မြန်မာလူသတ်ကွင်းများအမည်ရ ရုပ်သံမှတ်တမ်း BAFTA ထူးချွန်ဆုရ အပါအဝင် မနက်ခင်း သတင်းများ

ဗြိတိသျှရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဆု စွတ်ခူးသွားတဲ့ မြန်မာလူသတ်ကွင်းအမည်ရ ရုပ်သံမှတ်တမ်း

BBC
ဗြိတိသျှရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဆု စွတ်ခူးသွားတဲ့ မြန်မာလူသတ်ကွင်းအမည်ရ ရုပ်သံမှတ်တမ်း

မြန်မာလူသတ်ကွင်းများအမည်ရ ရုပ်သံမှတ်တမ်း ဆုရရှိ

လန်ဒန်မှာ ကျင်းပတဲ့ ဗြိတိသျှရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ထူးချွန်ဆုပေးပွဲ (BAFTA) မှာ မြန်မာအာဏာပိုင် တွေက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ အကြောင်းရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်း ဆုရရှိခဲ့ပါတယ်။

မြန်မာလူသတ်ကွင်းများလို့ နာမည်ရတဲ့ Myanmar Killing Fields ရုပ်သံမှတ်တမ်းက မျက်မှောက်ရေးရာဆုကို ဆွတ်ခူးသွားပါတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေ အကြောင်း ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ ကွန်ယက်က လျှို့ဝှက် ရုပ်သံ ရိုက်ကူးထားတွေကို အဲဒီရုပ်သံမှာ အဓိက ပုံဖော်ထားတာပါ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်ပိုတိုးလာ

BBC
မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်ပိုတိုးလာ

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်ပိုတိုးလာ

မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မေလအတွင်း အပူချိန်တွေ တိုးနိုင်ပြီး၊ အပူဒဏ်တွေ ထပ်ခံစားရနိုင်သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီဒေသတွေမှာ မေလရဲ့ လက်ကျန်ရက်တွေအတွင်း အပူချိန်တွေက မြင့်တက်ပြီး ပိုပူနိုင်တဲ့အပြင် အပူရှိန်ပြင်းဆုံးမြို့နယ်တွေကတော့ ချောက်မြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တို့ဖြစ်နေပါတယ်။ ချောက်မြို့နယ်မှာ အပူချိန် ၄၇.၁ ဒီဂရီစင်တီဂရိတ်နဲ့ ဂန့်ဂေါမှာတော့ ၄၇ဖြစ်ပါတယ်။

အခုအပူချိန်တွေက ဆယ်စုနှစ်တွေအတွင်း ချောက်၊ ဂန့်ဂေါ၊ ကျောက်ဆည်၊ ဟဲဟိုး၊ ဖလမ်းစတဲ့ မြို့တွေမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း စံချိန်တင်ပူပြင်းခဲ့တဲ့ အပူချိန်တွေလည်းဖြစ်တယ်လို့ ဦးလှထွန်းကပြော ပါတယ်။

မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံလေဝင်ရောက်တဲ့အချိန်ကျမှ အခုလိုမြင့်တက် နေတဲ့ အပူချိန်တွေပြန်လည်ကျဆင်း နိုင်မယ်လမိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထား ပါတယ်။

အနောက်တောင်မုတ်သုံကလည်း မြန်မာနိုင်ငံတောင်ပိုင်းကို မေလ ၁၈ရက်ကနေ ၂၃ရက်အတွင်း၊ ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မေလ ၂၄ရက်ကနေ ၂၈ရက်အတွင်းမှ ဝင်ရောက်နိုင်မှာလို့ ဦးလှထွန်းကပြောပါတယ်။

စံချိန်တင်ပူပြင်းမှုတွေဟာ ပြီးခဲ့တဲ့ဧပြီတုန်းက ပဲခူး၊ ဧရာဝတီနဲ့ မြန်မာနိုင်ငံအောက်ပိုင်းမြို့တွေမှာ ဖြစ်ခဲ့ပြီး အခုမေလမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေမှာအများဆုံးဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်းအထိ ကျယ်ပြန့်လာတဲ့အတွက် လူထုအတွင်းမှာ စိုးရိမ်မှုတွေ တိုးများလာ

Getty Images
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်းအထိ ကျယ်ပြန့်လာတဲ့အတွက် လူထုအတွင်းမှာ စိုးရိမ်မှုတွေ တိုးများလာ

အမ်းမြို့နယ်မှာ တပ်ကားတန်းတစ်ခု မိုင်းခွဲတိုက်ခံရ

အမ်းမြို့နယ် တန်းတင်ကျေးရွာအုပ်စု ၊ ညောင်ချောင်းကျေးရွာနဲ့ အောင်သပြေ (ဓါတ်တော်) ကျေးရွာကြားမှာ မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဓာတ်တော် ကျေးရွာနေ တန်းတင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်သန်း မြင့်ပြောပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်းက ဓါတ်တော်ရွာရဲ့ တစ်မိုင်ခွဲခန့် ကားလမ်းပေါ်မှာ တပ်မတော်စစ်ကားတန်းကို ရက္ခိုင့် တပ်မတော် အေအေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ရာကနေ ဖြစ်ခဲ့တာလို့ ရွာသားတွေက ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမရရှိသေးဘူးလို့ ပြောပါတယ်။

အလားတူ ပုဏ္ဍားကျွန်းမြို့နယ် လောင်းပုတ်ကျေးရွာ နားမှာ မနက် ၁၁နာရီကျော်ကနေ ညနေ ၄နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် လောင်းပုတ်ရွာသားတွေဟာ အနီးအနားက ရွာတွေကို ထွက်ပြေးလာခဲ့ရတယ်လို့ ဒေသခံ မြိုတိုင်းရင်းသူ မလေးလေးဝါးက ဆိုပါတယ်။

