ဗစ်တိုးရီးယားအမှု ဒီကနေ့ရုံးချိန်းမှာ ကလေးငယ်ကို မေးမြန်းမှာဖြစ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

(၁) ဗစ်တိုးရီးယားအမှု ဒီကနေ့ရုံးချိန်းမှာ ကလေးငယ်ကို မေးမြန်းမှာဖြစ်

နေပြည်တော် Wisdom Hill မူကြိုက အသက်သုံးနှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူလေး လိင်မတရားပြုကျင့်ခံရတဲ့အမှုရဲ့ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာတော့ ကလေးကို တရားရုံးတော်ကို ခေါ်ယူ မေးမြန်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

“ဗီဒီယိုကွန်ဖရန်းဇင်းကနေ ကလေးကို ရုပ်ပုံတွေနဲ့ ပြမေးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပြီး တရားခွင်ထဲမှာတော့ ကလေးကို တရားသူကြီး၊ ရှေ့နေနဲ့ ဥပဒေအရာရှိတွေကလွဲလို့ တရားခွင်မှာ လာရောက်နားထောင်သူတွေ မမြင်ရအောင် ကန့်သတ်ထားမယ်” လို့ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

ကလေးပြောတဲ့ အသံကိုတော့ ကြားနေရမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဆက်ပြောပါတယ်။

ဒါ့အပြင် Wisdom Hill မူကြိုကနေ ဒီကနေ့ ရုံးချိန်းမတိုင်ခင် ပြတ်တောက်ထားတဲ့အထဲက ၅၅ မိနစ်စာ စီစီတီဗွီမှတ်တမ်းကို ရဲစခန်းကို လာအပ်ခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့တုန်းကလည်း ဗစ်တိုးရီးယားအမှုက မိန်းကလေးငယ်ဟာ မိဘတွေနဲ့အတူ ဒက္ခိဏ ခရိုင် တရားရုံးကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါသေးတယ်။

ဒီကနေ့ တရားခွင်မှာ ကလေးငယ်ကို စစ်ဆေးမယ့်ပုံစံကိုလည်း စက်တင်ဘာလ ၁၀ ရက်မှာ နှစ်ဘက်ရှေ့နေတွေ၊ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေ အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၂) ဒဂုံဆိပ်ကမ်းမီးလောင်မှု မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့ ဒဏ်ရာရခဲ့

ရန်ကုန်မြို့က ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီခန့်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကို ငြိမ်းသတ်ခဲ့တဲ့အထဲက မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး နဲ့ အရပ်သား ၅ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တာ ဖြစ်ပါတယ်။

မီးငြှိမ်းသတ်နေတုန်း အရှိန်နဲ့စီးကျလာတဲ့ဖယောင်းရည်တွေကြောင့် တပ်ဖွဲ့ဝင်တွေနဲ့ ဝိုင်းကူငြှိမ်းသတ်တဲ့ အရပ်သား ၅ ဦးရဲ့ ခြေထောက်တွေမှာ အပူလောင်ပြီး အရေပြားလန်တဲ့ဒဏ်ရာတွေ ရခဲ့တာလို့ မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေအတွက် ကြီးကြီးမားမားစိုးရိမ်စရာတော့မရှိဘဲ သင်္ကန်းကျွန်း စံပြဆေးရုံနဲ့ ဒဂုံဆိပ်ကမ်း ဆေးရုံတွေမှာ ကုသမှုခံယူနေတယ်လို့လည်း သူက ဆိုပါတယ်။

စက်မှုဇုန်၁ ထဲက ဇာမဏီဖယောင်းပွဲရုံကနေ စလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှု အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

(၃) ဂျော်ဒန်တောင်ကြားမှာ အစ္စရေးသြဇာလွှမ်းစေရမယ်လို့ ဝန်ကြီးချုပ်နေတန်ညာဟု ရွေးကောက်ပွဲ ကတိပေး

အနောက်ဘက်ကမ်းခြေဒေသရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ဂျော်ဒန်တောင်ကြားမှာရှိ

