ဆံရစ်ဝိုင်း – ဆံပင်ပုံ ကြည့်ရုံနဲ့ အပျိုလား အိမ်ထောင်ရှင်လား ခွဲနိုင်တဲ့ရွာ

မိန်းကလေးတွေရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ရုံနဲ့ အပျိုလား၊ ပိုင်ဆိုင်သူ ရှိပြီးသား အိမ်ထောင်ရှင်လား ဆိုတာ ခွဲခြား နိုင်တဲ့ ကျေးရွာလေး တစ်ရွာ မြန်မာ နိုင်ငံမှာ ရှိနေတယ် ဆိုရင် မအံ့သြဘဲ နေမယ့်သူ သိပ်ရှိမှာ မဟုတ်ပါဘူး။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ဘိုးဘွား စဉ်ဆက် အခု အချိန်အထိ တန်ဖိုးထား ထိမ်းသိမ်းကြတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ရွာလေးတစ်ရွာမှာ မိန်းကလေးနဲ့ ယောက်ျားလေးတွေ အားလုံး ဆံရစ်ဝိုင်းနဲ့ သျှောင်ပေးစူးလေးတွေ ကိုယ်စီ ထားကြပါတယ်။

ရွာလေးရဲ့ နာမည်က ရေပုတ်ကြီးလို့ ခေါ်ပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလှတဲ့ နေရာမှာ တည်ရှိပါတယ်။

ရေပုတ်ကြီးရွာလို့ ဆိုလိုက်ရင် ဆံရစ်ဝိုင်းနဲ့ တွဲပြီး သိကြတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

တစ်ရွာလုံးက မိန်းကလေး၊ ယောက်ျားလေးတွေက နို့စို့ အရွယ် ကလေးငယ် ဘဝကတည်းက စတင်ပြီး ရိုးရာ ဆံပင်ပုံစံ ထားကြတာပါ။ အခု လောလောဆယ် ရွာမှာ ဆံရစ်ဝိုင်း ထားသူ စုစုပေါင်း ၆၇၄ ယောက် ရှိပါတယ်။

အသက်အရွယ်အလိုက် ဆံပင်ပုံစံ အခေါ်အဝေါ် မတူ

မိန်းကလေးတွေ ထားတဲ့ ဆံပင်ပုံစံကို ဆံရစ်ဝိုင်းလို့ ခေါ်ပြီး ယောက်ျားလေး တွေရဲ့ ရိုးရာ ဆံပင် ပုံစံကိုတော့ သျှောင်ပေစူးလို့ ခေါ်ပါတယ်။

ဒီဆံပင်ပုံစံကို ရင်ခွင်ပိုက် ကလေးငယ် အရွယ်လေးတွေမှာ စတင် ထားကြတာပါ။

လသား အရွယ်မှာ ငယ်ထိပ်ပေါ်မှာ ဦးစွန်းဖုတ် လို့ ခေါ်တဲ့ ဆံပင်လေးကို ပထမဆုံး စထားပါတယ်။ အဲဒီ ဆံပင် ပုံစံကို ကြည့်ပြီး သူဟာ မိခင်ရဲ့ ရင်ခွင်မှာ ခိုလှုံနေတဲ့ ကလေး အရွယ်သာ ရှိပါသေးတယ်လို့ ဖော်ပြတာဖြစ်ကြောင်း ရေပုတ်ကြီး ရွာသူ မပြုံးပြုံးရီက ဘီဘီစီကို ပြောပါတယ်။

ကလေးတွေ သုံးနှစ် လေးနှစ် အရွယ်ရောက်တော့ အဲဒီ ဆံပင်လေးကို ကြက်တောင်စည်းလေး စတင် စည်းလာပါတယ်။

ဒါက မိခင်ရင်ခွင်မှာ နို့စို့ နေတဲ့ အရွယ်ကနေ ကင်းလွတ်ပြီး လမ်းလျှောက် ကစားနိုင်တဲ့ အရွယ် ရောက်ပြီဆိုတာ ဖော်ပြတဲ့ သဘောဖြစ်ပါတယ်။

