အင်ဒိုနီးရှား ရွေးကောက်ပွဲရလဒ် ကန့်ကွက် ဆန္ဒပြသူ ခြောက်ဦးသေဆုံး

မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲ

AFP
မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲ

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ရွေးကောက်ပွဲ နောက်တစ်ကြိမ် အနိုင်ရခဲ့တာကို လူစုလူဝေးနဲ့ ဆန္ဒပြခဲ့မှုမှာ ခြောက်ဦးသေဆုံးပြီး လူ ၂၀၀ ဒဏ်ရာရခဲ့ပါတယ်။

ဆေးရုံတွေကနေ ရတဲ့ သတင်းတွေကို ကိုးကားပြီး လူသေဆုံးမှု အခြေအနေတွေကို ရဲက အတည်ပြုခဲ့တာပါ။

သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းဆဲပါလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လူထုအနေနဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ မယူဆထားစေချင်ဘူးလို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အခု ကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ပျံ့နေတာကို ရပ်နိုင်ဖို့ ဆိုပြီး တချို့နေရာတွေမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ထားလိုက်ပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲ တီတို ကာနာဗီယန်ကလည်း ရဲတွေက ကျည်အစစ်တွေသုံးပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့တယ်ဆိုတာကို ငြင်းဆိုထားပြီး သွေးမဆူကြဖို့ ပြောထားပါတယ်။

တချို့မှာ သေနတ်ဒဏ်ရာ၊ တချို့မှာ အညိုအမဲ ဒဏ်ရာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ ကွဲကွဲပြားပြားသိအောင်လုပ်ရဦးမယ်လို့ သေဆုံးသူခြောက်ဦးကို ရည်ညွှန်းပြီး ရဲချုပ်က ပြောပါတယ်။

ဆန္ဒပြတာတွေက ကြိုတင်စီစဉ်ထားတာတွေဖြစ်ပြီး ရုတ်တရက် ထဖြစ်လာတာတွေ မဟုတ်ဘူးလို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

” ဆန္ဒပြတဲ့သူအများစုက ဂျာကာတာ အပြင်က လာကြတာ” လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ဆန္ဒပြတာတွေ ဘယ်လို စခဲ့တာလဲ

ဆန္ဒပြတာတွေက မြို့တော် ဂျာကာတာမှာ အင်္ဂါနေ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စခဲ့တာပါ။ ဒါပေမဲ့ နောက်တော့ ဆူပူကြမ်းတမ်းတာတွေ ဖြစ်ခဲ့ပါတယ်။ ကားတွေကို မီးတင်ရှို့တယ်။ ရဲတွေကို မီးပန်းတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့တယ်။

ဆန္ဒပြ ဖြိုခွင်းရေး ရဲတွေဘက်ကလည်း လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေ ပစ်သွင်းခဲ့တယ်။

အဲဒီဆန္ဒပြပွဲတွေဟာ လက်ရှိ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက သူ့ရဲ့ ပြိုင်ဘက်ဟောင်း ပရာဘိုဝို ဆူဘန်တိုကို အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ် ကြေညာအပြီးမှာ စဖြစ်ခဲ့တာပါ။

မီးတင်ရှို့ခံထားရတဲ့ကားတွေ

Reuters
မီးတင်ရှို့ခံထားရတဲ့ကားတွေ

သမ္မတရွေးကောက်ပွဲမှာ ဂျိုကိုဝီ မဲ ၅၅ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ အင်္ဂါနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပရာဘိုဝိုဘက်ကတော့ မဲရလဒ်ကို လက်မခံခဲ့ဘဲ မဲလိမ်တာတွေရှိတယ်လို့ စွပ်စွဲထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်တဲ့ ပရာဘိုဝိုဟာ ၂၀၁၄ ရွေးကောက်ပွဲမှာလည်း ဂျိုကိုဝီကို ရှုံးနိမ့်ခဲ့ပြီး တရားစွဲခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

အင်ဒိုနီးရှားမှာ သမ္မတရွေးကောက်ပွဲနဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၁၉၂ သန်း ရှိခဲ့ပြီး ဧပြီလ ၁၇ ရက်တုန်းက မဲပေးခဲ့ကြတာပါ။

ရွေးကောက်ပွဲရလဒ် ကြေညာအပြီးမှာတော့ ရွေးကောက်ပွဲ ကြီးကြပ်တဲ့ရုံးရှေ့မှာ ပရာဘိုဝိုကို ထောက်ခံသူတွေ စုဝေးရောက်လာကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရဲက လူစုခွဲကြဖို့ ပြောအပြီးမှာ ဂျာကာတာရဲ့ တခြားနေရာ တွေကို ရွှေ့သွားခဲ့ပါတယ်။

ဆန္ဒပြသူတွေ ရှေ့တိုးမလာနိုင်အောင် ပိတ်ထားတဲ့ရဲတွေ

Getty Images
ဆန္ဒပြသူတွေ ရှေ့တိုးမလာနိုင်အောင် ပိတ်ထားတဲ့ရဲတွေ
မျက်ရည်ယိုဗုံး ပစ်ပြီး လူစုခွဲခဲ့

Reuters
မျက်ရည်ယိုဗုံး ပစ်ပြီး လူစုခွဲခဲ့
နောက်ပိုင်းမှာ လူဆယ်ဂဏန်းကျော် ဖမ်းခဲ့

Reuters
နောက်ပိုင်းမှာ လူဆယ်ဂဏန်းကျော် ဖမ်းခဲ့

ဆန္ဒပြသူတွေနဲ့ ရဲတွေအကြားတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာကိုလည်း အင်ဒိုနီးရှား ရုပ်သံတွေမှာ ပြသခဲ့ပါတယ်။

အဲဒီလို ဆူပူမှုတွေဖြစ်လာနိုင်တယ်လို့ ကြိုတင်မှန်းဆမှုတွေ ရှိလို့ ရဲအင်အား သုံးသောင်းကျော်ကို ချထားခဲ့တဲ့ကြားက အခုလို လူသေဆုံးမှုတွေ ဖြစ်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာတော့ လုံခြုံရေး အကြီးအကဲ ဝီရန်တိုက တချို့နေရာတွေမှာ ဆိုရှယ်မီဒီယာသုံးလို့ မရအောင် ပိတ်ထားတယ်လို့ ပြောပါတယ်။

ပိတ်ပင်ထားတာတွေထဲမှာ သတင်းမှားဖြန့်ချိဖို့ရည်ရွယ်ပြီး ဓာတ်ပုံတွေ၊ ဗီဒီတွေ ဝေမျှတာတွေကို တားမြစ်ထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

บทความก่อนหน้านี้เอ.พี. ฮอนด้า คว้ารางวัล Marketeer No.1 Brand Thailand 2019 ต่อเนื่องเป็นปีที่ 8
บทความถัดไปอนาคตใหม่ ลั่นปมกู้เงิน 110 ล้าน ทำได้ ถามกลับ ภูมิใจไทย-ปชป. กู้เหมือนกันไม่ตรวจบ้าง