အလင်္ကာပုလဲပန်း၊ နံမည်၊ နာမည်၊ အမည် သုံးချက်သင့်စာလုံးပေါင်း

မြန်မာသတ်ပုံကျမ်းထဲမှာ နှစ်ချက်သင့်ခွင့်ပြုထားတဲ့ စာလုံးပေါင်းတွေ တော်တော်များများ ရှိတယ်ဆိုတာကို သိသူနည်းပါတယ်။

နှစ်ချက်သင့် စာလုံးပေါင်းဆိုတာ ဒီလို စာလုံးပေါင်းရင်လည်း ခွင့်ပြုတယ်၊ တခြားတနည်းနဲ့ စာလုံးပေါင်းရင်လည်း ခွင့်ပြုတယ်ဆိုပြီး ၂ နည်း ၂ မျိုး ခွင့်ပြုထားတာမျိုးကို ဆိုလိုတာပါ။

ဥပမာ တချို့ကို ပြောရရင် မြေစာမြက်နဲ့ နေစာမြက် နှစ်မျိုးစလုံးကို သုံးနိုင်တယ်လို့ သတ်ပုံကျမ်းမှာ ခွင့်ပြုထားပါတယ်။ ခြပုန်းကောင်နဲ့ ခြခုံးကောင်ကိုလည်း နှစ်မျိုးစလုံးကို ခွင့်ပြုထားပါတယ်။ ဆင်တုံးမနွယ်နဲ့ ဆင်သမနွယ်ကိုလည်း နှစ်မျိုးပြဋ္ဌာန်းထားပါတယ်။ တံလှပ်နဲ့ တံလျှပ်၊ တိန်ညင်းငှက်နဲ့ ပိန်ညင်းငှက်၊ တံပူနဲ့ ဒန်ပူ၊ ပါးလှပ်နဲ့ ပါးလျှပ် စသဖြင့်တော်တော်များများရှိပါတယ်။

အဲသလို နှစ်ချက်သင့် ပြဋ္ဌာန်းထားတဲ့အထဲမှာ နံမည်နဲ့ နာမည်ကိုလည်း နှစ်ချက်သင့် ပြဋ္ဌာန်းထားပါတယ်။ ဆိုလိုတာကတော့ နံမည်လို့စာလုံးပေါင်းတာကိုလည်း ခွင့်ပြုတယ်။ နာမည်လို့ စာလုံးပေါင်းတာကိုလည်း ခွင့်ပြုတယ်ဆိုတဲ့ သဘောပါ။ ပြဋ္ဌာန်းသတ်ပုံအရ ဆိုရင် နံမည်လို့ စာလုံးပေါင်းရင်လည်း မှန်တယ်။ နာမည်လို့ စာလုံးပေါင်းရင်လည်း မှန်တယ်ဆိုတဲ့ သဘောပါပဲ။ ဒီနှစ်မျိုးအပြင်မှာ အမည်ဆိုတဲ့စကားလုံးလည်း ရှိသေးတော့ သုံးချက်သင့် သဘောတောင်ဖြစ်နေပါတယ်။ နံမည်၊ နာမည်၊ အမည် သုံးမျိုးစလုံးမှန်ပါတယ်။

သတ်ပုံဆိုတာ အထူးသဖြင့် ပြဋ္ဌာန်းသတ်ပုံဆိုတာ တခုတည်းတမျိုးတည်း တိတိကျကျ ရှိရင် ပိုကောင်းမလားလို့ တွေးမိပါတယ်။ သာမန်စာဖတ်ပရိသတ် တယောက်အနေနဲ့ ဟိုဟာက မှန်သလား၊ ဒီဟာက မှန်သလား ဇဝေဇဝါဖြစ်သွားနိုင်သလို သာမန်စာရေးသူ တယောက်အနေနဲ့လည်း ဟိုဟာသုံးရမလား၊ ဒီဟာ သုံးရမလား ဗျာများနေရရင် သိပ်မကောင်းလှဘူး ထင်ပါရဲ့။

သို့ပေမယ့်လည်း သတ်ပုံကျမ်းပြုစုတဲ့ မြန်မာစာအဖွဲ့ဝင်များဟာ မြန်မာစာ ဝါရင့်ပညာရှင်ကြီးတွေပါ။ သူတို့အနေနဲ့ နှစ်မျိုးသုံး နှစ်ချက်သင့်ဆိုတာမျိုးကို အကြောင်းမဲ့တော့ မပြဋ္ဌာန်းတန်ရာလို့ ယူဆဖွယ်ရာရှိပါတယ်။

