မန်းညွန့်ဦးမောင်ကလေး၊ အငြိမ့်မင်းသမီးကို ရည်းစားထားခဲ့သူ

အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးဦးမှပါ့ သခင်ရယ်၊ မီးရောင်အောက်ကို ဝင်ရင် လူပြက်တွေနဲ့ တွဲလို့ မောင့်သဘောက မကြည်မလင် စတဲ့ လေဘာတီ မမြရင်ရဲ့ အလှူ့ရှင်သီချင်း ဟာ နှစ်ပေါင်း ၈ဝ ကြာတဲ့အထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ နာမည်ကျော် အငြိမ့်မင်းသမီးကို သူ့ချစ်သူက သဝန်တိုတဲ့အကြောင်း စပ်တဲ့သီချင်းလို့ ဒီသီချင်းကို သိကြတာပါ။ ဒါပေမဲ့ မမြရင်ရဲ့ ချစ်သူ ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဆိုတာကို သိတဲ့သူ နည်းပါတယ်။

မမြရင်ကို လွန်ခဲ့တဲ့ ၁ဝ၅ နှစ်က အထက်အညာ သာစည်နယ်က ရွှေဖလားကန်ရွာကလေးမှာ မွေးခဲ့ပြီး ၁၉၄၅ ဒုတိယကမ္ဘာစစ်မပြီးခင်ကလေးမှာပဲ မန္တလေးနားက ကျောက်ဆည်နယ်က ဧည့်ပြဆိုတဲ့ ရွာကလေးမှာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။ ရွာမှာမွေးပြီး ရွာမှာပဲ မထင်မရှား ဇာတ်သိမ်းခဲ့ရတဲ့ မမြရင်ဟာ ခေတ်ကောင်းစဉ်အခါမှာတော့ ရန်ကုန် မန္တလေးမြို့ကြီးတွေမှာ ထိပ်တန်းဆိုတဲ့ မင်းပရိသတ်ကို ကပြသီဆိုခဲ့တဲ့ သဘင်သည်တယောက် ဖြစ်ပါတယ်။

ခြေအိတ်ချွတ်ကရင် ရွှေဒင်္ဂါးနှစ်ပြား

သူ့ကို ပိုးပန်းကြတဲ့ ပရိသတ်တွေထဲမှာ ရန်ကုန်မြို့တော်ဝန် ဦးကျော်ဇံ၊ မြန်မာပြည်ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးစတဲ့ မြန်မာပြည်မှာ ဗြိတိသျှတွေ ပြီးရင် ထိပ်ဆုံးဆိုတဲ့ လူကြီးတွေ ပါပါတယ်။ နှုတ်ခမ်းမွေးကြီး ဦးကျော်ဇံက မမြရင်ကို သူ့ခြံမှာ အငြိမ့်လာကတဲ့အခါ ခြေအိတ်ချွတ်ကရင် ရွှေဒင်္ဂါးနှစ်ပြားပေးမယ်ဆိုပြီး တောင်းဆိုပေမယ့် မမြရင်က မချွတ်ဘူးဆိုတဲ့ အဖြစ်ကလည်း ပြောစမှတ် ဖြစ်ခဲ့ပါတယ်။

မမြရင်သီချင်းတွေကို လူငယ်ဘဝက ကြိုက်ခဲ့သူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်လည်း ပါပါတယ်။ မြန်မာပြည်ကို ခဏအလည်ပြန်လာတဲ့ ဦးသန့်က သူ့ကို ဧည့်ခံပွဲတခုမှာ မမြရင်သီချင်းတွေ မရကြဘူးလားလို့ မေးခဲ့ပါတယ်။ မမြရင်ဟာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က အနှစ် ၂ဝ ကျော် ကခဲ့တဲ့ မင်းသမီးတလက်မို့ သီချင်းပုဒ်ရေ ရာချီပြီး ဆိုသွားခဲ့သူ ဖြစ်ပါတယ်။ ဒီသီချင်းတွေထဲက တချို့ဟာ သူ့ဘဝနဲ့ သက်ဆိုင်နေပြီး သူနဲ့သူ့ချစ်သူတွေအကြောင်း ရေးဖွဲ့ထားတာပါ။

