด้าน ก่อนลงมือฆ่าลูก-เมีย 3 ศพ
บทความถัดไปAvengers เผด็จศึก มาแรง! แฟนคลับไทยแน่นโรง แค่วันเดียวโกย 150 ล้านบาทแล้ว