ဗစ်တိုးရီးယား အလှူငွေအကောင့် ပြည်ထဲရေး ငွေကြေးစုံစမ်းရေးအဖွဲ့က ပိတ်

လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခံရတယ်ဆိုတဲ့ နေပြည်တော် Wisdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ ကျောင်းသူလေးအမှု (ဗစ်တိုးရီးယားလို့ အများကခေါ်ကြတဲ့ အမှု)မှာ သုံးစွဲဖို့ အတွက် အများပြည်သူ ဝိုင်းလှူဒါန်းထားကြတဲ့ ဒေါက်တာဝင်းကိုကိုသိန်းရဲ့ နာမည် ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်ကို ဇူလိုင်လ ၁၁ ရက်မှာ အပိတ်ခံလိုက်ရပါတယ်။

သက္ကမိုးညို ခေါ် ဒေါက်တာဝင်းကိုကိုသိန်းအနေနဲ့ ဘဏ်စာရင်း အပိတ်ခံရတယ်ဆိုတာကို အဲဒီငွေစာရင်းထဲကို အလှူငွေလှူသူတွေက ငွေလွှဲလို့မရ၊ အဲဒီလို ဖြစ်တာကို အလှူငွေအတွက် ငွေစာရင်းအတူ တာဝန်ယူထားသူတွေသိတော့မှ သူလည်းသိရတယ်လို့ ပြောပါတယ်။

“တချို့ သမီးလေးအတွက် ငွေလွှဲတာ လွှဲလို့မရတော့ဘူးဆိုပြီးပြောတယ်။ …ဧရာဘဏ်ကို လှမ်းမေးကြည့်တော့ ပြည်ထဲရေးက ငွေကြေးဆိုင်ရာ စုံစမ်းရေးအဖွဲ့က ပိတ်ခိုင်းထားတယ်ဆိုပြီး ပြောပါတယ်” လို့ ဒေါက်တာဝင်းကိုကိုသိန်းက ဘီဘီစီကို ပြောပါတယ်။

သက္ကမိုးညို ခေါ် ဒေါက်တာဝင်းကိုကိုသိန်းဟာ ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပြီး သူဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင် နေသူဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတာတွေကြောင့်ဆိုပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ)နဲ့ ဇူလိုင်လ ၁၀ ရက် မှာ အမှုဖွင့်ခံထားရသူဖြစ်ပြီး လောလောဆယ် ကျပ် သိန်း ၁၀၀နဲ့ အာမခံရထားသူ ဖြစ်ပါတယ်။

အဲဒါကြောင့် သူ့အနေနဲ့ကတော့ အမှုဖွင့်ခံထားရပြီး ဖုန်းအသိမ်းခံထားရလို့ ဘယ်ဘဏ်စာရင်းမှ ဝင်ကြည့်လို့ မရကြောင်း၊ သူနဲ့အတူ အလှူငွေကိစ္စ တာဝန်ယူထားသူတွေကို ဘဏ်စာရင်း user name နဲ့ password ပေးထားကြောင်း၊ အလှူငွေတွေ လွှဲလို့မရတော့မှ ဘဏ်စာရင်း ပိတ်ခံရတာ အဲဒီသူတွေလည်း သိကြောင်း၊ ပြည်ထဲရေးက ငွေကြေးစုံစမ်းရေးအဖွဲ့က သူငွေစာရင်းဖွင့်ထားတဲ့ ဧရာဝတီဘဏ်ကို အဲဒီဘဏ်စာရင်း ပိတ်ခိုင်းလိုက်တာဖြစ်တယ်လို့ ဘဏ်ဘက်ကနေသိရကြောင်း သူက ပြောပြပါတယ်။

လှူဒါန်းထားငွေတွေကို သိမ်းဆည်းခံလိုက်ရသလား ဒါမှမဟုတ် ဘယ်လိုဆက်လုပ်နိုင်မလဲဆိုတာကို ဘီဘီစီက မေးမြန်းတာနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းကိုကိုသိန်းက အဲဒါကို သူမသိရှိကြောင်းနဲ့ အဲဒါဟာ ဘဏ်စာရင်းပိတ်ခိုင်းတဲ့ အဖွဲ့အစည်းနဲ့ ပိုမိုသက်ဆိုင်လို့ ဘယ်လိုဆက်လုပ်နိုင်မယ်ဆိုတာကို ဘဏ်ဘက်ကို သူမမေးခဲ့ဘူးလို့ ပြောပါတယ်။

ဆက်လက်ပြီး သူတို့အနေနဲ့ အဲဒီအလှူငွေတွေကို သုံးဖို့ ရည်ရွယ်ချက်မရှိသေးကြောင်း၊ မသုံးစွဲရသေးကြောင်းနဲ့ ဗစ်တိုးရီးယား အမှုအတွက် မိဘတွေ လိုအပ်တဲ့ အကျိုးဆောင်ရှေ့နေ ငှားရမ်းစရိတ်၊ ခရီးသွား စရိတ်အတွက် သုံးဖို့ ဖြစ်ပြီး အဲဒီ အသုံးစရိတ်တွေဟာ အဖွဲ့တစ်ဖွဲ့ပြီး ပွင့်လင်းမြင်သာစွာ လုပ်မယ်ဆိုပြီး အလှူခံထားတဲ့ ငွေတွေ ဖြစ်တယ်လို့ ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

အဲဒီဘဏ်စာရင်းမှာ ဇူလိုင်လ ၁၀ ရက်အထိ အလှူငွေ စုစုပေါင်း ကျပ် သိန်း ၁၈၀ ကျော် ရှိတယ်လို့ အဲဒီ အလှူငွေအတွက် Finance Team မှာ ပါဝင်တဲ့ Jessica Mozart က သူရဲ့ဖေ့စ်ဘွတ်ကနေတဆင့် ကြေညာထားပါတယ်။

บทความก่อนหน้านี้ไล่จับระทึก 2 ผัวเมียซิ่งเก๋งหนี 25 กม.กว่าจะจนมุม ฝ่ายหญิงรับแต่กลับพลิกลิ้น
บทความถัดไปเปิดวงจรปิด คุณหนูไฮโซจีนเมาขับมาเซราติ พุ่งชนบีเอ็มไฟลุก2ศพ