ဒီထဲက ထင်ရှားတာက ဦးသဝန်ကြောင် ရေစက်ချ၉၁ ဌာနသော့တွဲရှင်တခုပဲ သခွတ်ပန်း စတဲ့တေးတွေပါ။ သူ့ချစ်သူဟာ မမြရင်ဆီကို လူပြက်တွေ၊ သီချင်းရေးဆရာတွေ ဝင်တာထွက်တာလည်း မကြိုက်ပါဘူး။ ဒီအကြောင်း တွေကို သိတဲ့ သီချင်းရေးဆရာတွေက မမြရင်ဇာတ်လမ်းတွေကို သီချင်းစပ်ပေးကြတယ် ဆိုသလို သူ့ချစ်သူကိုယ်တိုင်က တေးရေးဆရာတွေကို ရေးခိုင်းတာတွေလည်း ရှိတယ်လို့ မန္တလေးအကြောင်း ဆောင်းပါးတွေ ရေးတတ်တဲ့ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို တောမင်းသမီးဘဝက ခိုးပြေးဖို့ ကြံခဲ့ဖူးတယ်ဆိုတဲ့ ဇာတ်လမ်းကလည်း ရှိခဲ့တဲ့အတွက် ချစ်သူက စိုးရိမ်တာလည်း မဆန်းပါဘူး။

တကယ်က မမြရင်မှာ ချစ်သူဘယ်နှယောက်ရှိခဲ့တယ် ဆိုတာ မသိနိုင်ပေမယ့် မမြရင်ဟာ တရုတ်အမျိုးသားတယောက်နဲ့လည်း ချစ်ခဲ့ဖူးတယ် ဆိုကြပါတယ်။ ဒါကြောင့် မမြရင်အကြောင်း အချစ်ဇာတ်လမ်းတွေ ထည့်ရေးရင် ချစ်စရာ ကောင်းတဲ့ မမြရင် မဖြစ်ဘဲ လင်များတဲ့ မမြရင်ပဲ ဖြစ်လာမယ်လို့လည်း ပြည်သူချစ်သော အနုပညာသည်များ စာအုပ်နဲ့ မမြရင်တို့ခေတ်ကို မှတ်တမ်းတင်ခဲ့တဲ့ လူထုဒေါ်အမာက ရေးခဲ့ဖူးပါတယ်။

မြန်မာ့ရှေးရိုးယဉ်ကျေးမှုမှာ အိမ်ထောင်ဆက်များတာ၊ တရားဝင်အတည်အကျမရှိတာကို အထင်သေးတတ်တဲ့အတွက် အနုပညာရှင်တွေရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို လူတွေက တီးတိုးပြောကြတာကလွဲရင် မှတ်မှတ်သားသား မရေးခဲ့ကြတဲ့ ဓလေ့ကြောင့် မမြရင်ရဲ့ ချစ်သူတွေအကြောင်း လူတွေ အသိနည်းတာ ဖြစ်ပါတယ်။

မမြရင် အပျိုမဟုတ်

မမြရင်ကို မန္တလေးမှာ အပျိုကြီးလို့ လူတွေက မှတ်မထားကြဘူးလို့လည်း ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ မန်းညွန့်ဆန်စက်ပိုင်ရှင် ဦးမောင်ကလေးရဲ့ တရားဝင်မဟုတ်တဲ့ဇနီး အဖြစ် မမြရင်ကို သိတဲ့သူ များတယ်လို့လည်း သူက ဆိုပါတယ်။ မန်းညွန့်ဦးမောင်လေးခေါ် ဦးမောင်ကလေးကိုတော့ လူထုဦးလှရဲ့ ကျွန်တော်မြင်းသမား စာအုပ်က ဇာတ်လိုက်ကြီးအဖြစ် စာဖတ်သူတွေက သိကြပါတယ်။

