ဟောင်ကောင် ဆန္ဒပြမှုတွေမှာ တရုတ်က ဘယ်လိုဝင်ဖြေရှင်းနိုင်ဖွယ် ရှိသလဲ

ဟောင်ကောင်၊ တရုတ်၊ ဆန္ဒပြ

Getty Images
ဟောင်ကောင်အစိုးရအနေနဲ့ တရုတ်ပြည်မ အစိုးရရဲ့ ဖိအားတွေနဲ့ ဆက်ရင်ဆိုင်နေရဆဲ

တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ အစပြုခဲ့တဲ့ ဆန္ဒပြမှုတွေ ဟောင်ကောင်မှာ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပွားနေခဲ့ပြီး အကြမ်းဖက် ဆူပူမှုတွေကြောင့် အရေးပါတဲ့ လုပ်ငန်းလည်ပတ်မှု ယန္တရားတွေမှာ အနှောင့်အယှက်တွေ ဖြစ်ခဲ့ရပါတယ်။

ဆန္ဒပြသူတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း သည်းခံစိတ် လျော့လာပြီး တိုက်ရိုက် အရေးယူတာတွေ လုပ်လာတော့မှာလားလို့ အတော်များများက တွေးနေကြပါတယ်။

ဟောင်ကောင်အရေးမှာ ကြားဝင်ဖို့ တရုတ်အစိုးရအနေနဲ့ ဥပဒေကြောင်းအရ ဘယ်လိုလမ်းကို ရွေးမလဲ၊ ဟောင်ကောင်မှာ တရုတ်က စစ်ရေးအရ အရေးယူတာမျိုး တွေ့ရနိုင်သလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

တရုတ်က ဟောင်ကောင်ကို စစ်တပ် စေလွှတ်နိုင်သလား

၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို တရုတ်အစိုးရလက်ထဲ ယူကေအစိုးရက လွှဲပြောင်းပေးခဲ့ပြီးကတည်းက ချမှတ်ခဲ့တဲ့ ဟောင်ကောင်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

တကယ်လို့ တရုတ်က ဟောင်ကောင်မှာ အရေးပေါ်အခြေအနေ ဒါမှမဟုတ် စစ် မကျေညာမချင်း ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပန်ကြားချက်နဲ့သာ တရုတ်အစိုးရအနေနဲ့ စစ်ရေးအရ ဝင်ရောက် ဆောင်ရွက်ခွင့် ရှိမှာ ဖြစ်ပြီး ဒါကလည်း လူထု ငြိမ်ဝပ်ပိပြားရေး ကိစ္စရပ်နဲ့ ကပ်ဘေးအန္တရာယ် ကယ်ဆယ်ရေး ကိစ္စရပ်တွေအတွက်သာ ဖြစ်ပါတယ်။

ဟောင်ကောင်၊ တရုတ်၊ ဆန္ဒပြ

Getty Images
ဟောင်ကောင်က စစ်တန်းလျားတစ်ခုမှာ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ စစ်ရေး လေ့ကျင့်နေကြပုံ

ဒါပေမဲ့ အခုအခြေအနေမျိုးမှာ တရုတ်အစိုးရက PLA တပ်ဖွဲ့ဝင်တွေကို သုံးပြီး စစ်ရေးအရ ဖြေရှင်းဖို့ ဆိုတာ လုံးဝ မတွေးဝံ့လောက်အောင်ပဲလို့ အကဲခတ် အများစုက ပြောပါတယ်။

“တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ ဖြေရှင်းမယ် ဆိုရင် အခြေခံအဆောက်အအုံနဲ့ စီးပွားရေး အခြေအနေတွေကို အကြီးအကျယ် ပြောင်းသွားနိုင်တယ်” လို့ ဟောင်ကောင် တရုတ်တက္ကသိုလ်က ပါမောက္ခ အိုင်ဗန် ချွိုင် က ပြောပါတယ်။ အကျိုးဆက်တွေက အတော့်ကို ကျယ်ပြန့်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်မယ် ဆိုရင် ဟောင်ကောင်ကို တရုတ်အစိုးရ လွှဲပြောင်းယူခဲ့ပြီးကတည်းက ကျင့်သုံးလာတဲ့ “နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်မျိုး”နဲ့ အုပ်ချုပ်နေတဲ့ ပုံစံအပေါ် ယုံကြည်မှုတွေ ပြိုပျက်သွားနိုင်ပြီး ပြန်ပြင်နိုင်ဘွယ် မရှိဘူးလို့ ပါမောက္ခ ချွိုင်က ပြောပါတယ်။