Reuters
အနောက်ဘက်ကမ်းခြေဒေသရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ဂျော်ဒန်တောင်ကြားမှာရှိ

လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေးနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဂျော်ဒန်တောင်ကြားမှာ အစ္စရေးရဲ့ အချုပ်အချာအာဏာ စိုးမိုးစေရမယ်ဆိုပြီးတော ဝန်ကြီးချုပ် ဘန်ဂျမန် နေတန်ညာဟုက ကတိပေး ပြောကြားလိုက်ပါတယ်။

“အစ္စရေးအချုပ်အခြာ ချက်ချင်းသက်ရောက်စေရမယ့် နေရာရှိပါတယ်၊ ရွေးကောက်ပွဲ နိုင်ပြီးတာနဲ့ ဒါတွေ လုပ်နိုင်ပါတယ်၊ အဲ့ဒီနေရာတွေက ဂျော်ဒန်လွင်ပြင်နဲ့ ပင်လယ်သေ ဒေသတွေပါ” လို့ မစ္စတာ နေတန်ညာဟုက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကတေ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အနောက်ဖက်ကမ်းက ဂျူး အခြေချ စခန်းတွေကို အစ္စရေး လက်အောင် သွတ်သွင်းဖို့ အရင်က ကတိပြုထားကို ထပ်လောင်း အတည်ပြုလိုက်သလို ဖြစ်နေပြီး အနောက်ဘက်ဒေသမှာ ကျူးကျော်လုပ်ဆောင်မှုတွေ ဖြစ်နိုင်တယ်ဆိုပြီးတော့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဂျေရုဆလမ်မှာ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်ကတော့ အစ္စရေးအမျိုးသားရေးဝါဒီတွေရဲ့ ထောက်ခံမဲ ရရှိအောင် လုပ်ဆောင်တာလို့ သုံးသပ်ထားပါတယ်။

(၄) iPhone 11 ထွက်လာပြီ

အရင် အိုင်ဖုန်းတွေ ထက် ပိုမိုကောင်းမွန်တဲ့ ၃ ဖက်မြင်ကင်မရာ စနစ်တပ်ဆင်ထားပြီး အားနည်းနည်းနဲ့ ဆော့ဖဝဲအဆင့်မြှင့်တင်နိုင်မယ့် processor ပါတဲ့ iPhone 11 ကို နည်းပညာကုမ္ပဏီ Apple က စက်တင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။

အခုနောက်ဆုံးထုတ် စမတ်ဖုန်းဟာ အရင် XS ဖုန်းတွေထက် ဘက်ထရီအားကို ၄ နာရီကနေ ၅ နာရီ အထိ ကြာအောင် အသုံးပြုနိုင်မယ်လို့ Appl ကုမ္ပဏီကပြောပါတယ်။

ဒါပေမဲ့ Appl ဟာ 5G မိုဘိုင်းကွန်ယက်သုံးနိုင်မယ့် ဖုန်းမော်ဒယ်ကိုတော့ ထုတ်ပြတာမျိုးမရှိခဲ့ပါဘူး။

iPhone 11 နဲ့ iPhone 11 Pro ဈေးနှုန်းတွေကတော့ ဒေါ်လာ ၇၀၀ ကျော် ကနေ ၁ ထောင်ကျော်အထိ ရှိမှာဖြစ်ပြီး ဖုန်းထဲထည့်မယ့် အချက်အလက်သိုလှောင်ပမာဏကို လိုက်ပြီး ဈေးကွာခြားမှု ရှိမှာ ဖြစ်ပါတယ်။

บทความก่อนหน้านี้แมมโบ้-มายด์ ไม่ทำพ่อผิดหวัง แซม บ้าซื้อรถหรู-แบรนด์เนม แทบทิ้งหมด สอนลูก!
บทความถัดไปปลุกยังไงก็ไม่ตื่น! แพทย์ใหญ่รพ.ดัง วูบหลับคาไฟแดง เคาะเรียกกันวุ่นเป็นชั่วโมง