ဦးမောင်ကလေးဟာ အထက်မြန်မာပြည်ကို ဗြိတိသျှသိမ်းပြီးနောက် ဆန်စက်ကို ပထမဆုံးတည်ထောင်လုပ်ကိုင်တဲ့သူတွေထဲက ဆန်ဦးဘိုးရဲ့ မြေးဖြစ်ပါတယ်။ ဦးဘိုးဟာ မင်းကွန်းနားက ခိုတောင်ရွာမှာ လှေလှော်ငှက်ခတ်တဲ့ဘဝနဲ့ စခဲ့ ပေမယ့် ဝေယံဘုံသာနဲ့ ဆင်တဲတိုက်တွေကို ဆောက်လှူနိုင်တဲ့အထိ ချမ်းသာလာခဲ့သူ ဖြစ်ပါတယ်။ ဦးမောင်ကလေးကို ၁၈၉၉ က မန္တလေးမှာ မွေးခဲ့ပြီး ငယ်စဉ်က ဉာဏ်ထက်မြက်လို့ လန်ဒန်ကို သွားပြီး ဆေးပညာသင်ဖို့အထိ စိတ်ကူး ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းသားဘဝမှာ မြင်းလောင်းတာကို ဝါသနာပါပြီး သပိတ်မှောက် ကျောင်းဆရာလည်း လုပ်ခဲ့တဲ့အတွက် ပညာရေးမပြီးဆုံးခဲ့ပါဘူး။

သူဌေးသား လူငယ်ဘဝနဲ့ ရန်ကုန်နဲ့ မန္တလေးမြင်းပွဲလောကမှာ ကျက်စားခဲ့တဲ့ ဦးမောင်ကလေးဟာ ဝန်ကြီး၊ သူဌေးနဲ့ အရာရှိ တော်တော်များများနဲ့ သိကျွမ်းခဲ့ပြီး ဒီလူတွေကတဆင့် အနုပညာလောကထဲကိုလည်း ရောက်ခဲ့သလို အမတ်လည်း ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ပထမဆုံး ပြည်ထဲရေးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆာမောင်ခင်က တိုက်တွန်းလို့ ဦးမောင်ကလေး အမတ်အရွေးခံပြီး မန္တလေးမြို့ပြလွှတ်တော်အမတ်ဖြစ်ခဲ့တာပါ။

၁၉၂ဝ ကျော် မန္တလေးမှာ သူနဲ့ ပေါင်းခဲ့သူတွေထဲမှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမဖြစ်လာမယ့် ဒေါက်တာဘသန်း၊ ဂဠုန်ဦးစောခေတ်မှာ ဝန်ကြီးဖြစ်လာတဲ့ ဦးဘဝင်းစတဲ့နာမည်ကြီးတွေ ပါပါတယ်။ ဒေါက်တာဘသန်းကို မြင်းလောကထဲ ရောက်အောင် သူဆွဲသွင်းသလို ဦးဘသန်းဖျက်လို့ အငြိမ့်လောကထဲ သူရောက်သွားတယ်လို့လည်း ဦးမောင်ကလေးက ဆိုပါတယ်။ နှဲဆရာကြီး ဦးချစ်မောင်ကို မြန်မာညွန့်အငြိမ့်ထောင်ပေးတဲ့အထိ သူခြေကျွံသွားသလို အငြိမ့်ကြိုက်လို့ သူမွေးတဲ့မြင်းကို ကောလိပ်စိန်လို့ မှည့်တယ်လို့လည်း ဆိုပါတယ်။

အငြိမ့်တွေကြည့်ရင်း မမြရင်နဲ့ သူနဲ့တွေ့ကြတာ ဖြစ်ပါတယ်။ မန္တလေး လမ်း ၈ဝ တရုတ်တန်းက သူ့အဘိုးပိုင် မန်းညွန့်ဆန်စက်ဝင်းထဲမှာ တိုက်တံခါးပိတ်ပြီး မမြရင်နဲ့ ဥက္ကလာဧကြည်ဆိုတဲ့ မင်းသမီးနှစ်လက်ကို လူပြက်တွေ မပါဘဲ တလှည့်စီ ဆိုခိုင်း ကခိုင်းတယ်လို့ သိရပါတယ်။ ပွဲကြည့်သူကလည်း သူနဲ့ မိတ်ဆွေ တယောက် နှစ်ယောက်လောက်ပဲ ဖြစ်ပါတယ်။