ဒီတော့ နံမည်၊ နာမည်၊ အမည် ဆိုပြီး သုံးမျိုးတောင်မှန်တယ်လို့ ပြဋ္ဌာန်းထားတာ ဘာ့ကြောင့်ပါလဲလို့ မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဦးထွန်းတင့်ကို မေးကြည့်ပါတယ်။

နာမည်နဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်က အရင်ဆုံး ရှင်းပြပါတယ်။ နာမည် ဆိုတာဟာ တကယ်တော့ ပါဠိနဲ့ မြန်မာ နှစ်မျိုးပေါင်းထားတဲ့ စကားလုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပါဠိနာမက နာကို ယူပြီး မြန်မာစာလုံး အမည်ထဲက မည်ကို ပေါင်းပြီး နာမည်ဆိုတဲ့စကားလုံးဖြစ်လာတယ်လို့ ဆရာကြီး ဒေါက်တာ ဦးထွန်းတင့်က ရှင်းပြပါတယ်။

ခရီးဆောင် မြန်မာ အဘိဓာန်ထဲမှာလည်း နာမည်ကို အမည်လို့ပဲ တိုတိုတုတ်တုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်ပေးထားပြီး ရှင်းလင်းချက်အနေနဲ့ (ပါ၊ နာမ + မြန်၊ အမည်) လို့ မှတ်ချက်ပြုထားပါတယ်။ ဒီတော့ ဆရာကြီး ဦးထွန်းတင့်ပြောထားတာနဲ့ ထပ်တူပါပဲ။

မြန်မာပင်လယ်ကမ်းခြေ

Getty Images

ပါဠိ နာမ + မြန်မာ အမည် ဆိုတဲ့ ကောက်ချက်နဲ့ ပတ်သက်ပြီး ဆက်စပ်တွေးတောစရာတွေ တော်တော်များများ တွေ့ရပါတယ်။ အဲဒါကို နောက်ပိုင်းမှာ ဆက်ပြီး ဆွေးနွေးပါမယ်။

အခုတော့ နံမည် အကြောင်းကို ဆက်ရအောင်ပါ။

နာမည်ဆိုတာက ပါဠိမြန်မာတွဲထားတဲ့စကားလုံးသေချာနေပြီဆိုရင် နံမည်ဆိုတဲ့စကားလုံးကိုရော သုံးသင့်တဲ့ သတ်ပုံရေးထုံးအဖြစ် ဘာ့ကြောင့် အတည်ပြုထားပါသလဲလို့ ဆရာကြီး ဦးထွန်းတင့်ကို မေးပါတယ်။ ဆရာကြီး ဦးထွန်းတင့်ရဲ့ သဘောကတော့ အမည်ဆိုတဲ့စကားက မြန်မာ စကားစစ်စစ်ဖြစ်ပါတယ်။ နာမည်ကတော့ ပါဠိနဲ့ မြန်မာတွဲထားတဲ့ စကားလုံး ဖြစ်ပါတယ်။ နံမည်ဆိုတာကတော့ ပါဠိမူ နာမည်ရဲ့နာကနေ နံအဖြစ်ပြောင်းတယ်လို့ ယူဆပါတယ်။

နာကနေ နံပြောင်းရခြင်းအကြောင်းက တခါတလေမှာ အာသရအသံတွေဟာ အံသရ အသံထွက်အဖြစ်ပြောင်းတတ်တဲ့ အလေ့အထရှိလေတော့ အဲသလို ပြောင်းလဲတာလည်း ဖြစ်နိုင်တယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ဒါ့အပြင် ပါဠိ နာမဟာ ရုပ်ပြောင်းပြီး နာမ် အဖြစ်သုံးစွဲတာမျိုးရှိတတ်တာကိုလည်း မြန်မာလူမျိုးအများ သိကြပြီး ဖြစ်ပါတယ်။ မြန်မာသဒ္ဒါ သင်ကြားတဲ့အခါမှာ သုံးတတ်ကြတဲ့ နာမ်ဟာ အဲဒီ နာမ်ပဲ မဟုတ်ပါလား။ အဲဒီနာမ်ဆိုတာ လူ၊ သတ္တဝါ၊ သက်ရှိသက်မဲ့တို့ရဲ့ အမည်နာမဆိုတာလည်း သိကြပြီးသားပါ။ အဲဒီနာမ်နဲ့ အမည်နဲ့ ပေါင်းရင်လည်း နာမ်မည် ဖြစ်နိုင်ပါတယ်။ မသတ်နဲ့ သေးသေးတင်ဟာ အတူတူဖြစ်တဲ့အတွက် နာမ်မည်ကို နံမည်လို့ ပေါင်းရင်လည်း ဖြစ်နိုင်တာပါပဲ။

