လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူအကြောင်း ၆ ကြိမ်မြောက် ရုံးချိန်းမှာ ဗစ်တိုးရီးယားထွက်ချက်ပေး

နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် ၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ရမှုနဲ့ ပတ်သက်လို့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာတော့ ကလေး ကိုယ်တိုင်ထွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

“ကလေးက ရွှင်ရွှင်လန်းလန်းနဲ့ မေးသမျှကို ဖြေပေးတယ်၊ ဓာတ်ပုံတွေပြတော့ ကိုကို အငယ်က သူ့ရင်ဘတ်တွေကို ထုတယ်၊ ကိုကိုအကြီးက သူ့ရဲ့ ဖင်ဘုကို ဆိတ်တယ် ဆိုတာကို တရားခွင်မှာ ထွက်ချက်ပေးခဲ့တယ်”လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က တရားရုံးစစ်ဆေးအပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

သူ့ရဲ့ ဖင်ဘုကို ဆိတ်တဲ့သူကို ပြပြီး ကလေးငယ်က ခြေထောက်တွေနဲ့ ပေါက်တာတွေ လုပ်ခဲ့တယ်လို့ ရှေ့နေ ဒေါ်ရွက်နုအောင်က ဆက်ပြောပါတယ်။

တရားခွင်ထဲကို ကလေးမိဘ ၂ ဦးနဲ့ ၂ ဖက်ရှေ့နေတွေ ဝင်ခွင့်ရပြီး ကလေးကိုတော့ သီးသန့်အခန်းထဲမှာ ကလေးရဲ့ အဒေါ်ဖြစ်သူနဲ့ မေးခွန်းတွေ တဆင့်မေးပေးမယ့် တရားရုံးဝန်ထမ်းတချို့ ထားရှိပြီး ဗွီဒီယိုကွန်ဖရန်းဇင်းနဲ့ စစ်ခဲ့ပါတယ်။

တရားသူကြီးက မေးတဲ့မေးခွန်းကို ကလေးငယ်ရဲ့ အခန်းထဲက တရားရေးဝန်ထမ်းတစ်ဦးကတဆင့် ကလေးကို ထပ်ပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှု

BBC
ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိခင်က တရားလိုအဖြစ်တိုင်ကြားထား

“ဓာတ်ပုံ ၅ ပုံ ပြပြီး ကလေးကိုမေးတယ်၊ အောင်ကြီး ဓာတ်ပုံပြတော့ မသိဘူး ပြောတယ်၊ ဆရာမ နှင်းနုက ရေဆေးပေးတယ်” ဆိုတာကိုလည်း ထွက်ချက်ပေးခဲ့တယ်လို့ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

ဒီနောက်တော့ ကလေးငယ်ကို အရောင်တွေ ရွေးခိုင်းပြီး သူမနက်စာ ဘာစားခဲ့လဲဆိုတာတွေကို မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့တယ်လို့လည်း တရားခွင်မှာရှိနေခဲ့တဲ့ ၂ ဖက်ရှေ့နေတွေက မီဒီယာတွေကို ပြောခဲ့ပါတယ်။

“ကလေးက မှတ်ဉာဏ်ကောင်းတယ်၊ တရားခံ ကိုအောင်ကြီးအကြောင်း ပြောမသွားဘူး၊ သူ့ကို ဘယ်သူက လုပ်တယ်ဆိုတာ ပြောသွားတယ်၊ ဒီအချက်တွေကို ရုံးတော်က ထည့်သွင်းစဉ်းစားရမယ့် မှတ်တမ်းတွေအဖြစ် သိမ်းသွားပါတယ်” လို့ သံသယတရားခံ ကိုအောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။

မေလ ၁၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အဖြစ် မူကြိုကျောင်းကား ယာဉ်မောင်း ကိုအောင်ကြီးကို ဖမ်းဆီးထားပြီး ဇူလိုင် ၁၅ ရက်မှာ အမှုရဲ့ ပထမဆုံး ရုံးချိန်း စတင်ခဲ့ပါတယ်။

ရုံးချိန်းတွေမှာတော့ ဗစ်တိုးရီးယားရဲ့ အဖေ၊ အမေ နဲ့ အဖွားတို့ကို စစ်ဆေးခဲ့ပြီး အခု ၆ ကြိမ်မြောက်မှာတော့ ကလေးငယ် ဗစ်တိုးရီးယားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ရုံးချိန်းကတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ လုပ်မှာဖြစ်ပြီး Wisdom Hill မူကြိုကျောင်းက ဝန်ထမ်း ၂ ဦးကို စစ်ဆေးမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

บทความก่อนหน้านี้ศรีอโยธยา ภาค ๒ ปิดกล้องยิ่งใหญ่! ใช้นักแสดงนำและประกอบกว่า 300 ชีวิต
บทความถัดไปภูมิธรรม ย้ำเร่งแก้รธน.ฉบับเจ้าปัญหา คืนอำนาจประชาชน บี้รบ.รับฟังเสียงสะท้อน