မမြရင်ထက် ၅ နှစ်ကြီးတဲ့ ဦးမောင်ကလေးတို့ ၁၉၂၇ လောက်ကတည်းက ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီခေတ်အခြေအနေအရ သဘင်သည်နဲ့ လူချမ်းသာတို့ အတိအလင်းလက်ထပ်ယူတာမျိုးက ရှားပါတယ်။ အဲဒီခေတ်မှာ သစ်တောရေး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဆာလီအယိန်ရဲ့ဇနီးတယောက်က အငြိမ့်မင်းသမီးဆိုပေမယ့် မယားကြီးအနေနဲ့ ဟုတ်ပုံမရပါဘူး။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွေမှာလည်း ပုဆိုးတန်းတင်အကြင်လင်မယားဆိုတဲ့အတိုင်း လင်မယားအဖြစ် အရှေ့အနောက် ခုနစ်အိမ်စီက အသိအမှတ်ပြုရင် ဖြစ်တဲ့ခေတ်ဖြစ်ပါတယ်။

နောက် မင်းသမီးတယောက် လက်ထပ်လိုက်ရင် နာမည်ကျသွားမှာကို ပူရတဲ့အတွက် မမြရင်က အသိမခံချင်တာလည်း ဖြစ်ပုံရပါတယ်။ သူ့ချစ်သူက သူ့ကို ပွဲခင်းထဲမှာ နှုတ်ဆက်ရင်တောင် မလွှဲသာမှ နှုတ်ဆက်တယ်လို့ သိရပါတယ်။ မမြရင်ဟာ အပျိုမဟုတ်ပေမယ့် သူ့ဣန္ဒြေက အပျိုရှုံးတယ်လို့ လူထုဒေါ်အမာက ရေးခဲ့ပါတယ်။

ရေစက်ချတောင် ခဏမလာပေါင်ရှင်

နှစ်ပိဿာခွဲထင်သလိုနေဖနောင့်ဗွေ ဆိုတဲ့ သီချင်းတွေမှာတော့ မမြရင်က သူ့ချစ်သူလင်သား ညအချိန်မတော်မှ အိမ်ပြန်လာပုံကို သီချင်းစပ်ဆိုခဲ့ပါတယ်။ အချိန်မတော် ပေတရာလမ်းက ထစမ်းပါကွဲ့ မမြရင် ဆိုပြီး ညကြီးမိုးချုပ်မှ ရောက်လာတတ်တဲ့ ချစ်သူဖြစ်ပါတယ်။ နောက် ရေစက်ချတောင် ခဏမလာပေါင်ရှင် ဆိုတဲ့ သူ့တေးထဲကအတိုင်း မမြရင်ကို ဦးမောင်ကလေးက ပွဲတက်မယားအဖြစ် မန္တလေးမှာ ထင်ထင်ပေါ်ပေါ် မပေါင်းခဲ့ပါဘူး ။ ဦးမောင်ကလေး မှာလည်း ဒေါ်တင်ဦးဆိုတဲ့ မန္တလေးစျေးချိုတော် ရွှေဆိုင်တန်းက လူချမ်းသာဇနီးမယား ရှိပြီးဖြစ်လို့ ဖြစ်ပါတယ်။

မမြရင်က အငြိမ့်ကတာကို သူ့ချစ်သူက မကြိုက်တဲ့အတွက် ၁၉၂၈ လောက်က ရန်ကုန်ခေါ်သွားပြီး ကုန်သည်လမ်းက ရနောင်းရက်စတော့ရင့်အပေါ်ထပ်မှာ ထားခဲ့တယ်လို့ ဒေါ်အမာက ရေးခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်တဲ့ အနုပညာသည် ဘဝနဲ့ အသက်မွေး လိုတဲ့အတွက် တနှစ်အကြာမှာ မမြရင် မန္တလေးကို ပြန်သွားခဲ့ပါတယ်။

