မွန်နဲ့ တနင်္သာရီမှာ ကျေးရွာအများစုရေမြုပ်၊ စားကုန်အချို့ဈေးတက်

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး ကျိုက်မရော မြို့နဲ့ တနင်္သာရီမြို့တွေမှာတော့ ကျေးရွာပေါင်း ၆၀ ကျော်မှာ ရေကြီးနေတယ်လို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေထံကနေ သိရပါ တယ်။

ကျိုက်မရောမှာ ကျေးရွာအုပ်စု ၄၇ စုရှိတဲ့အနက် ၂၇စုမှာ ရေကြီး နေပြီး လူ လေးသောင်းကျော်ရေဘေးသင့်နေတယ်လို့ မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်ဦးက သြဂုတ် ၁၃ ရက်နေ့က ဘီဘီစီကို ပြောပါတယ်။

” လမ်းပန်းဆက်သွယ်ရေးက တစ်မြို့လုံးရဲ့ ၇၀ရာခိုင်နှုန်းလောက် ပြတ်တောက်တဲ့ပုံစံမျိုးဖြစ်တယ်။ ကျိုက်မရောကိုလာတဲ့ ကားလမ်းတစ်လျှောက်မှာ ၃နေရာလောက်က ရေကျော်နေတယ်။ ကားအမြင့်ကြီး တွေနဲ့မှလာလို့ရမှာ။ အိမ်စီးကားလေးတွေကတော့ မစဉ်းစားနဲ့တော့။ မုဒုံဘက်ကနေ ပတ်ပြီးလာမှရမယ်။” လို့ ဦးခင်ဇော်ဦးက လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ပြောပြပါတယ်။

ဒီကနေ့ သြဂုတ် ၁၃ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မုဒုံဘက်ကနေကျိုက်မရောဘက်အသွား လမ်းခွဲရှိ ခုနစ်ခွေတောင်အတက်မှာ ကားလမ်းပိုင်းတချို့ မြေပြိုပြီးပဲ့ကျနေတယ်လို့လည်း ဒေသခံတွေထံကသိရပါတယ်။

ကျိုက်မရောမြို့ဟာ မွန်ပြည်နယ်အတွင်း အခြားမြို့နယ်များနဲ့မတူဘဲ ရေကြီးပြီးရင် ပြန်ကျဖို့ တစ်လ ကျော်ကြာတဲ့အတွက် ကယ်ဆယ်ရေးနဲ့ သွားလာရေးအတွက် ဖိုင်ဘာစက်လှေတွေကို အဓိက လိုအပ်တယ်လို့လည်း ဦးခင်ဇော်ဦးကပြောပါတယ်။

တနင်္သာရီမြို့မှာလည်း မြို့ပေါ် ရပ်ကွက် ၂ခုအပါအဝင် ရွာပေါင်း၆၄ ရွာမှာ ရေကြီးနေပြီး ရွာပေါင်း ၃၀ခန့်က လူနေထိုင်လို့ လုံးဝမရနိုင်တော့ဘဲ နေအိမ်တွေရေမြုပ် နေတဲ့အနေအထားမှာရှိနေတယ်လို့လည်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကပြောပါတယ်။

လက်ရှိ တနင်္သာရီမှာ ရေဘေးသင့်ပြည်သူနှစ်သောင်းသုံးထောင်ကျော်ရှိနေပြီး အများစုဟာ ဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့နေထိုင်နေကြပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကတော့ ထောင် ဂဏန်းဝန်းကျင်သာရှိတယ်လို့လည်း သိရပါတယ်။

‘ ‘ ရေက အိမ်တစ်ခုလုံးမြုပ်သွားလို့ ပစ္စည်းတွေပါသယ်ပြီး ဒီကို ၁၀ရက်နေ့ထဲကပြောင်းလာတာ။ အိမ်ကိုတော့ လှေနဲ့ သွားသွားကြည့်ရတာပေါ့။ ရေကအခုဆို ၂နှစ်ရှိပြီ။ ကယ်ဆယ်ရေးစခန်းကိုသွားရပြောင်းရတော့ ဒုက္ခတော့ ရောက်တာပေါ့။ အစားအသောက်ကတော့ အဆင်ပြေပါတယ်။ ရေကအခုထိတော့ အိမ်မြုပ်နေ တုံးပဲ” လို့ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ချောင်းကြီးရပ်ကွက်မှာ နေထိုင်တဲ့ မငြိမ်းဇော်လွင်က ဘီဘီစီကိုပြောပါတယ်။

မြို့ရဲ့ အန္တရာယ်ရေမှတ် အထက်ကို ရေကျော်လွန်နေတဲ့ တနင်္သာရီမြို့မှာ အဓိက လမ်းပိုင်းဖြစ်တဲ့ မလွှဲတောင် လမ်းပိုင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပြိုကျ ပျက်စီးသွားခဲ့တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတချို့ ပြတ်တောက် နေပြီး စားကုန်ပစ္စည်းတချို့လည်း ဈေးတက်လာတယ်လို့ သြဂုတ် ၁၃ရက်နေ့က ဒေသခံတွေထံကသိရပါ တယ်။

” ရေကလည်း ၂၆ပေကျော်မှာရှိနေသေးတယ်။ တချို့နေရာတွေမှာတော့ အိမ်တွေအကုန်မြုပ်ကုန်တယ်။ ပြီးတော့ မလွှဲတောင်လမ်းပိုင်းကလည်း ပြင်နေတုန်းဆိုတော့ တချို့ပစ္စည်းတွေ မြိတ်မှာပြတ်နေတာတွေ လည်းရှိတယ်။ ကျွန်တော့်တို့ဆီမှာ လမ်းက မလွှဲတောင်ကနေ ကော့သောင်းလမ်းပိုင်းတစ်ခုတည်းရှိတာ တခြားနေရာကနေ ပတ်ပြီးလာလို့ရတဲ့လမ်းမရှိဘူး။ ကုန်ဈေးနှုန်းမတက်ဖို့ကိုတော့ မြိတ်ဘက်နေ ထိန်းချုပ် နေတာတွေရှိတယ်”လို့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

သြဂုတ် ၁၃ရက်နေ့ မှာ မြိတ်ဘက်ကနေ ကုန်ပစ္စည်းတွေ ဈေးနှုန်းမတက်စေဖို့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး ညှိနှိုင်းမှုတွေမလုပ်ခင် သြဂုတ် ၁၁ ရက်နေ့မှာပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် အပါအဝင် အခြေခံစားကုန်တချို့ အတော်လေးစျေးမြင့်တက်လာတယ်လို့ မြိတ် ဒေသခံ တချို့ လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ရေးသား ဖော်ပြ တာတွေလည်းရှိခဲ့ပါတယ်။

လမ်းပိုင်းပြတ်တောက်သွားတဲ့ မလွှဲတောင်လမ်းပိုင်းကို ဘေလီတံတားထိုးဖို့ အမြန်ဆုံးလုပ်ဆောင်နေပြီး နောက် ၃ရက်ခန့်အကြာမှာ ပြီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီရှိနေပြီး ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၇၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

บทความก่อนหน้านี้ดีดีบินไทย ลั่นวัดดวงสิ้นปีนี้ลุ้นมีกำไร กางแผนลดรายจ่ายเพิ่มรายได้ ยอมรับไตรมาส 2 ขาดทุนเกินคาด
บทความถัดไปทีมชาติบาสเกตบอลญี่ปุ่น อุ่นเครื่อง ชนะทอลแบล็กส์ !