တခါ အသက် ၉ နှစ် ၁၀ နှစ် အရွယ် ရောက်တဲ့ အခါ ကြက်တောင်စည်းလေးတွေ ရှည်လာပြီး မိန်းကလေးတွေက ဆံရစ်ဝိုင်းပေါ်မှာ ဆံထုံးလေးတွေ ထုံးလို့ ရလာကြပြီး ယောက်ျားလေးတွေကလည်း သျှောင်ပေစူးလေးတွေ စထုံးလို့ ရလာကြပါပြီ။

အဲဒါက သားတို့ သမီးတို့ဟာ ကျောင်းနေ အရွယ် ရောက်ကြပါပြီလို့ ဆံပင်နဲ့ ပုံဖော် ပြသတာ ဖြစ်တယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။

အဲဒီက တဆင့် မိန်းကလေးတွေ ၁၅ နှစ် ၁၆ နှစ် အရွယ် ရောက်တော့ ဂျပန် ဆံထောက်လို့ ခေါ်တဲ့ ဆံထောက် ဆံပင် ထားကြပါတယ်။

အဲဒီ ဆံပင်ပုံ ကို ကြည့်ပြီး ဒီမိန်းကလေးတွေဟာ ကလေး ဘဝ အရွယ် ကျော်လွန်လို့ အပျိုဖော်ဝင်လာတဲ့ အရွယ်ပါလို့ ဆံပင်နဲ့ ဖော်ပြတာဖြစ်ပါတယ်။

၁၇ နှစ် ၁၈ နှစ် ရောက်တော့ ဂျပန် ဆံထောက် နောက်ကောက် လို့ ခေါ်တဲ့ နားနောက်မှာ ဆံထောက်ကွေးလေးတွေထားတဲ့ ပုံစံ ပြောင်းလဲ ထားကြပါတယ်။

ဒီမိန်းကလေးက အပျိုလေး ဖြစ်ပါပြီ၊ ချစ်ချင်သူတွေ ချစ်လို့ ရပါပြီ၊ ပိုးချင် ပန်းချင်သူတွေလည်း ပိုးပန်းလို့ ရပါပြီလို့ အဲဒီဆံပင်က ဖော်ပြပါတယ်။

ကိုယ်ပြောချင်တဲ့ စကားကို နှုတ်ကနေ ဖွင့်ဟ မပြောဘဲ ဆံပင်လေးတွေနဲ့ ပုံဖော်ပြီး ပြောတာလို့ ရှေးလူကြီးသူမတွေက ပြောခဲ့တယ်ဆိုပြီး မပြုံးပြုံးရီရဲ့ မိခင်နဲ့ အဘွား ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ကျ သွားတဲ့ အမျိုးသမီးတွေ ကတော့ ဆံရစ်ဝိုင်း တွေဖြုတ်လိုက်ပြီး ဆံပင်ကို အုပ်လုံးသိမ်းလိုက်ကြပါတယ်။

ဆိုလိုတာက သူ့မှာ အုပ်ထိန်းသူ လင်ယောက်ျား ရှိပါပြီ၊ ပိုးပန်း ချင်သူတွေ မချစ်ကြ မပိုးပန်းကြပါနဲ့တော့လို့ ဖော်ပြတာဖြစ်ပါတယ်။

ကလေးဘဝ ခံစားချက်

ငယ်ငယ်တုန်းက အနီးဝန်းကျင်က ရွာတွေ သွားတဲ့အခါ ဆံရစ်ဝိုင်းနဲ့ ဆံပင်ပုံကို ကြက်ချေးပုံ နွားချေးပုံ ခေါင်းမှာ တင်ထားတာလို့ စကြ နောက်ကြတာ တွေခံရလို့ ဆံရစ်ဝိုင်းကို ဘာကြောင့်များ ထားပေးရတာလဲ ဒီဆံပင် မထားချင်တော့ဘူးလို့ မိဘတွေကို ပြန်ပြောခဲ့မိတယ်လို့ မပြုံးပြုံးရီက ပြောပါတယ်။

