ရေကြီး ရေလျှံမှုကြောင့် လူပေါင်းသောင်းနဲ့ချီ အိုးအိမ်များစွန့်ခွာရ အပါအဝင် မနက်ခင်းသတင်းများ

ရေကြီးရေလျှံမှုကြောင့် လူပေါင်းသောင်းနဲ့ချီ အိုးအိမ်များစွန့်ခွာ

ဇွန်လ နှောင်းပိုင်းကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်မှာ လတ်တလော ရေကြီးမှုတွေကို ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ လူပေါင်းသောင်းနဲ့ချီ အိုးအိမ်က စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။

ဒီတပတ်အတွင်းမှာတော့ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးကြီး၊ ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ ရေကြီးမှုကြောင့် အနည်းဆုံး အိမ်ထောင်စု ၁၉၀ဝ ကျော် ရွှေ့ပြောင်းခဲ့ရပြီး ဖြစ်တယ်လို့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်နေရာတစ်ချို့မှာ မြေပြိုပြီး လမ်းပိတ်သွားတဲ့အတွက် လမ်းခရီး အဆက်အသွယ်ပြတ်တောက် သွားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုမှု ကြောင့် နောက်ဆုံးအချိန်အထိ စုစုပေါင်း သေဆုံးသူ ၅၄ ဦး ရှိခဲ့ပြီဖြစ်ပြီး ဆက်လက် ရှာဖွေကယ်ဆယ်တာတွေ လုပ်နေပါတယ်။

တနင်္သာရီတိုင်း မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် တနင်္သာရီ အစိုးရနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက အကူအညီပေးနေကြောင်း ကူညီကယ်ဆယ်သူတွေက ဘီဘီစီကို ပြောခဲ့ပါတယ်။

ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဒေသခံအာဏာပိုင်တွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေပူးပေါင်းပြီး ရေကြီးတဲ့နေရာတွေမှာ လိုအပ်တာတွေကို တုံ့ပြန်ဆောင်ရွက်နေပါတယ်။ အဲ့ဒီလိုတုန့်ပြန်ရာမှာ ငွေကြေးထောက်ပံ့တာ၊ ဆန်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ထား ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ပြောကြားချက်အရ ပေါင်မြို့နယ်မှာ မိုးကြီး၊ ရေကြီးမှုကြောင့် မြေပြိုပြီး အိမ်တွေပိနေတဲ့အပြင် တခြားမြို့နယ်တွေမှာလည်း အိမ်တွေ၊ ကျောင်းတွေ ရေတိုက်စား မျောပါတာတွေလည်းရှိပါတယ်။ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာတွေ၊ မြို့လုံးကျွတ်၊ ကျေးရွာလုံးကျွတ် ရေလွှမ်းမိုးတာတွေလည်းများတယ်လို့ ကြက်ခြေနီအသင်းက ဆိုပါတယ်။

ကရင့်အာဇာနည်နေ့ အသုံးအနှုန်းကို ဧရာဝတီတိုင်းအစိုးရ တားမြစ်

သြဂုတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ကရင့်အာဇာနည်နေ့ကို အာဇာနည်ဆိုတဲ့ အသုံးအနှုန်း မသုံးဖို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရက ကရင်အဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU က NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ နှစ်စဉ် ကျင်းပခဲ့ပေမယ့် အခုနှစ်မှာမှ ဒီအသုံးအနှုန်းကို တားမြစ်ခံရတာဖြစ်ပါတယ်။

အခုလိုတားမြစ်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်လာနိုင်တယ်လို့ ကေအန်ယူရဲ့ ဒုဥက္ကဌ ဟောင်းဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်က ပြောခဲ့ပါတယ်။