ထို့အတူ ဘန်းဗွီ၊ အောင်မကျော်၊ အထက်မြတ်လှဲရွာတွေမှာလဲ တိုက်ပွဲတွေ ဖြစ်တာကြောင့် အိမ်ထောင်စု ၂၂ စု လူပေါင်း ၁၀၀ကျော် ထွက်ပြေးသွားကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်းအထိ ကျယ်ပြန့်လာတဲ့အတွက် လူထုအတွင်းမှာ စိုးရိမ်မှုတွေ တိုးများလာနေပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်တင်ပို့ကုန်အတွက် အခွန်ပေးရမည်

တရုတ်နိုင်ငံဟာ အမေရိကန်ကို တင်ပို့တဲ့ကုန်တွေအတွက် အခွန်တွေပေးရမယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ပြောစကားဟာ မှားယွင်းနေတယ်ဆိုတာကို သမ္မတရဲ့ တိပ်တန်းစီးပွားရေးအကြံပေးတွေထဲက တစ်ဦးက အသိအမှတ်ပြုလိုက်ပါတယ်။

အမျိုးသား စီးပွားရေးကောင်စီဥက္ကဋ္ဌ Larry Kudlow က သွင်းကုန်ခွန်ပေးနေ ရတာဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေပဲလို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်အငြင်းပွားမှုကြောင့် နှစ်ဖက်စလုံး ထိခိုက်ခံစားရနိုင်တယ်လို့ ယုံကြည်ကြောင်း ကိုလည်း သူက ဖောက်စ်သတင်းဋ္ဌာနကို ပြောထားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းကတော့ အမေရိကန် နိုင်ငံ ထဲဝင်လာတဲ့ ကုန်ပစ္စည်းတွေ အတွက် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအထိ တရုတ်က အခွန်ပေးနေပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့တွစ်တာအကောင့်ကနေ ပြောထားပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနဟာ များပြားလှတဲ့အဲဒီအခွန်ပေးမှုတွေကနေ အကျိုးရလာဒ်တွေ ရှိထားပြီးဖြစ်လို့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရေး အလောတကြီး လုပ်ဖို့ မလိုအပ်ဘူးလို့လည်း သမ္မတက ပြောထားတာပါ။

ဒါပေမဲ့ သမ္မတရဲ့စီးပွားရေးအကြံပေးကတော့ တရုတ်နိုင်ငံကနေ ဝင်လာတဲ့ ဘယ်ကုပစ္စည်းကို မဆို အခွန်ပေးနေရတာဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေဖြစ်ပြီး ကုမ္ပဏီတွေက ကုန်ကျစရိတ်တိုးလာရင် ဈေးတက်လာတဲ့ဒဏ်ကို အမေရိကန်စားသုံးသူတွေပဲ ခံရမှာလို့လည်း မစ္စတာ Kudlow က ဖောက်စ်သတင်းဋ္ဌာနနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းမှုမှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ အမေရိကန်ဟာ ငါး၊ လက်ကိုင်အိတ်၊ အဝတ်အထည်နဲ့ ဖိနပ်တွေအပါအဝင် တရုတ်ထုတ်ကုန်တွေအပေါ် ဒေါ်လာ ဘီလျံ ၂၀၀ အထိရှိတဲ့ အခွန် ၁၀ ရာခိုင်နှုန်းအထိ တိုးကောက်ခဲ့ပါ တယ်။

သမ္မတ ရာထူးက ဆင်းပေးဖို့ တောင်းဆို ခံနေရတဲ့ ဒူတာတေး

AFP
သမ္မတ ရာထူးက ဆင်းပေးဖို့ တောင်းဆို ခံနေရတဲ့ ဒူတာတေး

ဖိလစ်ပိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲစတင်ပြုလုပ်

ဖိလစ်ပိုင်နိုင်ငံမှာတော့ မဲဆန္ဒရှင်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မဲထည့်နေကြပါပြီ။

ဒီရွေးကောက်ပွဲဟာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ ဒူတာတေးကို လူကြိုက်များမှု ရှိ၊ မရှိ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှု တစ်ခုအဖြစ်လည်း ရှုမြင်ခံထားရပါတယ်။

မဲပေးပွဲမှာ အမတ်လောင်းတွေ အဓိက ယှဉ်ပြိုင်ကြရမှာက သမ္မတရဲ့ပါတီဝင်တွေ အများဆုံးနေရာမရထားတဲ့ အထက်လွှ တ်တော်အမတ်နေရာတွေဖြစ်ပါတယ်။

သမ္မတ ဒူတာတေးဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို သေဒဏ်ပေးတာ၊ အသက် ၂၀ ပြည့်မှ အရွယ်ရောက်ပြီးပြစ်မှု ကျူးလွန်သူအဖြစ် သတ်မှတ်တာတွေကို ပြောင်းလဲချင်နေသူပါ။

လွန်ခဲ့တဲ့ ၃ နှစ် အာဏာ စယူခဲ့တဲ့ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး ဒီလိုသေဆုံးမှု တွေကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ရှုတ်ချထားပါတယ်။

บทความก่อนหน้านี้หนีซุกบ้านเมียกว่า 10 ปี! บุกจับ ‘ไอ้เป้’ ทุบหัวผู้ช่วยผญบ.ดับ เผยเสียดาย อดเลือกตั้ง
บทความถัดไปราชวิถีผ่าตัดกระดูกสันหลังโก่ง ด้วยเทคนิคแผลเล็กแห่งแรกของเอเชีย