မိဘတွေက ကဲ့ရဲ့ တာတွေ ဂရုမစိုက် ဖို့နဲ့ ဘိုးဘွား လက်ထက်ကတည်းက အစဉ်အလာမပျက် ထားခဲ့တဲ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ဆံရစ်ဝိုင်းလေးတွေ ထားတာလို့ ရှင်းပြခဲ့ပြီး အခုတော့ နားလည်လာပါပြီလို့ သူက ပြောပါတယ်။

အမျိုးသား တွေကတော့ ရှင်ပြုတဲ့ အရွယ် ခေါင်းတုံး တုံး ပြီးတဲ့နောက်မှာ ဆံရစ်ဝိုင်းကို ဆက်မထားတော့ဘဲ သာမန် ဘိုကေပုံစံ ထားကြတာ များတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်း အထက်တန်းကျောင်းမရှိ

အိမ်ခြေ ၆၅၀ လောက်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ရေပုတ်ကြီး ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ အတွက် ဒေသ ဖွံ့ဖြိုးမှုကလည်း နိမ့်ကျ တယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

စာသင်ကျောင်း ဆိုလို့လည်း လေးတန်း အထိသာ သင်နိုင်တဲ့ မူလတန်းကျောင်း တစ်ကျောင်းသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကမှ အဲဒီ ကျောင်းလေးက အလယ်တန်းကျောင်း အဆင့်ဖြစ်လာတယ်လို့ လွှတ်တော် အမတ် ဦးထွန်းထွန်းက ပြောပါတယ်။

အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်း အဆင့် အထိ ဖြစ်လာနိုင်ဖို့ အခြေ အနေကလည်း နည်းပါးသေးတယ်လို့ သူက ပြောပါတယ်။

သူတို့ရွာနဲ့ အနီးဆုံး အထက်တန်းကျောင်းက ၈ မိုင်အကွာမှာ ရှိတဲ့ ရှောက်တော ကျေးရွာမှာပဲ ရှိပါတယ်။

တစ်ဦးတည်းသော ရေပုတ်ကြီးရွာသား တက္ကသိုလ်ကျောင်းသား

ရွာကနေ မြို့ကို သွားနိုင်တဲ့ အနေအထား မရှိတဲ့ အတွက် ရွာမှာ ပညာ ထွန်းပေါက်သူ ကလည်း ရှားပါးတယ်၊ တက္ကသိုလ် အထိ တက်နိုင်သူက ရေပုတ်ကြီးရွာ တစ်ရွာလုံးမှာ တစ်ယောက်ပဲ ရှိသေးတယ်လို့ ပွင့်ဖြူမြို့နယ် အမတ်နဲ့ ရွာခံ လူတွေက ပြောပါတယ်။

အဲဒီ ကျောင်းသားက ကိုနိုင်အေးဆိုတဲ့ အသက် ၂၄ နှစ် အရွယ် လူငယ်ဖြစ်ပြီး အခု မကွေး နည်းပညာ တက္ကသိုလ်မှာ ပညာသင်နေ တာ နောက်ဆုံးနှစ်ကို ရောက်နေပါပြီ။

မောင်နှမ ငါးယောက် ရှိတဲ့ ကိုနိုင်အေးက သူ့ထက်ငယ်တဲ့ ညီတွေ ညီမတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကုန်ကြပြီလို့ ဆိုပါတယ်။

တက္ကသိုလ် ပညာ သင်နိုင်တဲ့ အထိ ဖြစ်လာဖို့ သူကြိုးစားခဲ့ရတာလည်း လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။

