ဟောင်ကောင်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ လေဆိပ်ထဲ စီးနင်း နေရာယူထားလို့ လေယာဉ်ခရီးစဉ်တွေ ဆိုင်းငံ့

ဟောင်ကောင်၊ ဆန္ဒပြ၊ အကြမ်းဖက်လူစုခွဲ၊ လေဆိပ်

Reuters
ဟောင်ကောင်လေဆိပ်မှာ လေယာဉ် ခရီးစဉ် ၁၀၀ ကျော် ဆိုင်းငံ့

ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ၄ ရက်မြောက်နေ့အဖြစ် ဆက်လက် ဖြစ်ပွားနေရာမှာ လေယာဉ်ခရီးစဉ်တွေကို ဆိုင်းငံ့လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အစည်ကားဆုံး လေဆိပ်ကြီးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ဟောင်ကောင် လေဆိပ်မှာ ဆန္ဒပြသူတွေ ထောင်နဲ့ချီ ဝင်ရောက် နေရာယူထားကြပါတယ်။

လူထု စုဝေး ဆန္ဒပြမှုကြောင့် လေယာဉ် ခရီးစဉ်လုပ်ငန်းတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့ လေဆိပ် တာဝန်ရှိပုဂ္ဂိုလ်တွေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗီဒီယိုပုံတွေထဲမှာ အမိအရ ရိုက်ကူးထားတဲ့ မျက်ရည်ယိုဗုံးတွေ၊ လူမသေစေနိုင်တဲ့ ကျည်တွေနဲ့ အနီးကပ် ပစ်ခတ်ပြီး လူစုခွဲခဲ့တဲ့ ရဲတွေရဲ့ တနင်္ဂနွေနေ့တုန်းက လုပ်ရပ်ကို ဆန္ဒပြသူအတော်များများက အကြီးအကျယ် ဝေဖန်နေကြပါတယ်။

တနင်္ဂနွေနေ့က ရဲတွေ ပစ်လိုက်တဲ့ ကျည် ထိမှန်ခဲ့တာလို့ ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ မျက်လုံးထဲကနေ သွေးတွေ စီးကျနေပုံကို တုံ့ပြန်တဲ့ အနေနဲ့ ဆန္ဒပြသူတစ်ချို့က သူတို့မျက်လုံးတွေကို ပတ်တီးတွေနဲ့ စည်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ ဟောင်ကောင် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေ စာရင်းမတင်ရသေးတဲ့ လေယာဉ် ခရီးစဉ်အားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီနောက်ပိုင်း ထွက်ခွာဖို့ စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ဟာ အခုတော့ ထွက်ခွာမှာ မဟုတ်တော့ပါဘူး။

လေဆိပ်ကို မသွားကြဖို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက လူထုကို အကြံပေးထားပါတယ်။ ဒါပေမဲ့ ဟောင်ကောင်ကို ဦးတည် ဆိုက်ရောက်လာမယ့် လေယာဉ်တွေကိုတော့ ဆိုက်ကပ်ခွင့် ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်၊ ဆန္ဒပြ၊ အကြမ်းဖက်လူစုခွဲ၊ လေဆိပ်

Reuters
တနင်္ဂနွေနေ့ အင်အားသုံး လူစုခွဲခဲ့မှုကို ကန့်ကွက်တဲ့ စာတန်းတွေနဲ့ လေဆိပ်မှာ စုဝေး ဆန္ဒပြခဲ့ကြ

ဟောင်ကောင်လေဆိပ်ဟာ နိုင်ငံတကာ အချက်အချာ လေဆိပ်ကြီး တစ်ခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ခရီးသည်ပေါင်း ၇၅ သန်း ဒီလေဆိပ်မှာ ခရီးတထောက်နား ခဲ့ကြပါတယ်။

“ဒီလေဆိပ်ထဲ မဝင်ခင် ရခဲ့တဲ့ သတင်းတွေအရ ဆန္ဒပြသူပေါင်း ၅ ထောင်ကျော်လောက် ဒီလေဆိပ် အဆောက်အအုံထဲ ရောက်နေကြတယ်ဆိုတာ သိရတယ်” လို့ ရဲတပ်ဖွဲ့ လူထုဆက်ဆံရေးဌာနခွဲရဲ့ အကြီးတန်း ရဲအရာရှိ ကွန် ဝင် ချွန်း က ပြောပြပါတယ်။

