တိုကျို ကာတွန်းရုပ်ရှင် ကုမ္ပဏီ မီးရှို့ခံရလို့ အနည်းဆုံး ၂၃ ယောက် သေဆုံး

တိုကျို

Reuters
အပေါ်ဆုံးထပ်မှာ ပိတ်မိသူတွေ ရှိနေနိုင်သေးတယ်

ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ ရှိတဲ့ ကာတွန်းရုပ်ရှင် ရိုက်ကူးရာ အဆောက်အဦး ရှို့မီး ကြောင့်လို့ ယူဆရတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ အတွက် လူ အနည်းဆုံး ၂၃ ယောက် သေဆုံးခဲ့ရတယ်လို့ အဲဒီမြို့ခံ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အခင်းဖြစ်ရာ အဆောက်အဦထဲ လူတစ်ယောက် ကြာသပတေး မနက်ပိုင်အချိန်မှာ ထွင်းဖောက် ဝင်ရောက်ခဲ့တယ် ဆိုပြီး မြို့ခံရဲတပ်ဖွဲ့ကို ကိုးကားလို့ ဒေသတွင်း သတင်းစာတွေက ရေးသားနေပါတယ်။

အသက် ၄၁ နှစ် အရွယ် လူတစ်ယောက်က ဓာတ်ဆီတွေဖြန်းပြီး မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူကို လက်ရ ဖမ်းမိထားတယ်လို့ တိုကျို ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေ အပြင် ဒဏ်ရာရသူတွေလည်း ဆယ်ဂဏန်း တချို့ ရှိနေပြီး၊ တချို့ဆိုရင် သေဆုံးစာရင်းထဲလည်း မတွေ့ရ၊ ဒဏ်ရာရ စာရင်းထဲလည်း မပါ ပျောက်ဆုံး နေသူတွေလည်း ရှိတယ်လို့ ဂျပန် သတင်းဌာန NHK က ပြောပါတယ်။

မီးလောင်မှုကို ထိန်းချုပ်ရပုံ

ဒေသအချိန် မနက် ၁ဝ နာရီခွဲ ဝန်းကျင်မှာ သုံးထပ်တိုက် အဆောက်အဦး စတင် မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပါတယ်။

မီးလောင်ကျွမ်းရာ နေရာမှာ ရဲတပ်ဖွဲ့က ဓားတွေ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုကျို

Reuters
ဆေးကုသမှု ခံယူနေရတဲ့ သူ ၃၆ ယောက်ရှိ

လူတစ်ယောက်က “သေကြကွ” ဆိုပြီး အော်ဟစ်ရင်း အဆောက်အဦးကို မီးတင်ရှို့ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုကြသူ တချို့ ရှိပါတယ်။

အဲဒီသူနဲ့ ဒီ ကာတွန်းရုပ်ရှင် ကုမ္ပဏီ Kyoto Animation Co ကြား ဘယ်လို အဆက်အစပ်ရှိနေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကျယ်လောင်တဲ့ ပေါက်ကွဲသံ ထွက်လာခဲ့ပြီး အဆောက်အဦ တစ်ခုလုံး ခဏအတွင်းမှာပဲ မီးတွေ ပတ်ချာလည်ဝိုင်း လောင်လာခဲ့တာ ဖြစ်တယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောကြပါတယ်။

မီးခိုးတွေဖုံးနေတဲ့ အပေါ်ဆုံး အထပ်မှာ ပိတ်မိသူတွေ ရှိနေနိုင်သေးတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့ အတွက် ကယ်ဆယ်နိုင်ရေး ဆက်လက် လုပ်ဆောင် နေရပါတယ်။

လက်ရှိ တွေ့ထားသမျှထဲ သေဆုံးကြောင်း အတည်ပြု ထားနိုင်သူရော၊ သေဆုံးစာရင်း မသွင်းသေးပေမယ့် နှလုံးရော အဆုပ်ရော အလုပ်မလုပ်ကြသူတွေရာ စုစုပေါင်းလိုက်ရင် အနည်းဆုံး ၂၃ ယောက် ရှိတယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီထဲက အနည်းဆုံး ၁ဝ ယောက်ဟာ အပေါ်ဆုံးထပ်နဲ့ ခေါင်မိုးကို ဆက်ထားတဲ့ လှေကားမှာ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ဆေးရုံပေါ် ဆေးကုသမှု ခံယူနေရတဲ့ သူ ၃၆ ယောက်ရှိပြီး တချို့ဆို အခြေအနေ စိုးရိမ်ရပါတယ်။

