အိတ်ဇိုမားစ် စီမံကိန်း – အင်္ဂါဂြိုဟ်သွား စီမံကိန်း ကြန့်ကြာသွားမလား စိုးရိမ်ရ

အင်္ဂါဂြိုဟ် မားစ်ရဲ့ မျက်နှာပြင်ပေါ်ထိ ဆင်းမယ့် အာကာသယာဉ် မှာ တပ်ဆင်မယ့် လေထီးတွေ အတွက် စမ်းသပ်မှု ဒုတိယအကြိမ် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

အင်္ဂါဂြိုဟ် မျက်နှာပြင်ကို ဆင်းသက်တဲ့ အခါ အသုံးပြုမယ့် အဓိက လေထီးတွေကို ဘယ်လို တပ်ဆင်မလဲ ဆိုတာ ဝေဟင်အမြင့်အပေါ်ကနေ ဖြုတ်ချ စမ်းသပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက ပြုလုပ်ခဲ့တဲ့ ပထမ အခေါက်တုန်းကလိုပဲ အခုအကြိမ်မှာလည်း စမ်းသပ် ဖြုတ်ချတဲ့ ပစ္စည်းဟာ အရှိန် မထိန်းနိုင်ပဲ မြေပြင်နဲ့ ဝင်တိုက်ပြီး ပျက်စီးသွားပါတယ်။

လေထီးတပ်ဆင်ပုံ အဆင့်တွေ မှန်ကန်တယ်ဆိုတဲ့ ကနဦး သုံးသပ်ချက်တွေ ရှိပေမယ့်၊ လေထီး မပွင့်ခင် စုတ်ပြဲဒဏ်ရာတွေ ရှိခဲ့ကြောင်း နောက်ပိုင်း တွေ့လာရပါတယ်။

ရိုဇလင် ဖရန်ကလင်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် အထိခိုက်မရှိ ဆင်းနိုင်ဖို့ ဆိုရင် အဲဒီ အရှိန်သပ်လေထီးတွေရဲ့ ကဏ္ဍဟာ အင်မတန် အရေးပါပါတယ်။

အချင်း ၃၅ မီတာ၊ ပေအားဖြင့်ဆိုရင် ၁၁၅ ပေ နီးပါးအထိ ရှိတဲ့ အကြီးဆုံး လေထီး တွက်ဆထားသလို အလုပ်လုပ်နိုင် မလုပ်နိုင်ကို ဆွီဒင်နိုင်ငံထဲမှာ ပူဖောင်းတွေနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

အိတ်ဇိုမားစ်စီမံကိန်း

အိတ်ဇိုမားစ် လို့ နာမည်ပေးထားတဲ့ အင်္ဂါဂြိုဟ်သွား စီမံကိန်းကို ဥရောပ အာကာသ အေဂျင်စီနဲ့ ရုရှားတို့ ပူးတွဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။

ပစ်လွှတ်မယ့် ရက်ကို လာမယ့် ၂ဝ၂ဝ ၊ ဇူလိုင်လထဲ ပြုလုပ်မယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့ကြောင့် ပစ်လွှတ်ဖို့ တစ်နှစ်တောင် မလိုတောပါဘူး။ ဒီအချိန်ထိ လေထီးပြဿနာ ရှိနေတဲ့ အတွက် သတ်မှတ်ချိန်အတိုင်း စီမံကိန်း အကောင်အထည် ဖော်နိုင်မလား ဆိုတဲ့ အပေါ် စိုးရိမ်စိတ်တွေ ဖြစ်လာစေပါတယ်။

နောက်တစ်ကြိမ် စမ်းသပ်မှုတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေ မထွက်ရင်တော့ ဇူလိုင် ၊ ၂ဝ၂ဝ ဆိုတဲ့ သတ်မှတ်ကာလကို နောက်ဆုတ်သွားဖွယ် ရှိနေပါတယ်။