မူလတန်း ကျောင်းသာ ရှိတဲ့ ရေပုတ်ကြီးရွာကနေ ၄ တန်း အောင်တော့ ရွာနဲ့ ၈ မိုင်ဝေးတဲ့ ရှောက်တောရွာအထိ နေ့စဉ် နေပူပူ မိုးရွာရွာ စက်ဘီးနင်းပြီး ကျောင်းတက် ခဲ့ရတယ်လို့ ကိုနိုင်အေးက ပြောပါတယ်။

လမ်းတဝက်က မြေနီလမ်း၊ ကျန်လမ်း တဝက်သာ ကျောက်လမ်း ရှိအတွက် ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ ဒီခရီးကို ၅ တန်းကနေ ၉ တန်း အထိ နေ့စဉ် စက်ဘီးနဲ့ ကျောင်းတက်ခဲ့တာပါ။ ၁၀ တန်းနှစ် ရောက်တော့ ဘော်ဒါ နေရင်း ကျောင်းတက်ခဲ့တာ ဖြစ်ပါတယ်။

မိုးကသည်း စက်ဘီးကလည်း ပျက်တဲ့ အခါမျိုးမှာ လမ်းမပေါ် တစ်ယောက်တည်း ထိုင်ငိုနေခဲ့မိပြီး ကျောင်း ဆက်မတက်ချင်တော့ဘူး ဆိုတဲ့ စိတ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးတယ်လို့ သူက ပြန်ပြောပြပါတယ်။

အခုတော့ ၂၀၁၈ ခုနှစ်က မြေနီလမ်းလေး ဖောက်လုပ်ခဲ့တဲ့ အတွက် အရင်ကထက် သွားရေး လာရေး ပိုမို လွယ်ကူလာပြီမို့ ကလေးတွေ တခြားရွာ အလွယ်တကူ သွားပြီး အထက်တန်းကျောင်း တက်နိုင်ကြပြီလို့ ရွာသားတွေက ပြောပါတယ်။

ဒေသဖွံ့ဖြိုးမှုနိမ့်ကျ

ရေပုတ်ကြီးရွာဟာ မိုးခေါင်ရေရှား အရပ်ဒေသမှာ တည်ရှိတဲ့ အတွက် ရေရှားပါးလှပါတယ်။ လက်ခပ် ရေတွင်း တွေကိုသာ အသုံးပြုကြရပြီး နွေရာသီ ရောက်တဲ့ အခါမှာ အဲဒီတွင်းတွေက ရေတွေ ခန်းခြောက်သွားတဲ့ အတွက် ရေပြတ်လပ်တဲ့ ဒုက္ခကို နှစ်စဉ် ကြုံရတတ် တယ်လို့ ရွာခံတွေက ပြောပါတယ်။

တစ်ရွာလုံးမှာ လျှပ်စစ်မီးလည်း မရှိသေးပါဘူး။

အခုတော့ ရိုးရာ ဓလေ့ကို အမြတ်တနိုး လက်ဆင့်ကမ်း ထိန်းသိမ်းကြတဲ့ ရိုးသားတဲ့ ရေပုတ်ကြီး ရွာလေးအကြောင်း တစစ သိလာကြပြီး အနယ်နယ် အရပ်ရပ်က လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်း ပိုများ လာကြပါပြီ။

ရေပုတ်ကြီး ရွာသူ ရွာသားတွေကတော့ သူတို့ ရွာလေး ပိုမို တိုးတက်လာစေဖို့ မျှော်လင့် နေကြပါတယ်။

အနှစ်တထောင် ပြည့်တော့မယ့် ပုဂံ

လူထု အခြေပြု ခရီးသွားလုပ်ငန်း တိုးတက်ဖို့ စီစဉ်

บทความก่อนหน้านี้ปลดล็อกกัญชาล่าช้าเหลือเกิน : บ.ก.ตอบจดหมาย
บทความถัดไปคอมราด อิน อาร์มส์ ฝ่ายุทธการเตะสกัดขา : ข่าวทะลุคน