ဘာသာစကားရဲ့ သဘောမှာ နီးစပ်ရာစကားလုံးရဲ့ အသံဟာ တခြားစကားလုံး အပေါ် သြဇာရိုက်ခတ်လေ့ရှိပါတယ်။ မြန်မာစကားတွင်မကပါဘူး။ တခြားဘာသာ စကားတွေမှာလည်း အဲသလို အလေ့အထရှိပါတယ်။ မြန်မာစကားရဲ့ ဥပမာ တချို့ကို ပြောရရင် အိပ်မက်ကို ကျွန်တော်တို့ စကားပြောတဲ့အခါမှာ အိမ်မက်လို့သာ အသံထွက်လေ့ရှိပါတယ်။ ဘာ့ကြောင့် အိပ်မက်ကို အိမ်မက်လို့ အသံထွက်သလဲဆိုတော့ နောက်က မရဲ့သြဇာက ရှေ့က အိပ်အပေါ်မှာ လွှမ်းမိုးလို့ အိပ်ကနေ အိမ်ဖြစ်သွားတာပါ။ အောက်မေ့ကို ကျွန်တော်တို့ စကားပြောတဲ့အခါမှာ အောင်းမေ့လို့ အသံထွက်လေ့ရှိပါတယ်။ ဘာ့ကြောင့် အဲသလို အသံထွက်သလဲဆိုတော့ နောက်က မရဲ့အသံက လွှမ်းမိုးသွားလို့ပါ။ အောမ်းမေ့ဖြစ်သွားတာပါ။ လီမာဆိုတဲ့ မြန်မာစကားဟာ ကျွမ်းကျင်တာကို ဖော်ပြပါတယ်။ နောက်က မသံကလွှမ်းမိုးလွန်းတဲ့အခါ လိမ်မာလို့ပဲ အသံထွက်ပါတော့တယ်။ အခုဆိုရင် ရေးထုံးသတ်မှတ်ချက်ကတောင် လိမ္မာ ဖြစ်သွားပါပြီ။ ရမက်ဆိုတဲ့ မြန်မာစကားဟာ ရချင်လို့မက်မောတာကို ပြောတာ ဖြစ်ပါတယ်။ နောက်က မသံက ရှေ့က ရသံအပေါ်လွှမ်းမိုးတဲ့အခါ ရမ်မက်ဖြစ်သွားပါတယ်။ ရေးထုံးတောင်မှာ ရမ္မက်ဖြစ်သွားပါတယ်။ အဘိဓာန်ရဲ့ အသံထွက်ဟာလည်း မူလက အ၊ ဘိ၊ ဓာန်ပါပဲ။ ဒါပေမယ့် တချို့လူကြီးတွေက အဘိတ်ဓာန်လို့ အသံထွက်တတ်ပါတယ်။ အဲဒါက နောက်က ဓအောက်ချိုင့်ရဲ့ သြဇာက ဘိအပေါ်မှာ လွှမ်းမိုးသွားလို့ ဘိတ်ဖြစ်သွားတာပါ။ ဒါ့ကြောင့် နာမည်ဟာ မရဲ့လွှမ်းမိုးမှုကြောင့် နမ်မည် သို့မဟုတ် နံမည် ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ ဒါ့အပြင် တခြား အကြောင်းတခုကတော့ နံမည်လို့လည်း အသုံးတွင်ကျယ်လို့ ဆိုလိုတာက သုံးတဲ့သူတွေများလို့လည်း လိုက်လျောခွင့်ပြုထားတာလို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ နောက်တချက် ထောက်ထားစရာရှိတာက အသံထွက်ပါ။ နာမည်ဆိုတဲ့ စကားလုံးကို လူတိုင်းလိုလို အသံထွက်ကြတဲ့ အသံထွက်က နံမယ်ဖြစ်ပါတယ်။ ခရီးဆောင် မြန်မာအဘိဓာန်ထဲမှာ အသံထွက်ကို နာမျီ သို့မဟုတ် နန်မယ်လို့ အသံထွက်ပေးထားပေမယ့် နာမျီလို့ အသံထွက်တာ ကျွန်တော်အနေနဲ့တော့ မကြားဖူးသလောက်ပါပဲ။ အသံထွက်ကို ထောက်ထားပြီး နံမည်ရေးထုံးကို လက်ခံထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အမည်ဆိုတာ မြန်မာစကားစစ်စစ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုလေတော့ အမည်ရဲ့ ရင်းမြစ်ကို မေးကြည့်ပါတယ်။ အမည်ရဲ့ ရင်းမြစ်ဟာ စွဲတာ၊ ထင်တာ၊ မြဲတာကို ဆိုလိုတာလို့ ဆရာကြီးကဆိုပါတယ်။