ဟောင်ကောင်ကို တရုတ်အစိုးရ လွှဲပြောင်း ယူခဲ့ပြီးကတည်းက ဟောင်ကောင်မှာ အခြေစိုက် တပ်စွဲထားတဲ့ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ဝင်ပေါင်း ၅ ထောင်လောက် ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ဖော်ပြတဲ့ ပြယုဂ် တစ်ခုလောက်သာ ဖြစ်တယ်လို့ မက်ကွိုင်ရီ တက္ကသိုလ်က တရုတ်ရေးရာ သုတေသီ အဒမ် နီ က ပြောပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့တုန်းကတော့ ဟောင်ကောင် မြို့စောင့်တပ်ဖွဲ့ဝင် စစ်သားတွေက ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြမှုတွေအတွင်း ဟောင်ကောင်ရဲတွေ သုံးလေ့ ရှိတဲ့ သတိပေးစာတန်း ဖြစ်တဲ့ “တိုက်ခိုက်တာတွေ ရပ်ရင်ရပ်၊ မရပ်ရင် အင်အားသုံးဖြိုခွဲမယ်”လို့ ရေးထားတဲ့ သတိပေး စာတန်းနဲ့ ဆန္ဒပြသူတွေကို ရဲက တားဆီးဖို့ ကြိုးပမ်းနေတဲ့ ဆန္ဒပြမှု ဖြစ်ပွားရာ နေရာကို စစ်သားတွေ ရှေ့တိုး ဝင်ရောက်လာခဲ့ပြီး “ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံနိုင်ရင် ဆက်လုပ်ကြ” လို့ ကန်တုံ ဘာသာစကားနဲ့ အော်ဟစ်ပြောနေပုံကို အဲဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။

စစ်အင်အားသုံး ဖြေရှင်းဖွယ် ရှိတယ် ဆိုတာကို တရုတ်အစိုးရက ဟောင်ကောင်ပြည်သူတွေကို မပြတ် သတိပေးဖို့ ကြိုးစားနေတယ်လို့ ဒေါက်တာ ချွိုင်က ပြောပါတယ်။

အခုချိန်အထိတော့ ဒီဆန္ဒပြမှုတွေကို ဟောင်ကောင်ရဲတွေ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ တရုတ်အစိုးရက အပြည့်အဝ ယုံကြည်ထားတယ်လို့ ဟောင်ကောင်မှာ ရှိတဲ့ တရုတ် မူဝါဒရေးရာရုံးက ပြောပါတယ်။

ဒါပေမဲ့လည်း မီးနဲ့ ကစားတဲ့သူတွေ မီးဒဏ် ခံရမယ်၊ အစိုးရက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နေတာကို အားနည်းတယ် ဆိုပြီး အမှတ်မမှားကြနဲ့ လို့ ဆန္ဒပြသူတွေကို ပြောခွင့်ရပုဂ္ဂိုလ် ယန် ဂွန်းက သတိပေးထားပါတယ်။

ဆန္ဒပြမှုတွေကို စစ်အင်အားသုံး ဖြေရှင်းမယ် ဆိုရင် တရုတ်အစိုးရအတွက် နိုင်ငံရေး အန္တရာယ်က ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အတော်လေး ကြီးမားဖို့ ရှိနေပြီး ဒီပဋိပက္ခကို ပိုဆိုးလာနိုင်ဘွယ် ရှိတယ်လို့ မစ္စတာ နီက သုံးသပ်ပါတယ်။

စစ်ရေးနဲ့ တုံ့ပြန်အရေးယူမယ် ဆိုရင် နောက်ထပ် တန်ပြန် ကန့်ကွက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ နိုင်ငံရေးအရရော ဝင်ရောက်စွက်ဖက်နိုင်သလား

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရဟာ နိုင်ငံရေး အရ ဝင်ရောက်စွက်ဖက်မှု အတော်များများ လုပ်ခဲ့ပြီးသား ဖြစ်ပြီး ဒါဟာလည်း လတ်တလော ဆန္ဒပြမှုတွေ ဖြစ်လာရတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ခု ဖြစ်ပါတယ်။

ဟောင်ကောင်၊ တရုတ်၊ ဆန္ဒပြ

Getty Images
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းမ်ဟာ လူထုနဲ့ ကင်းကွာသွားပြီလို့ စွပ်စွဲခံနေရ