မီးရှို့သူ ဘယ်သူလဲ

တိုကျိုကလာတဲ့ နောက်ဆုံး သတင်းတွေအရ မီးရှို့သူဟာ ကာတွန်းရုပ်ရှင် ကုမ္ပဏီ ဝန်ထမ်းဟောင်း မဟုတ်သလို၊ တစုံတရာ ပတ်သက် ဆက်နွယ်မှု ရှိကြောင်းလည်း ထင်ထင်ရှားရှား မတွေ့ရဘူးလို့ ဆိုပါတယ်။

အဆောက်အဦးကို မီးတင်ရှို့ခဲ့ပြီးတဲ့နောက် အဲဒီသူဟာ အနီးက ရထား ဘူတာရုံဆီ ဦးတည်ပြေးသွားတာကို မြင်လိုက်ရသူတွေ ရှိပြီး၊ ဘူတာရုံ မရောက်ခင်ပဲ မြေကြီးပေါ် လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။

“ဆံပင်တွေ မီးကျွမ်းထားတဲ့ပုံရတဲ့ လူတစ်ယောက်လဲနေပြီး သူ့ခြေရာတွေမှာလည်း သွေးတွေ ပေနေတယ်” လို့ အခင်းဖြစ်ရာ အနီး နေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ကျိုတိုသတင်းဌာနကို ပြောပါတယ်။

Kyoto Animation Co ကာတွန်းရုပ်ရှင်ကုမ္ပဏီ

KyoAni ဆိုပြီး အတိုကောက်ခေါ်ကြတဲ့ အဲဒီ ကုမ္ပဏီကို ၁၉၈၁ မှာ စထောင်ခဲ့တာ ဖြစ်ပါတယ်။

“K-On” နဲ့ “ဝမ်းနည်းတဲ့တတ် ဟာရူဟိ ဆူဇူမိယ” တို့ အပါအဝင် အောင်မြင်တဲ့ ကာတွန်းကားတွေ ဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။

ကာတွန်းရုပ်ရှင်လောကမှာ ထုတ်လုပ်သူတွေဟာ ကာတွန်းဆရာတွေကို ငွေရှင်းတဲ့အခါ ဆွဲတဲ့ ကာတွန်း တစ်ကွက်ချင်းဆီကို တွက်ပြီး ငွေပေးလေ့ ရှိပါတယ်။

KyoAni ကတော့ အဲဒီလို လုပ်ရပ်ကို ချိုးဖောက်ပြီး ပုံသေလစာ သတ်မှတ်ပြီး ငွေပေးတာမျိုး လုပ်ပါတယ်။

ကာတွန်းချစ်သူတွေရဲ့ ပြောဆိုသံတွေ

လူမှုကွန်ရက်ပေါ်မှာတော့ ကာတွန်းချစ်သူ ပရိသတ်တွေဟာ ဒီလို မီးလောင်မှု ဖြစ်လာလို့ အင်မတန် တုန်လှုပ် သွားရကြောင်း ပြောနေပြီး KyoAni က ထုတ်တဲ့ သူတို့အကြိုက် ကာတွန်းကားတွေက ရုပ်ပုံတွေ တင်နေကြပါတယ်။

“KyoAni ကို ကူညီ ကုစားစို့” ဆိုပြီး အလှူငွေတွေ စကောက်လာတာလည်း တွေ့နေရပြီး ပထမ ၃ နာရီ အတွင်းမှာကို ဒေါ်လာ တစ်သိန်းသုံးကျော် ရသွားပါတယ်။

บทความก่อนหน้านี้ราชสกุลเทพหัสดิน ลั่นเข้าใจว่าคดีจบแล้ว ตั้งกองทุนช่วยเหยื่อ ยันทุกคนต้องได้ชดใช้
บทความถัดไปอุทาหรณ์ ช่างกล สะเพร่าทำปืนตก ลั่นใส่หัวตัวเองสาหัส