ဒီတော့ သတ်ပုံကျမ်းမှာ နာမည်၊ နံမည် နှစ်မျိုးပေါင်းလို့ ရတယ်လို့ ခွင့်ပြုထားလို့ နှစ်ချက်သင့် စာလုံးပေါင်းရှိတယ်လို့ ဆိုနိုင်သလို မြန်မာစကားအမည်ဆိုတာကိုပါ ထည့်တွက်ရင် ဒီစကားလုံးဟာ ၃ ချက်သင့်ဖြစ်နေတယ်လို့တောင် ဆိုစရာရှိပါတယ်။

နှစ်ချက်သင့် ခွင့်ပြုထားတဲ့အတွက် ရှုပ်ထွေးစရာဖြစ်နိုင်တာတခုကို တွေးမိပါတယ်။ တကယ်လို့များ ဆောင်းပါးတပုဒ်ရဲ့ အစပိုင်းမှာ နာမည်လို့သုံးပြီး နောက်ပိုင်းမှာ နံမည်လို့သုံးခဲ့မယ်ဆိုရင်၊ တပုဒ်လုံးမှာ နာမည်နဲ့နံမည်ကို လက်ခုပ်လက်ဝါး အသုံးပြုမယ်ဆိုရင် ဆရာကြီးဦးထွန်းတင့်အနေနဲ့ ဘယ်လိုသဘောထားမလဲလို့ မေးကြည့်တဲ့အခါ ဒါကိုတော့ ဆရာကြီးဦးထွန်းတင့်က လက်မခံပါဘူး။ “ဒါတော့ တမင်ကပ်မေးတယ်လို့ပဲ ယူဆရမှာပါပဲ။ သဘောရိုးနဲ့ဆိုရင်တော့ အဲသလိုသုံးစရာ အကြောင်းမရှိပါဘူး။ နာမည်လို့စာလုံးပေါင်းတာကိုကြိုက်ရင် နာမည်လို့ပဲ ရှေ့နောက်ညီအောင်သုံးပြီး နံမည်စာလုံးပေါင်းကို ကြိုက်ရင် နံမည်လို့ပဲ ရှေ့နောက်ညီအောင်သုံးမယ်လို့ ယူဆပါတယ်”လို့ ဆရာကြီးက ဆိုပါတယ်။

ပါဠိ နာနဲ့ မြန်မာမည်ပေါင်းပြီး နာမည်ဖြစ်လာတဲ့ ဆိုတဲ့ အယူအဆအပေါ်မှာ ထပ်ပြီးဆွေးနွေးမယ်လို့ စောစောပိုင်းတုန်းက စကားခံထားတဲ့အတိုင်း အခုဆက်ပါဦးမယ်။

ပါဠိ နာနဲ့ မြန်မာ မည်ပေါင်းပြီး နာမည်ဖြစ်လာတယ်ဆိုတဲ့ ယူဆချက်အပေါ်မှာ မြန်မာပညာရှင်တွေ သဘောထားကွဲလွဲချက်ရှိတယ်လို့ မကြားဖူးပါဘူး။

