ပညာရေးအဆင့်မြင့်ဖို့ ကျောင်းတွေကို စိစစ်ဖို့ အဆိုတင်သွင်း

မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း မြင့်မားဖို့နဲ့ ကျောင်းသူ ကျောင်းသားတွေ အလိမ်မခံရဖို့အတွက် ပုဂ္ဂလိက ပညာရေး ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ အမြန်ဆုံး သတ်မှတ်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက တိုက်တွန်းခဲ့ကြပါတယ်။

မကြာသေးခင် ရက်ပိုင်းက လွှတ်တော်ကို တင်သွင်းလာတဲ့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ ၆ လတာ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာ နဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ လွှတ်တော် ကိုယ်စားလှယ် အ တော်တော်များများက ပုဂ္ဂလိက ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ သင်တန်းကျောင်းတွေကို စိစစ်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပုဂ္ဂလိက ပညာရေး ဥပဒေ မရှိတဲ့အတွက် မြန်မာပြည်ပညာရေးမှာ ဖြစ်ပျက်နေတာ တချို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက ” တချို့ တက္ကသိုလ်တွေရှိပါတယ်။ သွားစစ်လိုက်တော့ အဲဒီကောင်က standard မရှိဘူး ။ အဲဒါမျိုးတွေ လိုက်မစစ်တာ။ လက်ညိုးထိုးရင် မသင့်တော်လို့ အများစုအနေနဲ့ ယေဘူယျ ပြောတာ။ ဌာနဆိုင်ရာရော အချိန်ပိုင်းလာသင်တဲ့ ဆရာဆရာမတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှာစိုးလို့ ဥပဒေ မဆွဲချင်ဘူးဆိုတာ တပိုင်း။ ဥပဒေ မရှိလို့ မလုပ်နိုင်ဘူးဆိုတာ သက်ဆိုင်ရာ ဥပဒေထုတ်သူရဲ့ တာဝန်ပဲ ” လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက တက္ကသိုလ်နဲ့ ကျောင်းပေါင်း တစ်ရာကျော် ရှိပြီး ဒီကျောင်းတွေဟာ သူတို့ ကြေငြာထားသလို နိုင်ငံတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားမှု ရှိမရှိ သင်ကြားထားတဲ့ သင်ရိုးတွေဟာ အရည်အသွေး ရှိမရှိ စစ်ဆေးဖို့ လိုတယ်လို့လဲ ကိုယ်စားလှယ်တွေက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အဲဒီလို ကျောင်းတွေကို စိစစ်ဖို့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ အောက်မှာ ကော်မတီတွေ ရှိပေမဲ့ အဲဒီကော်မတီတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက် ဥပဒေ အမြန်ဆုံး ပြဌာန်းဖို့ တိုက်တွန်းခဲ့တဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။

နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ပုဂ္ဂလိက ကျောင်းတွေအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှာ ခွင့်ပြုချက် ရယူပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။

MIC အနေနဲ့ ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ခွင့်ပြုပေးထားပြီး အရည်အသွေးစစ်တဲ့ အပိုင်းကိုတော့ တာဝန်ယူထားတာ မရှိဘူးလို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မိဘအတော်များများက ပုဂ္ဂလိက ကျောင်းတွေကို အားထားလာကြတာ ရှိသလို အစိုးရကျောင်းတွေကို လက်မလွှတ်နိုင်သေးတဲ့ မိဘတွေလည်း ရှိသေးတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ဒါပေမယ့် ပုဂ္ဂလိက ပညာရေး ကျောင်းတွေရဲ့ အရည်အသွေးကိုတော့ ထပ်မံစိစစ်ပေးဖို့ လိုအပ်ပြီး တချို့ကတော့ စည်းကမ်းချက်တွေနဲ့ မညီတာတွေရှိတယ်လို့ ကိုယ်တိုင်လည်း ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဖွင့်ထားသူ ကျောင်း ဆရာတစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ပုဂ္ဂလိက ပညာရေးကျောင်းတွေအနေနဲ့ ဖွင့်လှစ်ထားတဲ့နေရာ၊ ကျောင်းရဲ့ အကျယ်အဝန်းနဲ့ သင်ကြားတဲ့ ဆရာတွေရဲ့ အရည်အချင်းတွေမှာ လိုအပ်ချက်တွေ ရှိနေပါလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ပါတယ်။

လောလောဆယ် ပုဂ္ဂလိက ပညာရေး ဥပဒေနဲ့ ပုဂ္ဂလိက အထက်တန်းကျောင်း ဥပဒေ မပြဌာန်းနိုင်ခင်မှာ ပညာရေးဝန်ကြီးဌာန အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီး ကြပ်မတ်ထားဖို့ လိုသလို ပုဂ္ဂလိက ပညာရေး ဥပဒေကိုလည်း အမြန်ဆုံး ပြဌာန်းဖို့ လိုနေပြီလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြပါတယ်။

บทความก่อนหน้านี้กกท. เล็งยื่น ไอโอซี เสนอตัวจัดยูธโอลิมปิกเกมส์ 2026 ปลายสิงหาคมนี้
บทความถัดไปเขย่าขวัญซิดนีย์ หนุ่มคลั่งไล่แทงคน ตำรวจพบประวัติป่วยจิต