သူအငြိမ့်ပြန်ကတော့ ချစ်သူက မလုပ်စဖူး စင်ပေါ်တက်ပြီး လက်ဆွဲခေါ်သွားခဲ့ပါတယ်။ နောင် ချစ်သူကိုယ်တိုင်က အငြိမ့်ထောင်ပေးတယ်လို့ သိရပါတယ်။ ဒီအတွေ့အကြုံတွေကပဲ အလှူ့ရှင်မှန်း အားလုံးသိကြပါတယ်ရှင်၊ အပိုင်နော်ကြံလိုက်သခင် တိုင်ပေါ် အလံစိုက်ချင် ဆိုတဲ့ တေးတပုဒ် မွေးဖွားခဲ့တာပါ။

ချစ်သူနဲ့ စိတ်အခန့်မသင့်တာတွေ ရှိတတ်ပေမယ့် မမြရင်ဟာ မိခင်နဲ့ ချစ်သူကို ရိုသေသူဖြစ်ပါတယ်။ ပွဲမကမီမှာ သူတို့နှစ်ယောက်ကို ကန်တော့လေ့ရှိပြီး ဒီဘဝဖြစ်ရပ်တွေကပဲ အချစ်သုံးဘော် လို တေးတွေ မွေးဖွားခဲ့ပါတယ်။

မမြရင် မကွယ်လွန်မီ ရန်ကုန်မှာ ရွှေတိုင်ညွန့်နဲ့ ဓာတ်ပြားတွေသွင်းတဲ့အချိန်မှာတော့ ဦးမောင်ကလေးနဲ့ သူတို့ အတိအလင်းနီးပါး နေထိုင်ခဲ့ကြတယ်လို့ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ ဦးမောင်ကလေးနဲ့ အောင်မင်္ဂလာ ဦးလှအောင်တို့ တည်ထောင်တဲ့ အောင်မင်္ဂလာကုမ္ပဏီက သွင်းတဲ့ မမြရင်၊ နန်းတော်ရှေ့ဆရာတင်နဲ့ မြို့မအဖွဲ့ ဓာတ်ပြားတွေကလည်း နာမည်ကြီးခဲ့ပါတယ်။

မမြရင်နဲ့ စိန်ဗေဒါတို့ ရန်ကုန် ခွေးတံဆိပ်ကုမ္ပဏီမှာ ဓာတ်ပြားသွင်းရင် သီးသန့်အခွင့်အရေးရအောင်လည်း သူတောင်းဆိုပေးခဲ့တယ်လို့ ဦးမောင်ကလေးက လူထုဦးလှကို ပြန်ပြောပြခဲ့ပါတယ်။ မြင်းပွဲလောင်းရင် သိန်းနဲ့ချီ နိုင်ခဲ့ဖူးတဲ့အရှိန်၊ နဂိုချမ်းသာတဲ့အရှိန်တွေနဲ့ ဦးမောင်ကလေးက ဓာတ်ပြားကုမ္ပဏီတွေအပေါ် သြဇာညောင်းခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာ မမြရင်ကို တရားဝင်မယူခဲ့ပေမယ့် ဦးမောင်ကလေးဟာ တခြားအမျိုးသမီးတွေနဲ့ လိုက်ပြီး ပွေရှုပ်နေတာမျိုး မရှိခဲ့ဘူးလို့ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ သူသိမီလိုက်တဲ့အချိန်မှာ ဦးမောင်ကလေးက မမြရင် အကြောင်းတွေကို လူကြားမှာ ထုတ်ဖော်ပြောတာကိုလည်း သူမတွေ့ဖူးဘူးလို့ ဆိုပါတယ်။ မမြရင်ရဲ့ခင်ပွန်း၊ တေးရေးဆရာတွေရဲ့ မိတ်ဆွေဖြစ်တဲ့ ဦးမောင်ကလေးဟာ မန္တလေးမြို့မအသင်းမှာ နာယက ဥက္ကဋ္ဌ စတဲ့ တာဝန်တွေလည်း ယူခဲ့ဖူးပါတယ်။