ဆန္ဒပြနေတဲ့ အုပ်စုတွေကို လူစုခွဲဖို့ လေဆိပ်ထဲ ရဲတွေ ဝင်ဖို့ ကြိုးစားမလားဆိုတာ အသေအချာ မသိရပါဘူး။

တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ စတင် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေ ဟာ နှစ်လကျော် ကြာလာတဲ့အထိ လျော့ကျသွားမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူဆန္ဒပြမှုတွေကို တရုတ်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဆူပူ ဆန္ဒပြသူတွေဟာ အကြမ်းဖက်ဝါဒ ကျင့်သုံးသူတွေအဖြစ် ဝေဖန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ဘာတွေ ဖြစ်ခဲ့သလဲ

တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ ဟောင်ကောင်ရဲ့ ဝိတိုရိယပန်းခြံမှာ လူအုပ်ကြီးက ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြနေရာကနေ အဲဒီနေရာကနေ ထွက်ပြီး ရဲတွေ တားထားတဲ့ကြားက အဓိက လမ်းမကြီးတစ်လျှောက် ချီတက် ဆန္ဒပြခဲ့ရာကနေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

မြို့လယ်ရပ်ကွက် အတော်များများမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက လူမသေစေနိုင်တဲ့ ကျည်တွေနဲ့ ဆန္ဒပြသူတွေကို လူစုခွဲခဲ့ကြပါတယ်။

လူတွေစည်ကားတဲ့ ဝန်ချိုင် ရပ်ကွက်မှာ ဆန္ဒပြသူတွေက ရဲတွေကို လက်လုပ်ဗုံးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတွေကလည်း ဆန္ဒပြသူတွေကို တုံ့ပြန် ထိုးကြိတ် ရိုက်နှက် ခဲ့ကြပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း ရဲအရာရှိတစ်ဦးအပါအဝင် လူအတော်များများ ဒဏ်ရာ ရခဲ့ကြပါတယ်။

ဘူတာရုံတွေထဲ ရဲအရာရှိတွေ စီးနင်းဝင်ရောက်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

နောက်ဘူတာရုံတစ်ခုထဲက ပုံတွေမှာတော့ ရဲတွေက လူမသေစေတဲ့ ကျည်တွေလို့ ယူဆရတဲ့ ကျည်ဆံတွေနဲ့ အနီးကပ် ပစ်ခတ်နေပြီး လူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်နေတာကို တွေ့ရပါတယ်။

အရပ်ဝတ် ရဲအရာရှိတွေလို့ ယူဆရသူတွေကလည်း ဆန္ဒပြသူတွေလို ပုံမှားရိုက် ဝတ်ဆင်ထားပြီး ရုတ်တရက် ဖမ်းဆီးမှုတွေ လုပ်ခဲ့ကြတယ်လို့ ဟောင်ကောင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

မြို့ထဲက ဆန္ဒပြမှုတွေက အကြမ်းဖက်မှု အခြေအနေကို ပြောင်းလဲသွားပေမဲ့ လေဆိပ်ထဲမှာ ၃ ရက်ကြာ ထိုင်ဆန္ဒပြနေခဲ့မှုတွေမှာတော့ အဖမ်းအဆီးတွေ ရှိတယ်လို့ မကြားမိသေးပါဘူး။

ဘယ်လို တုံ့ပြန်မှုမျိုးတွေ တွေ့ရသလဲ

ဆန္ဒပြမှုတွေ အဆုံးသတ်သွားစေဖို့ ကိုယ်ထိလက်ရောက် ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်သေးတဲ့ တရုတ်အာဏာပိုင်တွေက အကြမ်းဖက် ဆန္ဒပြသူတွေကို တနင်္လာနေ့မှာတော့ အကြမ်းဖက် ဆန္ဒပြသူတွေကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။