အခုနှစ် နိုဝင်ဘာနဲ့ ၂ဝ၂ဝ ဖေဖေါ်ဝါရီလတွေမှာ စမ်းသပ်တာတွေ နောက်ထပ် ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။

၂ဝ၂ဝ ထဲ ဒီစီမံကိန်းကို အကောင်အထည် မဖော်နိုင်ရင်တော့ ၂ဝ၂၂ အထိ စောင့်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆို ၂ဝ၂၂ ကြမှ အင်္ဂါဂြိုဟ် မားစ်ဟာ ကမ္ဘာမြေနဲ့ နီးကပ်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ဆင်းယာဉ်ရဲ့ အဓိက အစိတ်အပိုင်း နှစ်ခု

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ် အထိ ဆင်းသက်မယ့် အရာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဥရောပ အာကာသ အေဂျင်စီက တာဝန်ယူပြီး တီထွင်ဖန်တီးတဲ့ ဂြိုဟ်မျက်နှာပြင်သွား ရိုဗာယာဉ် ဖြစ်ပါတယ်။ အဲဒီရိုဗာကို ရိုဇလင်း ဖရန်ကင် Rosalind Frankl ဆိုပြီး နာမည် ပေးထားပါတယ်။

အဲဒီ ရိုဇလင် ဖရန်ကလင်ကို ရုရှားလုပ် ကာဇာချော့ခ် KAZACHOK လို့နာမည်ပေးထားတဲ့ ခုံမျက်နှာပြင်အခံပေါ် တင်ထားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကာဇာချော့ခ်လည်း အင်္ဂါဂြိုဟ်ပေါ်ထိ ဆင်းသက်ရမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် မျက်နှာပြင်ထက် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ ရိုဇလင်း ဖရန်ကင် ရိုဗာဟာ ကာဇာချော့ခ် ပေါ်ကဆင်းပြီး သုတသေန အလုပ်တွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ကျောက်တုံးကျောက်ခဲတွေကို စုစောင်းရုံတင်မက မျက်နှာပြင်ကို လွန်နဲ့ဖောက်ပြီးတော့ပါ မြေဆီ နမူနာတွေ ရယူမှာ ဖြစ်ပါတယ်။

အဓိကကတော့ ဩဂဲနစ် ပစ္စည်းတွေ တည်ရှိမှုကို ဓာတ်ခွဲ စမ်းသပ်မှာ ဖြစ်ပြီး၊ အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ အခုရှိနေလား၊ အရင်ကရော ရှိခဲ့လား ဆိုတာကို ဆန်းစစ်နိုင်ဖို့ ဖြစ်ပါတယ်။

ဘီးခြောက်ဘီးတပ် ရိုဇလင်း ဖရန်ကင်ကို ယူကေနိုင်ငံထဲမှာ အပြီးသတ် တည်ဆောက်နေတာ နောက်ဆုံး အဆင့် ရောက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ စီမံကိန်းထဲ အသုံးပြုမယ့် ပစ္စည်း ကိရိယာတွေကို ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ဖင်လန်နိုင်ငံထဲမှာ တီထွင် ဖန်တီးနေတာ ဖြစ်ပြီး အားလုံး အပြီးသတ်လုနီး အခြေအနေမှာ ရှိပါတယ်။

၂ဝ၂ဝ ဇူလိုင်လထဲ သတ်မှတ်ရက်ရောက်တဲ့ အခါမှာတော့ ကာဇက်စတန် နိုင်ငံထဲကနေ ရုရှားလုပ် ပရိုတွန် ဒုံးပျံနဲ့ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

บทความก่อนหน้านี้လေယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ ကားဒစ်ဖ် ဘောလုံးသမား ဆာလား ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့သင့်ခဲ့တယ်လို့ တွေ့ရှိ
บทความถัดไปเฮ้ยแก! สาวนึกว่าคนรู้จักมาทัก อ้าวไม่ใช่นี่โจร กระชากสร้อย บิดหนีหาเงินเที่ยว