ဂျော်ဒန် တောင်ကြားကို အစ္စရေးပိုင်လုပ်မယ့် အစီအစဉ် အာရပ်နိုင်ငံတွေ ရှုတ်ချ

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု

AFP
ရွေးကောက်ပွဲ မတိုင်ခင် နေတန်ယာဟုက သူ့အစီအစဉ်တွေကို ရုပ်သံကနေ စက်တင်ဘာ ၁၀ ရက် အင်္ဂါနေ့က ကြေညာ

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဒေသ သုံးပုံတစ်ပုံကို အစ္စရေးပိုင် အဖြစ် သိမ်းပိုက်မယ့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ အစီအစဉ်ကို အာရပ်နိုင်ငံတွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

လာမယ့် သီတင်းပတ် ရွေးကောက်ပွဲ အပြီး သူအာဏာ ပြန်ရမယ်ဆိုရင် ဂျော်ဒန်တောင်ကြားနဲ့ ပင်လယ်သေ မြောက်ပိုင်း ဒေသတွေကို အစ္စရေး အချုပ်အခြာအာဏာပိုင် ဖြစ်စေရမယ်လို့ မစ္စတာ နေတန်ယာဟုက စက်တင်ဘာ ၁၀ ရက် အင်္ဂါနေ့က ကတိပေးလိုက်ပါတယ်။

ဒီလို ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဘီယား အစိုးရတွေက ပြတ်ပြတ်သားသား ဝေဖန်လိုက်ပါတယ်။

ဒီလို ပြောဆိုတာဟာ တရားမဝင်ဘူးလို့ ပါလက်စတိုင်းက ပြောပါတယ်။

ကုလသမဂ္ဂကတော့ ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းသစ်တွေ ပျက်စီးသွားနိုင်တယ်လို့ ပြောပါတယ်။

နေတန်ယာဟု အဆိုပြုတဲ့ မြေတွေ သိမ်းပိုက်မယ့် အစီအစဉ်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အခွင့်အလမ်းတွေအကုန်လုံးကို အဆုံးသတ်သွားစေနိုင်တယ်လို့ ပါလက်စတိုင်းဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါင်းဆောင် ဆာယက်ဘယ်ရခတ်က ပြောပါတယ်။

အနောက်ဘက်ကမ်း ဒေသတွေကို ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးက ဝင်ရောက် နေထိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သိမ်းပိုက်ထားပြီးပြီလို့တော့ မဆိုနိုင်ပါဘူး။

ပါလက်စတိုင်းတွေက အဲဒီ ဒေသတစ်ခုလုံးကို အနာဂတ်မှာ လွတ်လပ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာဖို့ တောင်းဆိုနေတာပါ။

ဒါပေမဲ့ နေတန်ယာဟုကတော့ အရင်ကတည်းက ဂျော်ဒန် တောင်ကြားမှာ အစ္စရေးတွေ အမြဲတမ်း ရှိနေမှာ ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြောထားပါတယ်။

ဒီလို ရှိနေတာဟာ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလ ပြောခွင့်ရသူကတော့ နေတန်ယာဟုရဲ့ အခု အဆိုပြုချက်က နိုင်ငံတကာမှာ ဥပဒေအရ တရားဝင်ဖြစ်စေမယ့် အကျိုးသက်ရောက်မှုမျိုး ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နေတန်ယာဟုက ဘာလို့ အခုချိန်မှာ ဒီလို ပြောတာလဲ

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လယ်ယာယိမ်း လီကွတ်ပါတီဟာ ပြိုင်ဘက် အတိုက်အခံ ပါတီနဲ့ မဲ သူမသာ ကိုယ်မသာ ဖြစ်နေတယ်လို့ လူထု သဘောထား စစ်တမ်းတွေ အရသိလိုက်ရချိန်မှာ သူက တီဗီကနေ သူ့အစီအစဉ်ကို အခုလို မိန့်ခွန်းပြော ကြေညာလိုက်တာ ဖြစ်ပါတယ်။

“ဒီနေ့ ကျွန်တော့် ရည်ရွယ်ချက်ကို ပြောပါမယ်။ အစိုးရသစ် ဖွဲ့ပြီးတဲ့အခါ ဂျော်ဒန် တောင်ကြားနဲ့ ပင်လယ်သေ မြောက်ပိုင်းကို အစ္စရေး အချုပ်အခြာပိုင် အဖြစ် ထည့်သွင်းပါမယ်” လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲပြီးလို့ အစ္စရေး ပြည်သူတွေက သူ့ကို ပြတ်ပြတ်သားသား ထောက်ခံတာကို ရရင် ဒီ အစီအစဉ် မြန်မြန် ဖြစ်လာနိုင်မယ်လို့ သူက ပြောပါတယ်။

ဒါက သမိုင်းတွင်မယ့် အခွင့်အရေးကို တစ်ခုကို လုပ်ခွင့်ရတာမျိုး ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပြည်တွင်း နိုင်ငံရေး အတိုက်အခံတွေကတော့ ဒါဟာ ရွေးကောက်ပွဲ အတွက် လူတွေ စိတ်ဝင်စားအောင်လုပ်တဲ့ ထွင်လုံး တစ်ခုပဲလို့ ပြောပါတယ်။

