အမေရိကန်နဲ့ အီရန်တင်းမာမှု – ထိပ်တန်းခေါင်းဆောင် ခါမေနီကို ဦးတည် ပိတ်ဆို့

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ်နောက်ထပ် အထိနာစေမယ့် ပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်ပြီလို့ ကြေညာပါတယ်။ အဲဒီ ပိတ်ဆို့မှုက အီရန်ထိပ်တန်း ဘာသာရေးခေါင်းဆောင်ကြီး အလီခါမေနီနဲ့ သူ့ရုံးကို ပစ်မှတ်ထားတာလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်တိုးချရတာဟာ အီရန်က အမေရိကန်ရဲ့ ဒရုန်းလေယာဉ်တစ်စီးကို ပစ်ချခဲ့တာရယ် တခြားအကြောင်းတွေအများကြီးကြောင့်ရယ် ဖြစ်တယ်လို့ မစ္စတာ ထရမ့်ကပြောပါတယ်။

အီရန်ရဲ့ အဆင့်အမြင့်ဆုံး အာဏာကိုင် ခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာခါမေနီကို ရွေးပြီး ပြစ်ဒဏ်ချတာဟာ “အီရန်အစိုးရရဲ့ ရန်လိုမှုတွေအတွက် သူ့မှာ တာဝန်အရှိဆုံး” ဖြစ်တာကြောင့်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးကတော့ အခုလုပ်ရပ်ဟာ အမေရိကန်က “သံတမန်ရေးကို ရွံမုန်းကြောင်း” သက်သေပြလိုက်တာလို့ ဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ်က တွစ်တာကနေ ထရမ့်အစိုးရဟာ “စစ်ပွဲကိုဆာလောင်နေတယ်” လို့လည်း စွပ်စွဲလိုက်ပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တဖြေးဖြေး အရှိန်မြင့်လာနေခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်ကတော့ ဒေါ်လာသန်းထောင်ပေါင်းများစွာတန်မယ့် အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို သုံးစွဲမရအောင် ပိတ်ပင်မယ့် သမ္မတထရမ့်ရဲ့ အမိန့်ပြန်တမ်းဟာ အီရန်က အမေရိကန်ရဲ့ ဒရုန်းလေယာဉ်ကို ပင်လယ်ကွေ့ထဲမှာ ပစ်မချခင် ကတည်းက စဉ်းစားပြင်ဆင်ထားခဲ့တာပါလို့ ပြောပါတယ်။

ဘယ်သူတွေ အထိနာမလဲ

အီရန်အမျိုးသားပြည်စောင့်တပ်ရဲ့ ဒေသတွင်း ရန်လိုဆိုးဝါးတဲ့ လုပ်ရပ်တွေကို ထိပ်ဆုံးက စီမံကွပ်ကွဲတဲ့ တပ်မှူးကြီး ရှစ်ယောက်ကို ပိတ်ဆို့အရေးယူမယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ကြောညာပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ရဲ့ အမိန့်မှာ အီရန်ခေါင်းဆောင်ပိုင်း အနေနဲ့ ဘဏ္ဍာရေးရနိုင်မည့် နည်းလမ်းတွေကို တားဆီး ပိတ်ပင်သွားပြီး၊ ထိပ်တန်းခေါင်းဆောင်ကြီးက ဒါမှမဟုတ် သူ့ရုံးက ထိပ်ပိုင်းနေရာတွေမှာ ခန့်အပ်တာဝန်ပေးခံရသူတွေကိုလည်း ပစ်မှတ်ထား အရေးယူနိုင်ခွင့်ပေးထားပါတယ်။ တစ်ခါ အီရန်အစိုးရကို ငွေကြေးလွှဲပြောင်းရယူနိုင်အောင် ကူညီပေးတဲ့ နိုင်ငံခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေကိုလည်း အရေးယူသွားခွင့် ပြုထားပါတယ်။

အယာတိုလာခါမေနီမှာ ငွေကြေးအမြောက်အများ ချမ်းသာကြွယ်ဝပြီး သူ့ငွေတွေနဲ့ အီရန်ရဲ့ တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ကို ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက သတင်းစာဆောင်းပါးတစ်ပုဒ်မှာ ခါမေနီဟာ ဒေါ်လာ ၉၅ ဘီလျံ ချမ်းသာပြီး အဲဒီငွေတွေကို တော်လှန်ရေးပြည်စောင့်တပ်ရဲ့ ရန်ပုံငွေတွေအဖြစ်လည်း သုံးနေတယ်လို့ ရေးသားခဲ့ဖူးပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ဒီအပတ်နှောင်းပိုင်းမှာ လုပ်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာမနျူချင်က ပြောပါတယ်။

บทความก่อนหน้านี้พบฟอสซิล 70 ล้านปี เหมือนสัตว์ในล็อกเนสส์ ที่แอนตาร์กติกา
บทความถัดไปโชเฟอร์แท็กซี่โพสต์แจง ภาพแอบเซลฟี่ ผู้โดยสารสาวนั่งโป๊ เผยเหรียญมีสองด้านเสมอ