မလတ်တောင် မြေပြိုမှု – သေဆုံးသူ ၄၁ ဦး ရောက်လာ

ပေါင်မြို့နယ်မှာ သြဂုတ်လ ၉ ရက်က မလတ်တောင် မြေပြိုမှုမှာ သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို နောက်တစ်နေ့မှာ ထပ်တွေ့ခဲ့လို့ စုစုပေါင်း သေဆုံးသူ ၄၁ ဦး ရှိပြီဖြစ်ပါတယ်။

ဒါဟာ မီးသတ်တပ်ဖွဲ့ရဲ့ ညနေ ၇ နာရီခွဲ ထိနောက်ဆုံး တွေ့ရှိထားတဲ့ အရေအတွက် ဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေးကတော့ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

MAR NAW / MPA

မြေပြိုမှုဟာ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ ဖြစ်ခဲ့တာပါ။

အဲဒီ မြေပြိုမှုဟာ မော်လမြိုင်-မုတ္တမကားလမ်း ရေကျော်နေလို့ ကားတွေ စောင့်ဆိုင်းနေချိန်မှာ ဖြစ်ခဲ့တာပါ။

ဒဏ်ရာရသူကတော့ အယောက် ၅၀ လောက်ရှိပြီး ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မြေပြိုမှုထဲ မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေတွေ ပါသွားခဲ့သူတွေကတော့ တောင်ခြေမှာခုထိ ရှာဖွေနေကြဆဲဖြစ်ပါတယ်။

မြေပြိုမှုကနေ လွတ်မြောက်ခဲ့သူ အမျိုးသားတစ်ဦးက အဲဒီမြေပြိုမှုထဲမှာ သူတို့အိမ် တစ်အိမ်လုံးပါသွားပြီး မိသားစုဝင် ခုနစ်ယောက်လည်း သေဆုံးခဲ့ရကာ သူတို့အလောင်းတွေကိုလည်း ပြန်မရဘူးလို့ ဆိုပါတယ်။

“တောင်ပေါ်ကနေ ကျတဲ့ မြေက တော်တော်မြန်တယ်။ လမ်းဘေးမှာ အားလုံး ကားတွေ ရပ်ထားတယ်။ တော်တော်မြန်တယ်။ မမီဘူး။ မိနစ်ပိုင်းလောက် ကြာမလား မသိဘူး။ ကျွန်တော် ကိုယ်တိုင်မြင်တာ။ ကျွန်တော် အိမ်က အထွက်လွတ်ရုံလေးပဲ”လို့ သူကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။

မြေစိုင်တွေဟာ တောင်ခြေမှာရှိနေတဲ့ နေအိမ် ၁၆ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း နဲ ကုန်တင်ကားတွေ အိမ်စီးကားတွေပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးကို လူအင်အား ၁၄၅ ယောက်နဲ့ လုပ်နေတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

MAR NAW / MPA

ပျောက်ဆုံးနေသူတွေရှိနေဆဲဖြစ်ပြီး မြေပြိုခဲ့တဲ့ ရွာမှာ ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေတဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းဥက္ကဌ ကိုအောင်ကိုလတ်ကတော့ နောက်ထပ် အလောင်း ၁၀ လောင်းထက်မနည်း ရှာတွေ့နိုင်တယ်လို့ ပြောပါတယ်။

သူပြောတဲ့ အချိန်က နေ့လယ်ပိုင်း အလောင်း ၃၃ လောင်းကျော် ရှာတွေ့ထားချိန်မှာ ပြောတာ ဖြစ်ပါတယ်။

“အဲဒီတောင်ပြိုကျတဲ့ အရှိန်ကြောင့် ကတ္တရာလမ်းကိုရောက်မယ်။ ကတ္တရာလမ်းရဲ့ တစ်ဘက်မှာ ရှိတဲ့အိမ်ကို တိုက်စားပြီးတော့ ရေတက်လာတဲ့ထဲကို တစ်ခါတည်း ထိုးကျသွားမယ်လို့ ကျွန်တော်ထင်တယ်။ ရေနဲ့ပက်ပြီး ရှာမယ်ဆိုရင် အလောင်းတွေက ကမ်းစပ်လေးမှာ ပေါ်လာမယ့် အတိုင်းအတာမျိုးတောင် ထင်နေတာပေါ့” လို့ ကိုအောင်ကိုလတ်က ဆိုပါတယ်။

“အောက်ထဲမှာ နောက်ထပ် ၁၀ လောင်း ကျော်ကျော် လောက် ကျန်မယ်လို့ ခန့်မှန်းထားတယ်။ အခုဆိုရင်တော့ ဒီမှာ စက်ယန္တရား နှစ်ခုကနေ ပြီးတော့ အဲဒီမှာ ရှိမယ်ထင်တဲ့နေရာတွေ အကုန်လုံးရှင်းလင်း ဖယ်ရှားနေတယ်” လို့ ရှာဖွေ ကယ်ဆယ်ရေး အခြေအနေတွေကို သူက ဆက်ပြောပါတယ်။

မြေပြိုခဲ့တဲ့ နေရာမှာတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကြက်ခြေနီ၊ မီးသတ်ဝန်ထမ်းတွေအပြင် လူမှုကူညီရေးအဖွဲ့တွေကလည်း ရှာဖွေကယ်ဆယ်မှုတွေ ပေးနေပါတယ်။

လက်ရှိမှာ မွန်ပြည်နယ်အတွင်း မိုးကြီး ရေလျှံမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

မြေပြိုမှုတွေဟာ သြဂုတ်လ ၁၀ ရက်မှာ ချောင်းဆုံမြို့နယ်နဲ့ ပေါင်မြို့နယ် ကျွဲခြံကုန်းကျေးရွာမှာလည်း ဖြစ်ခဲ့လို့ နေအိမ်တချို့နဲ့ ဘုန်းကြီး ၁ကျောင်းရဲ့ ဆွမ်းစားဆောင်လည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေဟာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့နဲ့ မုတ္တမမြို့နယ်မှာလည်း မြို့နယ်ဆေးရုံကြီးတဲ့အထိ ရေဝင်ခဲ့လို့ လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

บทความก่อนหน้านี้ชนะศึก คว้าชัยขาดลอย คู่เอกลุมพินี
บทความถัดไปกรมพลศึกษา ชวนเต้นแอโรบิกถวายแม่ของแผ่นดิน  คาดร่วมกว่า 20,000