ဟောင်ကောင် ပါလီမန် ဥပဒေပြုကောင်စီဟာ တရုတ်အစိုးရ လိုလားတဲ့ဘက်ကို ယိမ်းနေခဲ့ပြီး အဲဒီကောင်စီရဲ့ အကြီးအကဲ အမှုဆောင်ချုပ်အဖြစ် ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေဟာ တရုတ်အစိုးရ ထောက်ခံအားပေးသူ အများစု ပါဝင်တဲ့ ကော်မတီတစ်ရပ်က ကြိုတင် အတည်ပြုထားသူတွေသာ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေတစ်ခုကို လူထုက အကြီးအကျယ် ကန့်ကွက်နေတဲ့ ကြားက ၂၀၁၇ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။ အရွေးခံရသူဟာ တရုတ် ဗဟိုအစိုးရက အတည်ပြုခံရသူလည်း ဖြစ်ဖို့လိုပြီး ဝန်ကြီးတွေကို အဲဒီလူက ရွေးချယ်ခန့်ခွင့် ရှိပါတယ်။

ကယ်ရီ လမ်းမ်ကို ၂၀၁၇ ခုနှစ်မှာ ရွေးကောက် တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်စေခဲ့တဲ့ တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို သူက အဆိုပြုခဲ့တာ ဖြစ်ပြီး အခုအခါ လူတွေရဲ့ ဒေါသတွေက သူ့အပေါ် ပုံကျလာနေပါတယ်။

တရုတ်အစိုးရဟာ သူ့ရဲ့ အာဏာကို အကြီးအကျယ်သုံးပြီး ကယ်ရီ လမ်းမ်ကို ရာထူးကနေ နုတ်ထွက်ခိုင်းဖို့ အခိုင်အမာ ငြင်းဆိုနေသလို ဒီဥပဒေကြမ်းကို တရားဝင် လုံးဝ ပယ်ဖျက်ခိုင်းဖို့ ကိုလည်း ငြင်းဆိုနေတယ်လို့ ဟောင်ကောင် သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်က ပါမောက္ခ ဒစ်က်ဆင် မင်းဆင်း က ပြောပါတယ်။

“တရုတ်အစိုးရအနေနဲ့ တကယ်လို့ ကယ်ရီ လမ်းမ်ကို နုတ်ထွက်စေချင်တယ် ဆိုရင် နုတ်ထွက်ခိုင်းလို့ သိပ်ရတာပေါ့။ ဒါပေမဲ့ လူထုက ပုံသွင်းသလို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး ဆိုတာကို ပြချင်တဲ့အတွက် တရုတ်အစိုးရက ကယ်ရီ လမ်းကို မနုတ်ထွက်စေချင်တာ”လို့ သူက ပြောပါတယ်။

တကယ်လို့ ကယ်ရီ လမ်းမ်က သူ့သဘောဆန္ဒနဲ့ နုတ်ထွက်သွားမယ် ဆိုရင်လည်း သူ့နေရာမှာ အစားထိုး ခန့်တဲ့ သူဟာ တရုတ်အစိုးရ လိုလား ထောက်ခံသူပဲ ဖြစ်လာရမှာပါ။

ဒါ့အပြင် လတ်တလော နှစ်ပိုင်းတွေအတွင်း ဟောင်ကောင်မှာ အတိုက်အခံ အမတ်တွေ နိုင်ငံတော် သစ္စာခံကျမ်းကျိန်တာမျိုး မလုပ်ရင် အမတ်လုပ်ခွင့် မပြုတာမျိုး၊ တရုတ် နိုင်ငံတော် သီချင်းကို မလေးမစားလုပ်တာကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတစ်ခု အဆိုပြုတာမျိုး အပါအဝင် နိုင်ငံရေး လုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ တရုတ်အစိုးရ ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေကို တန်ပြန်ချေမှုန်းဖို့ စိတ်အားထက်သန်နေတယ် ဆိုတာကို ဖော်ပြနေပါတယ်။

တရုတ်အစိုးရက အတိုက်အခံ လှုပ်ရှားသူ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထားလာနိုင်သလား

တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းတစ်ခုကြောင့် အခုလို ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး နိုင်ငံရေး အတိုက်အခံ လှုပ်ရှားသူတွေကို တရုတ်ပြည်မကြီးဆီ ပို့နိုင်ဖို့အတွက် တရုတ်အစိုးရက ဒီဥပဒေကြမ်းကို အသုံးပြုလာနိုင်တယ်လို့ အကဲခတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ တရုတ်ပြည်မကြီးကို ရောက်ရင် အဲဒီလူတွေ ပြစ်မှု ထင်ရှားဖို့က သေချာသလောက်ပါပဲ။

