မလတ်တောင်ထပ်ပြိုမယ့်အနေအထားမရှိဘူးလို့ ဘူမိဗေဒပညာရှင်တွေ ဆုံးဖြတ်

တောင်မြေပြိုလို့ လူဦးရေ ၆၅ဦး(သြဂုတ် ၁၄ရက်မနက်ပိုင်းအထိ) အသက်ဆုံးရှုံးထားပြီးဖြစ်တဲ့ မလတ်တောင် ထပ်ပြိုမယ့် အနေအထားမရှိတော့ဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာနက ဘူမိဗေဒပညာရှင်တွေက သွားရောက် စစ်ဆေးပြီး အတည်ပြုထားတယ်လို့ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဘီဘီစီကိုပြောပါတယ်။

အဲဒီအဖွဲ့က သြဂုတ်လ ၁၃ရက်နေ့မှာ ရန်ကုန်ကနေ သွားရောက်စစ်ဆေးခဲ့တာဖြစ် ပါတယ်။ အဲဒီလို စစ်ဆေးပြီး ဒီကနေ့ သြဂုတ်လ ၁၄ရက်မနက်ပိုင်းမှာ ဝန်ကြီးဌာနကို အဖြေကို လှမ်းပြီး အစီရင်ခံထားတာလို့ သူကပြောပါတယ်။

သွားရောက်စစ်ဆေးတဲ့အဖွဲ့က ပြိုကျတဲ့နေရာကိုအဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီပတ်ဝန်းကျင်မှာ လည်း စစ်ဆေးမှုတွေ လုပ်ခဲ့တာတယ်လို့ ပြောပါတယ်။

“ထပ်ပြီးပြိုကျနိုင်မယ့် အခြေအနေမရှိတော့ဘူး။ အစီရင်ခံစာအပြည့်အစုံကို မနက်ဖြန်မှာ ထုတ်ပြန်မယ်။ ပြိုပြီးသားနေရာမှာ ရေအိုင်လေးတွေရှိတယ်၊ ကျောက်တုံးတွေရှိနေတယ်။ အဲဒီဟာလေးတွေကိုတော့ ဖြိုချ ရပါမယ်” လို့ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

ပေါင်မြို့နယ်က လူအများစုက ကုလားမတောင်ကြောအခြေတလျှောက်မှာ ရပ်ကွက်တွေ အဖြစ်ဖွဲ့စည်းပြီး နေထိုင်ကြတာ ဖြစ်ပါတယ်။

“အဲဒီကျောက်တုံးတွေ၊ ရေအိုင်တွေကို မထိရဲကြဘူး၊ ပြိုကျသွားမလားဆိုတာ၊ ပြိုကျရင် အောက်ကရှာ ဖွေရေး လုပ်တဲ့သူတွေကို ထိနိုင်လို့၊ အခုအဲဒါကြီးကို ဖြိုချရမလား၊ ထိလို့ရမလားဆိုတာကို ဆက်ပြီးတော့ စစ်ဆေးတယ်” လို့ ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ဘီဘီစီကို ပြောပါတယ်။

လက်ရှိပြိုကျတဲ့ ကုလားမတောင်ကြောက သထုံမြို့နယ်ထဲကနေစတင်ပြီးတော့ မုတ္တမ (ပေါင်)အထိ ရှိတဲ့ တောင်တန်းကြီးဖြစ်ပြီး အဲဒီတောင်ကြောတစ်လျှောက် တောင်ခြေတွေမှာ လူအများစု နေထိုင်ကြပါတယ်။

တောင်ကြောတလျှောက်နေထိုင်ကြတာချင်းတူပေမယ့် အခြားရပ်ကွက်တွေက လူတွေက တောင်ခြေက မြေတွေကို ဖဲ့ယူတာ၊ ရောင်းစားတာမျိုးတွေ မရှိလို့ အခုလိုပြိုကျတဲ့ အနေအထားတွေ မဖြစ်တာအပြင် နေရာလိုက်မြေအမျိုးအစား အပျော့၊ အမာနဲ့ ကျောက်ပါဝင်မှုတွေ ကွဲပြားတာတွေလည်း ရှိတယ်လို့ မိကွန်ချမ်းက ပြောပါတယ်။

တောင်ပြိုကျတဲ့နေရာကို သွားကြည့်ခဲ့တဲ့ မုတ္တမမြို့က မမြမြဝင်းကတော့ သူတို့သိရသလောက် အဲဒီတောင်ခြေ တဝိုက်က နေအိမ်တွေက လူတွေက ပြောင်းနေကြတာတွေရှိသလို၊ တချို့လည်း ယခင်အတိုင်း ဆက်နေတာတွေတွေ့ခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂ရက် သြဂုတ်လ ၁၂ရက်နေ့က တောင်ပြိုကျတဲ့နေရာကိုရောက်ခဲ့ပြီး သွားရောက်ကြည့်တဲ့အချိန်မှာ တောင်ခြေက အိမ်တွေကမိသားစုတွေကို မနေထိုင်ကြဖို့ အာဏာပိုင်တွေက ပြောတာတွေသိခဲ့ရတယ်လို့ သူကဆိုပါတယ်။

ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ သဲဖြူကျွန်းကျေးရွာ၊ တောင်ပြိုကျတဲ့နေရာ မှာတော့ အိမ်ထောင်စု ၂၇စုနေထိုင်ပြီး၊ လူဦးရေအရ ၁၆၇ ဦးအထိ ရှိပါတယ်။ လက်ရှိအချိန်ထိတော့ အသက်ရှင်လျက်ပြန်တွေ့ရသူ၊ ၃၈ဦးနဲ့ သြဂုတ်လ ၁၄ရက်မနက်ပိုင်း ၁၁နာရီအထိ အသက်သေဆုံးသူ ရုပ်အလောင်း ၆၅ခုကို တွေ့ရှိထားရတယ်လို့ ရာမညလူမှုရေးအသင်းက သိရပါတယ်။

တောင်ပြိုကျတဲ့အချိန်မှာတော့ စာရင်းရှိလူဦးရေ ၁၆၇ ဦးထဲမှာမှ ဘယ်နှစ်ဦးလောက် ပါရှိသွားတယ်ဆိုတာကိုတော့ အခုချိန်ထိအတိအကျမသိရသေးပါဘူး။

บทความก่อนหน้านี้10 ล้านคนลุ้นเลย! คลังชง แจกเงิน 1,500 บาท เที่ยวเมืองรอง เข้าครม.เศรษฐกิจ ศุกร์นี้ 
บทความถัดไปแจ้งข้อหาหนัก นักท่องเที่ยวสาวมาเลเซีย ขับรถชนคนงานทางหลวง ดับ 5 ศพ สาหัส1