ရုရှားက အင်စတာဂရမ် နာမည်ကျော် အီကာတရီးနား ကာရာဂလာနိုဗာအလောင်းကို ခရီးဆောင်အိတ်ထဲတွေ့

အင်စတာဂရမ်ဝက်ဆိုက်မှာ ပုံတွေ ဗီဒီယိုတွေတင်တဲ့ ရုရှားက နာမည်ကြီး အမျိုးသမီးတယောက် အလောင်းကို မော်စကိုက သူငှားထားတဲ့ တိုက်ခန်းမှာ ဓားဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ရဲက ပြောပါတယ်။ ခရီးဆောင်သေတ္တာထဲမှာ တွေ့ခဲ့ရတာပါ။

၂၄ နှစ် အရွယ် အီကာတရီးနား ကာရာဂလာနိုဗာ သူတို့နဲ့ အဆက်အသွယ်မလုပ်တာ ရက်တွေနဲ့ချီ ရှိနေတာကို သတိထားမိတဲ့ သူ့မိဘတွေက သောကြာနေ့ကမှ သူ့အလောင်းကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

သူ့က အင်စတာဂရမ်မှာ နောက်လိုက် ၈၅ဝဝဝ ကျော် ရှိပြီး ဆေးကျောင်းပြီးစ ဆရာဝန်တယောက်လည်း ဖြစ်ပါတယ်။

ဒီအမှုမှာ မနာလိုမှု အရင်းခံပြီး သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ရဲက ပြောဆိုပါတယ်။

ကာရာဂလာနိုဗာဟာ မကြာခင်ကမှ ရည်းစားသစ်တယောက် ရခဲ့ပြီး ဇူလိုင် ၃ဝ ရက်ကျရောက်တဲ့ သူ့မွေးနေ့ကို နယ်သာလန်မှာ ဆင်နွှဲဖို့ ပြင်ဆင်ခဲ့တယ်လို့ ရုရှားသတင်းစာတစောင်က ရေးပါတယ်။

နောက် ခရီးမထွက်ခင်ရက်ပိုင်းမှာ သမီးနဲ့ အဆက်အသွယ်လုပ်ဖို့ ကြိုးစားတာ မရဖြစ်နေတဲ့ မိဘတွေက စိတ်ပူလာခဲ့ကြပြီး သမီးအခန်းပိုင်ရှင်ကို အခန်းထဲ ဝင်ကြည့်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီမှာ အခန်းကူးတဲ့ လမ်းကြားထဲ သမီးအလောင်းထည့်ထားတဲ့ ခရီးဆောင် သေတ္တာကို တွေ့ခဲ့ကြတာပါ။ ဖခင်ဖြစ်သူက လူနာတင်ကားခေါ်ခဲ့ပေမယ့် ကာရာဂလာနိုဗာဟာ လည်ပင်းလှီးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

သူ့တိုက်ခန်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့လည်း ရဲက ဆိုပါတယ်။ အခင်းဖြစ်ရာနေရာမှာ လက်နက်ရယ်လို့လည်း မတွေ့ရဘူးလို့ MK ဆိုတဲ့ ရုရှားသတင်းစာက ရေးပါတယ်။

ဒီအမျိုးသမီး ပျောက်သွားတဲ့ ရက်ပိုင်းလောက်က သူ့ရည်းစားဟောင်း အမျိုးသားတယောက် သူ့အခန်းကို ခဏလာတဲ့ပုံရိပ်တွေကို စီစီတီဗီရုပ်သံကနေ ဖမ်းယူမိခဲ့တာကိုလည်း ပြခဲ့ပါတယ်။ ဒါကို ဆက်ပြီး စုံစမ်းတယ်လို့တော့ မသိရပါဘူး။

ကာရာဂလာနိုဗာဟာ သူ့ပုံတွေကို အင်စတာဂရမ်မှာ ပုံမှန်တင်လေ့ရှိပါတယ်။ သူ့မျက်နှာက ခေတ်ဟောင်း မင်းသမီးကြီး အော်ဒရေဟပ်ဘန်းနဲ့ တူတယ်ဆိုပြီး သူ့ပရိသတ်တွေက သဘောကျကြပါတယ်။

မတ်လက သူတင်ခဲ့တဲ့ ပို့စ်တခုမှာတော့ သူ့တိုက်ခန်းကို ပြန်ပြီး မွမ်းမံမယ့်အကြောင်း၊ နိုင်ငံခြား ခရီးတွေ သွားမယ့်အကြောင်း ရေးထားပါတယ်။ ပြီးတော့ အခုမပြောသေးတဲ့ အရေးကြီးကိစ္စတခု စဉ်းစားနေတာ ရှိတယ်လို့လည်း သူကဆိုပါတယ်။

https://www.instagram.com/p/ButhqXWhmUw/?utm_source=ig_web_copy_link


သူတင်တဲ့ပို့စ်တွေမှာ ဥရောပတလွှား သူသွားခဲ့တဲ့ နိုင်ငံစုံက မြင်ကွင်းတွေလည်း တွေ့ရပါတယ်။

သူနောက်ဆုံးတင်ခဲ့တဲ့ ပို့စ်မှာတော့ ဂရိနိုင်ငံ ကော်ဖူးကျွန်းမှာ ရိုက်ထားတဲ့ပုံနဲ့အတူ ခရီးခဏခဏ သွားချင်ပေမယ့် တနိုင်ငံမှာ ၃ ရက်၊ ၅ ရက်ထက် ကျော်ပြီး မနေတတ်ဘူးလို့ သူက ရေးခဲ့ပါတယ်။

သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာအပြင် ကာရာဂလာနိုဗာမှာ နာမည်ကြီးတဲ့ ခရီးသွားဘလောက်တခုလည်း ရှိပါတယ်။ အဲဒီမှာလည်း လာဖတ်သူတွေ ထောင်နဲ့ချီ ပါတယ်။

မော်စကို ဆေးတက္ကသိုလ်မှာ အလုပ်သင် ဆရာဝန် ဆင်းခဲ့ပြီးနောက် အရေပြားအထူးကု ဆရာဝန်အဖြစ် အသက်မွေးနေတာ ဖြစ်ပါတယ်။

บทความก่อนหน้านี้แห่จองซื้อสลากธอส.ชุดวิมานเมฆ หน่วยละ 1 ล้าน ใกล้ครบ 2.7 หมื่นล้าน
บทความถัดไปยังไม่ทันเหิน 62ชีวิตสั่นสะท้าน เครื่องบินชนหอสัญญาณไฟ จมูกร้าว