ဟောင်ကောင်၊ တရုတ်၊ ဆန္ဒပြ

BBC
တရုတ်အစိုးရကို ဝေဖန်လေ့ ရှိသူ ဂီ မင်ဟိုင် ဟာ တရုတ်အစိုးရက ထိန်းသိမ်းထားစဉ်အတွင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့

အခုအခါ ဒီဥပဒေကြမ်းက လုံးဝ အသက်မရှိတော့ဘူးလို့ ကယ်ရီ လမ်းမ်က ပြောထားပေမဲ့လည်း ဒီလို ဥပဒေမျိုးကို ရှောင်ကွင်းပြီး ဟောင်ကောင် ပြည်သူတွေကို ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် ဆန္ဒပြသူတွေက စိုးရိမ်နေကြပါတယ်။

ဟောင်ကောင်မှာ တရုတ် အစိုးရကို ဝေဖန် တိုက်ခိုက်တဲ့ စာအုပ်တွေ ရောင်းတဲ့ စာအုပ်ဆိုင်ရှင် ဂွီ မင်ဟိုင်ရဲ့ အမှုက အထင်ရှားဆုံး သာဓကတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ လူအသေအပျောက် ရှိခဲ့တဲ့ မော်တော်ကား မတော်တဆ တိုက်မှု တစ်ခုနဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ်မှာ သူ့ကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိခဲ့အပြီး တရုတ်နိုင်ငံမှာ ပျောက်ဆုံးသွားခဲ့တာပါ။

တရုတ် တရားရုံးက သူ့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူ့ကို ထောင်က လွှတ်ပေးလိုက်ပေမယ့် နောက်တနှစ်မှာ တရုတ်နိုင်ငံက ရထားပေါ်မှာ ထပ်ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေက ဆိုပြီး အဲဒီကတည်းက သူ့ကို လုံးဝ မတွေ့ရတော့ပါဘူး။

အတိုက်အခံတွေက သူတို့ကိုယ်တိုင် အဖမ်းခံရမှာကို မကြောက်ကြဘူး ဆိုရင်တောင် တရုတ်ပြည်မကြီးမှာ နေထိုင်နေတဲ့ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေ အပေါ် ဂယက်ရိုက်ခံရမှာကို တချို့က စိုးရိမ်နေပါတယ်။

ဟောင်ကောင်မှာ တရုတ်အစိုးရက တိုက်ရိုက် ဝင်ရောက် စွက်ဖက်လာမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့ ဆန္ဒပြမှုတွေ ရပ်တန့်သွားစေဖို့ တရုတ်အစိုးရရဲ့ အထိရောက်ဆုံး လက်နက်ကတော့ စီးပွားရေး လက်နက် ဖြစ်မယ့်ပုံ ရှိပါတယ်။

ဟောင်ကောင်ဟာ စီးပွားရေး အင်အားကြီးနယ်မြေ တစ်ခု ဖြစ်ပြီး ဗြိတိသျှ အစိုးရလက်ကနေ တရုတ်အစိုးရ လွှဲပြောင်း ယူခဲ့စဉ်က သဘောတူချက် တစိပ်တပိုင်းအဖြစ် အထူး အခွင့်အရေး ရခဲ့တဲ့အတွက် အဲဒီလို စီးပွားရေး ဆက်တောင့်တင်း ခိုင်မာနေခဲ့တာပါ။ ဒါပေမဲ့ ရှီဂျန်နဲ့ ရှန်ဟိုင်းတို့လို တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြို့တွေဟာ ၁၉၉၇ ခုနှစ်က စလို့ ဟောင်ကောင်နဲ့ အမီလိုက်နိုင်လာခဲ့ပါတယ်။

တကယ်လို့ ဟောင်ကောင်က တရုတ်အစိုးရရဲ့ အခွင့်အာဏာကို ဆက်စိန်ခေါ်ကန့်ကွက်နေမယ် ဆိုရင် ဟောင်ကောင်ရဲ့ စီးပွားရေး ကျုံ့သွားအောင်နဲ့ တရုတ်အစိုးရရဲ့ ချစ်ကြည်ရင်းနှီးမှုအပေါ် နောက်ထပ် ပိုမှီခို အားထားလာဖို့ အတွက် တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေကို ပြည်မကြီးဆီ ပြောင်းလဲ လုပ်ဆောင်လာဘွယ် ရှိနေပါတယ်။

บทความก่อนหน้านี้เปิดผลตรวจศพ เอมิลิอาโน ซาลา ได้รับคาร์บอนมอนอกไซด์จำนวนมาก
บทความถัดไปရဲကဖမ်းလို့ မမိသေးတဲ့ ဂန့်ဂေါက လွှတ်တော်ကိုယ်စားလှယ်ဟောင်း