ပြည်နယ်နဲ့တိုင်း ၄ ခုမှာ ရေဘေးသင့်သူ ၄ ထောင်ကျော်ရှိတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

(၁) ပြည်နယ်နဲ့တိုင်း ၄ ခုမှာ ရေဘေးသင့်သူ ၄ ထောင်ကျော်ရှိ

မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ရေဘေးဒဏ်ကြုံခဲ့ရပြီး ရေဘေးသင့်သူ ၄ ထောင်ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။

ရေကြီးနေတာကြောင့် စစ်ကိုင်းတိုင်းထဲက ခန္တီး-ဟုမ္မလင်းကားလမ်းပိုင်းအချို့မှာ ရေကျော်နေလို့ သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲက ဒေသတချို့မှာလည်း ရေကြီးနေပြီး မြစ်ကြီးနားမှာဆိုရင် ဒုက္ခသည်စခန်းထဲ ပြောင်းရွှေ့ နေထိုင်ရသူတွေလည်း ရှိပါတယ်။

သူတို့တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြသူ တချို့လည်း ရှိနေတယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဌာနရဲ့ တာဝန်ရှိသူ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေဟာ လာမယ့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်လို့ လက်ရှိရေကြီးမှုဒဏ် ကြုံနေရတဲ့ မြစ်ကြီးနားနဲ့ ခန္တီးမြို့တွေမှာ သတိပြုနေထိုင်ကြဖု့ိ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတွင်းမှာ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဒဏ် ကြုံရလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကဆို ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေဘေးသင့်သူ သောင်းနဲ့ချီရှိခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

(၂) အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးပွဲ စုပေါင်းကြေညာချက်ထုတ်ပြန်

ဘန်ကောက်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲ

AFP
ဘန်ကောက်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်နေတဲ့ ၁၃ ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲမှာတော့ ရေရှည်တည်တံ့တဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးပြီး စုပေါင်းကြေညာချက် ထုတ်ပြန်လိုက်ကြတာ ဖြစ်ပါတယ်။

အစည်းအဝေးကို မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းလည်း တက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲမှာတော့ ကြုံလေ့ကြုံထ မရှိခဲ့တဲ့ ခြိမ်းခြောက်မှုအသစ်တွေ၊ တနိုင်ငံတည်းမှာသာမက နယ်စပ်ဖြတ်ကျော် အန္တရာယ်ပြုနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေကို အတူပူးပေါင်းကိုင်တွယ်နိုင်ရေး တိုးမြှင့်လုပ်ဆောင်ကြမယ်ဆိုပြီးတော့လည်း အာဆီယံကာကွယ်ရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်ထဲ ငြိမ်းချမ်းရေးဆိုတဲ့ အချက်ကိုလည်း အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

အစည်းအဝေး လက်ခံ ကျင်းပတဲ့ ထိုင်းနိုင်ငံဖက်ကတော့ အာဆီယံရဲ့ဆေးဘက်ဆိုင်ရာ ဌာနတွေကို အဆင့်မြှင့်ဖို့၊ တရားမဝင် ငါးဖမ်းမှုကို လျှော့ချ တားဆီးဖို့၊ ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအတွက် ပူးတွဲ လေ့ကျင့်ဖို့တွေအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်တွေကိုလည်း အဆိုပြုခဲ့ပါတယ်။

(၃) အမေရိကန် သန်းခေါင်စာရင်းမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာမေးခွန်းကို ထည့်သွင်းတော့မှာ မဟုတ်

အငြင်းပွားဖွယ်ရာ နိုင်ငံဖြစ်မှုဆိုင်ရာမေးခွန်းကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ

Getty Images
အငြင်းပွားဖွယ်ရာ နိုင်ငံဖြစ်မှုဆိုင်ရာမေးခွန်းကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြ

အမေရိကန်ထောင်စုမှာ လာမယ့် ၂၀၂၀ မှာ ပြုလုပ်မယ့် နိုင်ငံတဝန်းသန်းခေါင်းစာရင်း ကောက်ယူမှုမှာ အငြင်းပွားဖွယ်ရာ နိုင်ငံဖြစ်မှုဆိုင်ရာမေးခွန်းကို ထည့်သွင်းတော့မှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က ပြောလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတွင်း ၁၀ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိတဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ယူတဲ့အခါ ဘယ်နိုင်ငံသားလဲဆိုတဲ့ သမ္မတထရမ့်က ထပ်မံထည့်သွင်းလိုတဲ့ မေးခွန်းကို တရားရုံးချုပ်က ပယ်ချခဲ့ပြီးတဲ့နောက် ခုလို ပြောလာတာဖြစ်ပါတယ်။

အဲ့ဒီမေးခွန်းအစား နိုင်ငံတွင်းက ရှိသမျှလူဦးရေမှတ်တမ်းစာရင်း တင်သွင်းရမယ်လို့ သမ္မတထရမ့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အစိုးရအဖွဲ့အစည်းအားလုံး၊ ဌာနအားလုံး ကိုယ်စီပြုစုထားတဲ့ စာရင်းတွေကို တင်သွင်းရမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုထဲ နိုင်ငံသားဘယ်လောက်၊ နိုင်ငံသားမဟုတ်သူတွေ ဘယ်လောက်၊ တရားမဝင်နေထိုင်သူတွေ ဘယ်လောက်ရှိတယ်ဆိုတာကို တိတိကျကျသိလိုတယ်ဆိုပြီး သမ္မတထရမ့်က ပြောပါတယ်။

“အမေရိကန်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ဆိုရင် လူဦးရေစာရင်းနဲ့ ပတ်သက်လို့ တိတိကျကျ သိထားဖို့လိုတယ်” လို့လည်း သမ္မတထရမ့်က ပြောပါတယ်။

(၄) ဂျပန်လူမဲ့ အာကာသယာဉ် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုအပေါ် ဆင်းသက်နိုင်

နေစကြာဝဠာ အတွင်း ဝေးလံတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုအပေါ် ဂျပန်နိုင်ငံက စေလွှတ်လိုက်တဲ့ လူမဲ့အာကာသယာဉ် ဟာရဘူဆာ-၂ (Hayabusa-2) ဟာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။

ဂျပန်လို ရယူးဂူး (Ryugu) လို့ အမည်ပေးထားတဲ့ အဲ့ဒီဂြိုဟ်သိမ်ပေါ်ကနေ အာကာသမှာရှိတဲ့ ကျောက်တုံးကျောက်ခဲတွေကို စုဆောင်းမှာ ဖြစ်ပါတယ်။

အာကာသထဲက ဒီကျောက်တုံးကျောက်ခဲ နမူနာတွေကို Hayabusa-2 ဟာ ကမ္ဘာမြေကြီးဆီကို လာမယ့်နှစ်အတွင်းလောက် သယ်ဆောင်ပေးနိုင်မယ်လို့လည်း အာကာသပညာရှင်တွေက ပြောပါတယ်။

ဒီအပေါ် စူးစမ်းမှုတွေကနေ နေစကြာဝဠာ ဘယ်လို စတင် ဖြစ်ထွန်းလာခဲ့သလဲဆိုတာကို လေ့လာနိုင်မယ့် အချက်အလက်တွေကို ပိုမိုသိရှိ သဘောပေါက်လာနိုင်မယ်လို့လည်း အာကာသ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

บทความก่อนหน้านี้‘ศุภาลัยปาร์ค’แยกไฟฉาย คอนโดฯเริ่มต้นที่ 2.03 ล้าน
บทความถัดไปโอปอล์ เฝ้าลูกแฝด น้องอลิน-อลัน อยู่ดีๆ สลบไปเลย หมอโอ๊ค วิ่งดู 3 ห้อง (คลิป)