“ဟောင်ကောင် အစွန်းရောက် ဆန္ဒပြသူတွေဟာ အန္တရာယ်ရှိတဲ့ လက်နက်တွေကို အကြိမ်ကြိမ် သုံးပြီး ရဲအရာရှိတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါဟာ ဆိုးဝါးတဲ့ အကြမ်းဖက် ရာဇဝတ်မှုကို ကျူးလွန်ရာ မြောက်သလို အကြမ်းဖက်ဝါဒရဲ့ အစပျိုး အရိပ်လက္ခဏာတွေ ပေါ်လာတာကို ဖော်ပြနေတယ်” လို့ ဟောင်ကောင်နဲ့ မကာအို ရေးရာဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ယန် ဂွန်း က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ Cathay Pacific လေကြောင်းကုမ္ပဏီက သူ့ရဲ့ ကုမ္ပဏီ ဝန်ထမ်းတွေကို တကယ်လို့ ဟောင်ကောင်က တရားမဝင် ဆန္ဒပြသူတွေကို ထောက်ခံတာမျိုး ဝင်ပါတာမျိုး လုပ်ရင် အလုပ်ထုတ်ခံရမယ်လို့ သတိပေးထားပါတယ်။ #BoycottCathayPacific ဆိုတဲ့ သပိတ်မှောက် ကင်ပိန်းတစ်ခု စတင်ပျံ့နှံ့လာခဲ့ပြီး Cathay Pacific လေကြောင်းကုမ္ပဏီအပေါ် တရုတ်အစိုးရက ဖိအားတွေ ပိုပေးလာခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

ဟောင်ကောင် ရဲတွေက ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ လက်နက်သစ်တစ်ခုအဖြစ် မီးသတ်ပိုက်တွေ တင်ဆောင်လာတဲ့ ကားတစ်စီးကိုလည်း စအသုံးပြုဖို့ စီစဉ်နေပါတယ်။

ဟောင်ကောင်၊ ဆန္ဒပြ၊ အကြမ်းဖက်လူစုခွဲ၊ လေဆိပ်

AFP
ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်းထဲမှာ မီးသတ်ပိုက် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်ကို သရုပ်ပြ လေ့ကျင့်နေစဉ်

Amnesty International လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ကတော့ ဒီမီးသတ်ပိုက်ဟာ လူတွေကို အကြီးအကျယ် ထိခိုက် ဒဏ်ရာ ရစေနိုင်ပြီး တင်းမာမှုတွေ ကြီးထွားလာစေတယ်လို့ အစောပိုင်းက သတိပေးထားပါတယ်။

ဟောင်ကောင်မှာ ဘာ့ကြောင့် ဆန္ဒပြမှုတွေ ဖြစ်နေတာလဲ

တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်း တစ်ခုကို ကန့်ကွက်တဲ့အနေနဲ့ ဇွန်လက ဆန္ဒပြမှုတွေ စတင်ခဲ့တာပါ။

ဒီဥပဒေကြမ်းဟာ ဟောင်ကောင်ရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို ထိခိုက်စေနိုင်ပြီး နိုင်ငံရေး အတိုက်အခံတွေ နှုတ်ဆိတ်သွားအောင် အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။

ဒီဥပဒေကြမ်းကို ဟောင်ကောင် အစိုးရက အခုအခါ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပေမဲ့ ဆန္ဒပြသူတွေက ဒီဥပဒေကြမ်းကို လုံးဝ ဖျက်သိမ်းပစ်ဖို့ လိုလားနေကြတာပါ။

ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ရဲတွေရဲ့ လုပ်ရပ်တွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဖို့နဲ့ အဖမ်းခံထားရတဲ့ ဆန္ဒပြသူအားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုဖို့ အပါအဝင် တောင်းဆိုမှုတွေကို ဆန္ဒပြသူတွေက တိုးချဲ့ တောင်းဆိုလာကြပါတယ်။

ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးရဲ့ တစိတ်တပိုင်း ဖြစ်ပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လို့ ဟောင်ကောင် ပြည်သူတွေဟာ တရုတ်ပြည်သူတွေထက် လွတ်လပ်ခွင့် ပိုရကြပါတယ်။

ဟောင်ကောင်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ သီးခြားလွတ်လပ်တဲ့ တရားရား စီရင်ခွင့် ရထားပြီး နိုင်ငံတနိုင်ငံထဲပေမဲ့ စနစ်နှစ်ခုအောက်မှာ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ အခုအခါ ဒီလွတ်လပ်ခွင့်တွေကို တနေ့တခြား ထိပါးလာနေပြီလို့ အတိုက်အခံ လှုပ်ရှားသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

บทความก่อนหน้านี้မြန်မာနိုင်ငံမှ အလုပ်သမားတင်ပို့သည့် ကုမ္ပဏီ ဥက္ကဠနှင့်မန်နေဂျာနဲ့ တွေ့ဆုံဆွေးနွေးခြင်း
บทความถัดไปแซ็ค ชุมแพ โสด ไม่โหยหาความรัก ยินดี ทับทิม มีคนดูแล