ကရင်ခေါင်းဆောင် စောဘဦးကြီးနဲ့ သူ့နောက်လိုက်တစ်ချို့ ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးရွာမှာ လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတဲ့ ကရင်တမျိုးသားလုံးရဲ့ ခေါင်းဆောင် လုပ်ကြံခံရတဲ့အတွက် ကရင့်အာဇာနည်နေ့လို့ သတ်မှတ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာတာဟာ အနှစ် ၅၀ ကျော်ပြီလို့ နော်စီဖိုးရာစိန်က ပြောပါတယ်။

ဂူးဂဲလ်ဟာ ယူကျု့ သုံးပြီး အစိုးရဆန့်ကျင်လို့ ရုရှစွပ်စွဲ

ဂူးဂဲလ်နည်းပညာကုမ္ပဏီဟာ ရုရှားနိုင်ငံမှာ ယူကျု ဗီဒီယို ပလက်ဖောင်းကို အသုံးချပြီး အစိုးရ ဆန့်ကျင်ရေး ကြော်ငြာတွေကို ထည့်သွင်းပေးနေတယ်လို့ ရုရှားတာဝန်ရှိသူတွေက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်တုန်းက ဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဂူးဂဲလ်ရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတာလို့ ရုရှ ဆက်သွယ်ရေးဌာန အကြီးအကဲ Rozkomnadzor က ပြောပါတယ်။

ဒီကိစ္စတွေကို ရပ်တန်းက မရပ်ရင် ဂူးဂဲလ် ကုမ္ပဏီအနေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရမယ်လို့ ရုရှားတာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။

လူအများ ဆန့်ကျင်အောင် လှုံ့ဆော်တဲ့ ယူကျု့ ဗီဒီယို ကြော်ငြာတွေ ထည့်သွင်းဖို့ ခွင့်ပြုတာဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးနှောက်ယှက်တာ ဖြစ်တယ်လို့လည်း ရုရှားတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဟောင်ကောင်ရဲ့ မြို့တွေမှာ အစိုးရဆန့်ကျင်ပွဲတွေ ဖြစ်ပွားနေ

AFP
ဟောင်ကောင်ရဲ့ မြို့တွေမှာ အစိုးရဆန့်ကျင်ပွဲတွေ ဖြစ်ပွားနေ

ဟောင်ကောင်ရဲ့ မြို့တွေမှာ အစိုးရဆန့်ကျင်ပွဲတွေ ဖြစ်ပွားနေ

ဟောင်ကောင်မှာ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပြီး မြို့နေရာတော်တော်များများမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဝမ်ချိုင်းရပ်ကွက်ဘက်မှာဆိုရင် ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတွေကို အုတ်ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဟောင်ကောင်က ဆန္ဒပြသူတွေဟာ လူစုလူဝေးနဲ့ ဆန္ဒပြတာမျိုး မလုပ်တော့ပဲ လူအနည်းငယ်နဲ့ ရဲတွေမရှိတဲ့ နေရာတွေကို သွားပြီး ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။

ရဲတွေ လာဖမ်းရင်တော့ တခြားနေရာကို ပြောင်းရွှေ့ဆန္ဒပြတာတွေ လုပ်ကြပါတယ်။ တရုတ်ပြည်မကြီးကို တရားခံ လွှဲပြောင်းမယ့် ဥပဒေမူကြမ်းကို ပယ်ဖျက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြရာကနေ ဟောင်ကောင်မှာ ဆန္ဒပြတွေ ဖြစ်ပွားနေတာ သီတင်း ၁၀ ပတ်နီးပါးကြာမြင့်နေပါတယ်။

บทความก่อนหน้านี้แห่อิจฉา! อ้วน รีเทิร์น – แฟนหนุ่ม คุกเข่า พร้อมช่อดอกไม้ – รถป้ายแดง ส่องเลขแม่ให้โชค
บทความถัดไปไหม้รับอรุณ ตู้อบบึ้มระทึก! โรงสีข้าวดังเมืองสุพรรณ ไฟเผาวอดเสียหาย 100 ล้าน (คลิป)