မွန်၊ကရင်အပါအဝင် တစ်နိုင်ငံလုံး ရေဘေးသင့်သူ သိန်းချီရှိလာ

မွန်၊ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် သေဆုံးသူ ၅၀ ကျော်ရှိခဲ့သလို ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီရှိနေတယ်လို့ ဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနကနေ သြဂုတ် ၁၁ ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါ တယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ ပြည်နယ် ၈ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ကယ်ဆယ် ရေး စခန်းတွေကို ပြောင်းရွှေ့နေကြရတဲ့ ရေဘေးသင့်ပြည်သူဦးရေဟာ မွန်ပြည်နယ် မှာ သုံးသောင်းကျော် ၊ ပဲခူး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နှစ်သောင်းကျော်စီနဲ့ ကရင်ပြည်နယ်မှာတော့ တစ်သောင်းခွဲ ကျော် ရှိနေပါတယ်။

လက်ရှိ ရေကြီးနေဆဲ တိုင်းနဲ့ပြည်နယ်တွေအနက် မွန်နဲ့ ကရင်ပြည်နယ်ဟာ အဆိုးရွားဆုံးဖြစ်နေတယ် လို့လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

မွန် – နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှု

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ သြဂုတ် ၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မလတ်တောင် မြေပြိုမှု ကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီကနေ့ သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခွဲအထိ တော့ ၅၉ ဦးအထိရှိလာပြီဖြစ်ပါတယ်။

ပေါင်မြို့နယ် နည်းတူ ရေးမြို့မှာလည်း သြဂုတ် ၁၀ ရက်နေ့က ရုတ်တရက် ရေကြီးခဲ့တာကြောင့် လူထောင် နဲ့ချီ ပိတ်မိခဲ့လို့ ညတွင်းချင်း လှေတွေနဲ့ ကယ်ဆယ်ရေးလုပ်ခဲ့ရပါတယ်။

သြဂုတ် ၁၁ ရက်နေ့မှာတော့ ရေပြန်ကျသွားခဲ့ပြီး အချိန်ပိုင်းအားဖြင့် တစ်ရက်ခန့်သာ ရေကြီးခဲ့ပေမယ့် နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးခဲ့တာဖြစ်လို့ အဆောက်အအုံတွေ အပျက်အစီးတွေရှိခဲ့တယ်လို့ ရေးမြို့ ခံတွေက ပြောပါတယ်။

‘ ‘ အခု ရေပြန်ကျသွားမှ လိုက်ကြည့်နိုင်တယ်။ ရေတက်နေတုန်းက အိမ်တွေပါ အကုန်မြုပ်တာဆိုတော့ ဘာမှ မကြည့်နိုင်ဘူး။ မြို့မဈေးထဲမှာလည်း အမှိုက်တွေချည်းပဲ အိမ်တစ်လုံးလည်း အလုံးလိုက်မျောပြီး လမ်းပေါ်တင် နေတာတွေ့တယ်။” ရေးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်ဦးက ဘီဘီစီကိုပြောပါတယ်။

ရေကြီးမှုကြောင့် ရေးမြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတချို့နဲ့ ကျေးရွာတွေမှာရှိတဲ့စာသင်ကျောင်းတွေလည်း ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

‘ ‘ ကျောင်းဝန်းထဲမှာကို ရေက ၁၁ ပေ၊ ၁၂ ပေလောက်တက်သွားတာ။ ကျောင်းဆောင်တွေလည်း ပျက်စီး သွားတယ်။ ဆရာကိုင်ကအစ ကလေးတွေ အကဲဖြတ်မှတ်တမ်းတွေ စက်ပစ္စည်းတွေ အကုန်လုံးပါသွား တယ်။ အခုကျောင်းကိုတော့ ကျောင်းကဆရာမလေးတွေနဲ့ နိုင်သလောက် သန့်ရှင်းရေးစလုပ်နေပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ ကျောင်းသုံးပစ္စည်းတွေလည်း လိုအပ်နေတယ်” လို့ ရေးမြို့ပေါ်မှာရှိတဲ့ အ.မ.က (၉) မူလတန်းလွန်ကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မြသန်းဆွေက ဘီဘီစီကိုပြောပါတယ်။

ကရင် – ကြာအင်းဆိပ်ကြီး ၇ပ်ကွက် အများစု ရေကြီး

ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီးမြို့မှာ မြို့ပေါ်ရပ်ကွက်အများစုနဲ့ ရွာတွေဘက်မှာ ရေကြီးနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေကြရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ခံတွေထံက သိရပါတယ်။