ဆရာတော်ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစကားလုံးပြောင်းထုံးကျမ်းမှာလည်း နာမည်၊ နံမည် ဝေါဟာရဟာ ပေါ်လွင်ထင်ရှားလွန်းတဲ့ အတွက် အထူးကြံဆဖွယ်တောင် မရှိဘူးလို့ ဆိုပါတယ်။ ဆရာတော်ကတော့ နာမ ဆိုတဲ့ ပါဠိကနေ ဒါမှ မဟုတ် နာမ်ဆိုတဲ့ ဟိန္ဒီစကားလုံးတို့ကနေ ဆင်းသက်လာတယ်ဆိုရင်လည်း ငြင်းပယ်စရာ အကြောင်း မရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် မည်ကို ခွဲထုတ်ပြီး အမည်နာမ စသဖြင့် သုံးနိုင်တာကို ထောက်ရင် နာမည် သို့မဟုတ် နံမည်ဟာ အနက်တူပုဒ်သီးတွဲ ဖြစ်ကြောင်း ရိပ်မိနိုင်တယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာကတော့ နာသို့မဟုတ်နံနဲ့ မည်ဟာ အနက်တူပုဒ်နှစ်ခုကိုတွဲထားတဲ့ စကားလုံးလို့ ဆိုချင်တာပါ။ ဒီတော့ ဆရာတော်ရဲ့ သဘောထားဟာ ဦးထွန်းတင့်အပါအဝင် ဒီနေ့ခေတ်မြန်မာစာ ပညာရှင်ကြီးများရဲ့ သဘောထားနဲ့ ကွဲလွဲချက်မရှိသလောက်နီးပါးလို့ ဆိုနိုင်ပါတယ်။ နံမည်ဟာ ဟိန္ဒီစကားလုံး နာမ်နဲ့မြန်မာမည်တို့ရဲ့ အတွဲအဖက်ဖြစ်သယောင်ပြောထားတာလေးပဲ နည်းနည်း ကွဲလွဲသလိုရှိပါတယ်။ ဒါပေမယ့် ပါဠိနာမနဲ့ ဟိန္ဒီနာမ်ဆိုတဲ့စကားဟာ ရင်းမြစ်တခုတည်းကလာတာ ဖြစ်ဖို့များပါတယ်။ ဒါ့ကြောင့် သိပ်မကွဲလွဲဘူးလို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဆရာတော် ဦးကောသလ္လရဲ့ ဗြဟ္မနိရုတ္တိနယသင်္ဂဟ မှာဆိုထားတဲ့ နောက်တချက်က နာမည်ကို တိဗက်လို နံမိ(င်) လို့ခေါ်ကြောင်း ဖော်ပြထားတဲ့ အချက်ပါပဲ။ မြန်မာစကားနဲ့ တိဗက်စကားဟာ အမျိုးတော်စပ်တာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒီတော့ နာမည်ဟာ တိဗက်စကားကနေများ ဆင်းသက်လာတာရော မဖြစ်နိုင်ဘူးလားလို့ တွေးမိပါတယ်။ ဒါပေမယ့် တခြားတဖက်ကို ချင့်ချိန်ထောက်ဆမယ်ဆိုရင်တော့ ပါဠိကနေ ဆင်းသက်လာတဲ့ မြန်မာစကားတွေကလည်း အံ့သြလောက်အောင် များပြားတာကို အားလုံးအသိပဲဖြစ်နေပြန်ပါတယ်။

ဆက်ပြီးလေ့လာကြည့်တဲ့အခါ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်ကို တွေ့ရပါတယ်။ နာမည်ဆိုတဲ့စကားကို ကမ္ဘာ့ဘာသာ အသီးသီးက ဒီလိုခေါ်ကြပါတယ်။ မြန်မာက နာမည်၊ နံမည်၊ ပါဠိက နာမ၊ ဟိန္ဒီက နာမ်၊ တရုတ်က မိန်ချန် သို့မဟုတ် ရှင့်မိန်၊ ဂျပန်က န၊ အင်္ဂလိပ်က နိမ်း (name)၊ ပြင်သစ်က ပရီနွမ် (prenom)၊ စပိန်က နွမ်ဘရီ (nombre)၊ ရုရှားက နာ့စဗားညဲ၊ ပါရှန်းက နမ်၊ အာရေဗီးယားက အစ်စ်မု၊ ဒီစကားလုံးတွေကို ကြည့်လိုက်တဲ့အခါ နာမည်ဆိုတဲ့ စကားကို ပြောတဲ့အခါ တကမ္ဘာလုံးမှာ နနဲ့မ အတွဲအစပ်နဲ့ မကင်းသလောက်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ရင် နာမည်ဆိုတဲ့စကားဟာ ရင်းမြစ်တခုတည်းကနေ တကမ္ဘာလုံးကို ဆင်းသက်ခဲ့လေသလားလို့တောင် တွေးတောဖွယ်ရာဖြစ်ပါတယ်။

บทความก่อนหน้านี้โดนชนเมื่อไร หวยออกเมื่อนั้น ตาเซ็ง ปิกอัพถูกชนท้าย รอบที่ 3 ชาวบ้านซื้อถูกมาแล้ว
บทความถัดไปมิตติ แฉยับงบอนุมัติมาตั้งแต่ปลายปี61- ด้าน กกท.แจงแล้วเหตุไฉนทำไมถึงล่าช้า