အစိုးရနဲ့ ဆွေးနွေးပွဲ ယာယီရပ်ထားတဲ့ KNU သဘောထား ပြောင်းလဲ

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့တွေနဲ့အတူ ဆွေးနွေးညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မယ် ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU က ကြေညာပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ တရားဝင် အစည်းအဝေးတွေကို တက်ရောက်မှု ယာယီရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းက KNU ကြေညာခဲ့အပြီး ၁ဝ လ အကြာမှာ အစည်းအဝေးတွေ ပြန်တက်မယ့် အဓိပ္ပာယ်မျိုး KNU က ပြောလာတာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU ဘက်က ပြင်ဆင်အဆိုပြုထားတဲ့ အရာတွေကို အစိုးရဘက်ကလည်း ပြန်လည် ညှိနှိုင်းလာမှာ ဖြစ်တဲ့ အတွက် KNU လည်း ဆွေးနွေးရေး ထဲ ပါလာမယ့် သဘော ရှိပါတယ်” ဆိုပြီး KNU ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်မယ်ဆိုတဲ့ သဘောလား ဆိုပြီး ဘီဘီစီက မေးတဲ့အခါ ပဒိုကွယ်ထူးဝင်းက “ဟုတ်ကဲ့ပါ။ ဒါတော့ကျနော်တို့ ပြန်လုပ်ရမှာပါ” ဆိုပြီး ဖြေဆိုပါတယ်။

KNU

BBC
KNU ဒုဥက္ကဌ ပဒိုကွယ်ထူးဝင်း

KNU ဗဟိုအမြဲတမ်းကော်မတီကနေ ထွက်လာတဲ့ ရလဒ်

KNU ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ အခု ဩဂုတ် ၉ ရက်အထိ ၁၆ ကြိမ်မြောက် ကွန်ဂရက် အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ဆက်တိုက်လုပ်ပါတယ်။

အဲဒီ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ပထမပိုင်း အပြီး ဩဂုတ် ၉ ရက် ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်တာမှာ KNU ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA အပေါ်မှာ ရပ်တည်လျက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေနဲ့အတူ ဆွေးနွေး၊ ညှိနှိုင်း ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

“KNU ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကနေ ဘယ်တုန်းကမှ နုတ်ထွက်ခဲ့တာမျိုး မဟုတ်ဘူး။ တချို့ ပြင်ဆင်ရမယ့်ဟာတွေ၊ ဆောင်ရွက်သင့်တဲ့ဟာတွေကို ကျနော်တို့ လုပ်နေတယ်” ဆိုပြီး ပဒိုကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး KNU ဘက်က အဆိုပြုထားတာတွေ ရှိသလို၊ အစိုးရက ပြန်လည် အဆိုပြုတဲ့ အချက်တွေလည်း ရှိနေတဲ့ အတွက် ဆက်လက် ညှိနှိုင်းသွားရမှာ ဖြစ်တယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ဆိုပါတယ်။

ဒီလို ဆက်ညှိမယ်ဆိုတဲ့ နေရာမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ညှိနှိုင်းပူးပေါင်း လုပ်ဆောင်မယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အခု ဩဂုတ်လထဲမှာပဲ ၂၁ ရက်နေ့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံဖို့ ရှိနေပြီး အဲဒီမှာ အစိုးရနဲ့ ဘယ်လို တွေ့ဆုံဆွေးနွေးကြမလဲ ဆိုတာကို အားလုံးညှိနှိုင်း သွားမယ်လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

KNU

BBC
တစ်ခုတည်းသောတပ်မတော်၊ ပြည်ထောင်စုထဲက ခွဲမထွက်ရ၊ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး။

တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး

ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရက သွားနေတဲ့လမ်းကြောင်းဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကတော့ ၂ဝ၁၈ ဇူလိုင်မှာ ကျင်းပပြီးကတည်းက ပြန်မလုပ်နိုင်တာ တစ်နှစ် စွန်းလာပြီ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ညီလာခံမှာ တကယ် ပြည်ထောင်စုထဲက ခွဲမထွက်ရလို ကိစ္စမျိုး ၊ တစ်ခုတည်းသော တပ်မတော် ဘယ်လို ထားရှိမလဲ ဆိုတဲ့ အရေးမျိုး စတဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေကြား သဘောထားအမြင်တွေ ကွာဟနေတယ်လို့ EAO ကိုယ်စားလှယ် တချို့က ပြောထားပါတယ်။

တခါ၂ဝ၁၈ ထဲမှာ မွန်ပြည်သစ်နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး EAO နှစ်ဖွဲ့ NCA ထဲ ထပ်ပါလာပေမယ့် ၊ အင်အား တောင့်တင်းတဲ့ အဖွဲ့တွေလို့ စစ်ရေး အကဲခတ်တွေ ရှုမြင်တဲ့ UWSA ဝပ်တပ်ဖွဲ့နဲ့ ကချင် KIA တို့ အပါအဝင် မြောက်ပိုင်း အခြေစိုက် အဖွဲ့တွေတော့ ဝင်ပြီး လက်မှတ်ထိုးတာ မလုပ်သေးပါဘူး။

KNU

BBC
၂ဝ၁၈ မေတုန်းက KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနဲ့ ကာချုပ်တို့ တွေ့ဆုံခဲ့

ရှေ့အလားအလာ

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထဲ KNU ပြန်ပါလာရင် ပြည်တွင်းငြိမ်းချမ်းစဉ် ရှေ့တိုးနိုင်မလား ဆိုတာ အတတ်မပြောနိုင်ဘူးလို့ အကဲခတ်တချို့က ပြောပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ တခြား NCA ထိုး အဖွဲ့တွေရဲ့ သဘောထားလည်း ရှိနေသေးတဲ့ အတွက်လို့ ဆိုပါတယ်။

KNU အပါအဝင် ညှိနှိုင်း ဆွေးနွေးပွဲတွေ ပြန်စလာရင်တော့ အခု ၂ဝ၁၉ အကုန် ပင်လုံညီလာခံ နောက်တကျော့ ပြန်ကျင်းပလိုတဲ့ အစိုးရရဲ့ ဆန္ဒ ပြည့်ဝသွားကောင်း သွားလိမ့်မယ် ဆိုပြီး တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါပေမယ့် ပြည်ထောင်စုထဲက ခွဲမထွက်ရနဲ့ တစ်ခုတည်းသောတပ်မတော်လို ခေါင်းစဉ်တွေကတော့ ပြေလည်မှု ရမယ့် အနေအထားမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

บทความก่อนหน้านี้สาวเผย โจรบุกห้อง เข้ามาถึง 2 ครั้งหวังขืนใจ ชาวบ้านรุมแฉ เผยปมเรียกเงินรีสอร์ต 2 แสน
บทความถัดไปบุกจับลุงหื่น อนาจาร ด.ญ.5 ขวบ ลวงเข้าห้องพัก หนี 14 ปีไม่รอด รวบคาบ้านเกิด