” မနေ့ကတည်းက ရေက တောက်လျှောက်တက်လာတာ။ စိုးရိမ်ရေမှတ်အထက် ၂ပေကျော် လောက်ရှိ နေတယ်။ မြို့ပေါ် ရပ်ကွက် ၆ခုမှာ ၅ခုက ရေကြီးနေတယ်။ ရပ်ကွက် ၆ကတော့ အဆိုးဆုံးပဲ အိမ်တွေပါ ရေမြုပ်နေတယ်။ ရွာတွေဘက်ဆို လှေနဲ့ပဲသွားလို့ရတော့ ကယ်ဆယ်ရေးတွေလည်း မသွားနိုင်ကြဘူး။ လှေရှိတဲ့ရွာအချင်းချင်းပဲ ရွှေ့ပြောင်းတာတွေကို ကူနေကြတယ်လို့ သိရတယ်။ ရေက အခုတော့ ငြိမ်နေ တယ်။ ဒါပေမယ့် ပြန်တော့မကျသေးဘူး ”လို့ မြို့ပေါ်ရပ်ကွက်နေ ကိုနိုင်လင်းအောင်က ဘီဘီစီကို ပြော ပါတယ်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့မှာ ရေဘေးရှောင်စခန်း ၁၀ ခုဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်း ရွှေ့နေထိုင်နေကြရသူ ၂၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ကြာအင်းဆိပ်ကြီးအပြင် ကော့ကရိတ်၊ ရွှေဂွန်း၊ကျိုက္ကော်စတဲ့ဘက်တွေမှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တနင်္သာရီ – တနင်္သာရီ မြစ်ရေ အန္တရာယ် ရေမှတ် အထက် ၂ပေကျော် တက်

တနင်္သာရီမြို့မှာတော့ ဒီကနေ့ သြဂုတ် ၁၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်တိုင်းထွာချက်အရ တနင်္သာရီ မြစ်ရေ ဟာ မြို့ရဲ့ အန္တရာယ် ရေမှတ် ၂၄ ပေအထက် ၂ပေကျော် မြင့်တက်နေပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားရသလို ရေဘေးသင့်ပြည်သူတွေကို လှေတွေနဲ့ ရွှေ့ပြောင်းပေးတာတွေကို လုပ်နေ ရတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက သူ့ရဲ့ လူမှုကွန် ရက် စာမျက်နှာကတဆင့် အသိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ကားလမ်းတွေမှာ မြေပြို၊လမ်းပျက်တာတွေရှိနေတဲ့အတွက် ဇဝဲ-တကူကားလမ်း ၉မိုင်အတက်လမ်းကို ယာယီပိတ်ထားပြီး ပြန်လည် ပြုပြင်တာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

မြစ်ရေမြင့်တက်မှုကြောင့် တနင်္သာရီမြို့နယ်ထဲက စာသင်ကျောင်း ၃၆ ကျောင်းကို ယာယီပိတ်ထားရပြီး ရေဘေး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေကြရသူဦးရေဟာ သြဂုတ် ၁၁ ရက်နေ့အထိ ၂၀၀၀ ဝန်းကျင် အထိရှိနေပြီလို့လည်း သိရပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ရာသီဥတုအခြေအနေဘယ်လိုရှိသလဲ

သြဂုတ်လ ၈၊၉၊၁၀ ရက်ပိုင်းတွေအတွင်း မိုးရေချိန်ဟာ စံချိန်တင် ရွာသွန်းခဲ့ပြီး ဒေသအချို့မှာ မိုးကြီး မြေပြိုတာတွေရှိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ နေ့လယ် ၁နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ဘီဘီစီကိုပြောပါတယ်။

‘ ‘ ဒီလေဖိအားနည်း ရပ်ဝန်းရဲ့အရှိန်ကြောင့် မနေ့က ကတည်း ရခိုင်ကမ်းရိုးတန်းမှာ မုတ်သုံလေ အား ကောင်းလာတယ်။ နောက် ၂ ရက် ၃ရက်ထိက မုတ်သုံလေအားကောင်းနိုင်တယ်။ နောက်တစ်ခုက ဒီရေ တက်ရက်ဖြစ်နေတော့ ပဲခူးမှာဆို မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက်မှာရှိနေလို့ သတိပြုဖို့လိုမယ်။ နောက် အခု ရေကြီးနေတဲ့ မွန်၊ကရင်နဲ့ တနင်္သာရီတွေမှာလည်း မိုးက အရင်ရက်တွေလောက် မကောင်းတော့ပေမယ့် နောက် ၂ရက်လောက်အထိ မိုးရွာတာ၊နေရာကွက် မိုးကြီးတာတွေ ရှိနိုင်သေးတဲ့အတွက် ဦးစားပေးအနေနဲ့ သတိပြုဖို့ လိုပါတယ်” လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ ရက်ပိုင်းအတွင်း ပြန်လည်ပျက်ပြယ်သွားနိုင်ပေမယ့် ဒီ ၂ရက်အတွင်းမှာတော့ မုတ်သုံလေအားကောင်းနိုင်ပြီး ကမ်းနီးကမ်းဝေးဒေသတွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျတာတွေ လည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုးသက်လေပြင်းကျချိန်မှာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ဟာ ၉ ပေကနေ ၁၁ ပေဝန်းကျင်ရှိနိုင်သလို မြေပြင် ရေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ နှုန်းလောက်ထိ တိုက်ခိုက်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ လိုတယ်လို့လည်း ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုပါတယ်။

บทความก่อนหน้านี้เผยภาพ แม่ของลูกคนโต แจ๊ส หลัง เจแปน โพสต์สุดซึ้ง ภาพหญิงสาวสวย “รักแม่นะ”
บทความถัดไปตลาดเงิน-ตลาดหุ้นสัปดาห์นี้ ยังคงติดตามทิศทางค่าเงินหยวน-สงครามการค้า-BREXIT