မီးခံသေတ္တာအောက်ဆုံးကဖိုင်

လူထုဒေါ်အမာက မမြရင်နဲ့ အနုပညာသည်တွေအကြောင်း ၁၉၆၄ မှာ စာအုပ်ရေးတဲ့အခါမှာတော့ အနုပညာသည်တဦးရဲ့ချစ်သူက သူ ဒုတိယကမ္ဘာစစ်ဘေးက လွတ်အောင် သိမ်းလာခဲ့တဲ့ မီးခံသေတ္တာအောက်ဆုံးက ဖိုင်ကို ယူလာပြီး ငါ့တူမ ကြိုက်သလို သုံးလို့ ပေးတယ်လို့ ရေးပါတယ်။ အသစ်တွေ ပြန်ဖြစ်မှာစိုးလို့ စာအုပ်ကို မဖတ်ဘဲ နေနိုင်အောင် ကြိုးစားခဲ့ပေမယ့် နာမည်ကြီးတဲ့အတွက် မနေနိုင်လို့ ဖတ်မိရာက လာပေးသွားတာပါ။

ဒေါ်အမာနာမည်ထုတ်မရေးခဲ့ပေမယ့် အဲဒီချစ်သူဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ မန်းညွန့် ဦးမောင်ကလေးပဲ ဖြစ်ပါတယ်။ ဦးမောင်ကလေးရဲ့အဘိုး ဆန်ဦးဘိုးအကြောင်း ရေးရာမှာတော့ ဦးမောင်ကလေးကို လေဘာတီမောင်ကလေးလို့ သိကြတယ်လို့ ဒေါ်အမာက ရေးသွားခဲ့ပါတယ်။ ပြည်သူချစ်သောအနုပညာသည်များ နောက်ပိုင်းနှိပ်ခြင်းတွေမှာ မမြရင်ရဲ့ပုံတွေ ပိုပြီး ဝေဝေဆာဆာပါလာတာကိုလည်း တွေ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးရင်း သူတို့ ကွဲသွားကြပုံရပါတယ်။ မမြရင်ရော သူပါ စစ်ကိုင်းက ဦးမောင်ကလေးရဲ့အဘိုး ဇာတိ ခိုတောင်ကို ပြေးကြတာကို တွေ့ရပါတယ်။ ဦးမောင်ကလေးရဲ့ပြိုင်မြင်းတွေကို ဧရာဝတီမြစ်ထဲက ကျွန်းတွေ ပေါ်မှာ အမျိုးတွေဆီ အပ်ထားရတယ်လို့လည်း ဆိုပါတယ်။

စစ်ပြေးရင်း ကွယ်လွန်ချိန်မှာတော့ ဧည့်မသာအလောင်းဆိုပြီး အခေါင်းထမ်းပို့သူတွေဟာ ချခါနီးမှ မမြရင်ရဲ့ လူတရပ်ရှိတဲ့ ဆံပင်တွေကို တွေ့လိုက်ရပြီး မမြရင်ဆုံးမှန်း သိကြတယ်လို့လည်း စာရေးဆရာ တင်နိုင်တိုးက ရေးခဲ့ပါတယ်။ သူ့မိခင် ဒေါ်ဉာဏ်ယုံလည်း သူ့လိုပဲ ငှက်ဖျားနဲ့ နောက် ၄ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

မမြရင်ဟာ အသက် ၂ဝ ကစပြီး သေတဲ့အထိ အိမ်ထောင်နဲ့ နေသွားပေမယ့် အငြိမ့်စင် ပေါ်မှာ သူ့ကိုယ်သူ အပျိုကလေးလို့ ဘယ်တော့မှ မကြော်ငြာတဲ့ မင်းသမီးဖြစ်ပါတယ်။ ဒါပေမဲ့ မမြရင်ကို ပွဲကြည့်ပရိသတ်က အပျိုကလေးလို သဘောထားကြ၊ ချစ်ကြတယ်လို့ မမြရင်အကြောင်းကို လူထုဒေါ်အမာက ရေးပြခဲ့ပါတယ်။

burma

BBC
တနာရီတည်းမောင်နဲ့ချစ်ပါရစေလို့ ဆိုခဲ့သူ
บทความก่อนหน้านี้พะยูน : จากมาเรียมถึงยามีล ถอดบทเรียนการอนุบาลลูกพะยูนไทย
บทความถัดไปแม่เฒ่าวัย70 แจ้งตำรวจ ยึดยาบ้า หลังลูกในเรือนจำ แอบบอกที่ซ่อน ในกองฟางหน้าบ้าน