ဒါ့အပြင် နေတန်ယာဟုက အနောက်ဘက်ကမ်းက ဂျူးတွေ အခြေချ နေထိုင်နေတဲ့ နေရာတွေ အကုန်လုံး အစ္စရေးပိုင် ဖြစ်စေမယ်လို့လည်း ကတိထပ်ပေးပါသေးတယ်။

ဒါပေမဲ့ အဲဒီလို ဖြစ်စေဖို့ကတော့ ကြာရှည် စောင့်ဆိုင်းနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပါဝင်လုပ်ဆောင်နေတဲ့ အစီအစဉ် ဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး သဘောတူညီချက် ထွက်လာတဲ့အထိ စောင့်ရဦးမယ်လို့ နေတန်ယာဟုက ပြောပါတယ်။

ဒီလို ကတိပြုတာတွေကို ဧပြီလ ရွေးကောက်ပွဲ မတိုင်ခင်က တစ်ခါ လုပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အလုပ်ဖြစ်တဲ့ ညွန့်ပေါင်း အစိုးရ မဖွဲ့နိုင်ခဲ့လို့ ရွေးကောက်ပွဲ ထပ်ခေါ်ဖို့ ဖြစ်လာရပြီး နောက်အပတ် အင်္ဂါမှာ ရွေးကောက်ပွဲ လုပ်မှာပါ။

Map


ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် တောမ် ဘိတ်မန်းက ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ မျိုးချစ်ဝါဒီသမားတွေရဲ့ ထောက်ခံမှုတွေရဖို့ အထောက်အကူဖြစ်စေနိုင်တဲ့ ကြေညာချက်လို့ ပြောပါတယ်။

အပြာနဲ့အဖြူ ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ယာရဲလာပိ ကတော့ နေတန်ယာဟုက အဲဒီဒေသကို သိမ်းပိုက်ချင်တာ မဟုတ်ဘူး မဲတွေ သိမ်းပိုက်ချင်တာလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

အဲဒါက ရွေးကောက်ပွဲအတွက် လှည့်စားမှု တစ်ခုပဲ။ ပြီးတော့ ဒီလောက်နဲ့ လှည့်စားနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူလိမ်ပြောနေတာ အသိသာကြီးမို့လို့ပါလို့ ပြောပါတယ်။

အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန်ဘက်က မူဝါဒတွေက မပြောင်းမလဲ ရှိနေတယ်လို့ ဆိုပါတယ်။

အစ္စရေး တောင်ပိုင်းက အာရှ်ဒေါ့မြို့မှာ အင်္ဂါနေ့ ညနေပိုင်း မစ္စတာ နေတန်ယာဟု မဲဆွယ်ပွဲ လုပ်နေတုန်း လေကြောင်း အရေးပေါ် အချက်ပေးသံတွေထွက်လာခဲ့လို့ ကိုယ်ရံတော်တွေက သူ့ကို အမြန်ကယ်ထုတ်ခဲ့ရပါသေးတယ်။

အဲဒီလို အချက်ပေးသံတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး ဂါဇာ ကမ်းမြောင်ဘက်က ပါလက်စတိုင်းတွေ ပစ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

နောက်တော့ မစ္စတာ နေတန်ယာဟုက သူ့မိန့်ခွန်းကို မိနစ်အတော်ကြာ ဆက်ပြောခဲ့ပါတယ်။

နောက်တော့ ဒီလို တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ဘက်က ပစ်မှတ် ၁၅ ခုကို လေယာဉ်တွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အစ္စရေးဘက်ကပြောပါတယ်။

ဒီလို တိုက်ခိုက်နိုင်ခဲ့တဲ့ထဲမှာ လက်နက်တွေနဲ့ဆိုင်တဲ့ နေရာတစ်ခုလည်းပါတယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲ

ကုလ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောခွင့်ရသူက နေတန်ယာဟုရဲ့ ပြောဆိုမှုဟာ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ ပြန်စနိုင်မယ့် နည်းလမ်းတွေကို အကြီးအကျယ် ပျက်စီးစေနိုင်တယ်လို့ ပြောပါတယ်။

အနောက်ဘက်ကမ်းကို သိမ်းပိုက်ဖို့ အစ္စရေးရဲ့ ဥပဒေအရ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာအရ ဘယ်ဆုံးဖြတ်ချက်မဆို နိုင်ငံတကာ ဥပဒေအရ တရားဝင်မှာ မဟုတ်ဘူးလို့ စတက်ဖန် ဂျူဇရိက ပြောပါတယ်။

အဖွဲ့ဝင် ၂၂ နိုင်ငံပါတဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်ကတော့ မစ္စတာ နေတန်ယာဟုရဲ့ အစီအစဉ်က အန္တရာယ်များတဲ့ ခြေလှမ်းလို့ ပြောပါတယ်။

သူရဲ့ ပြောဆိုချက်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်တာလိုက်တာပဲလို့ ဆိုပါတယ်။

ပါလက်စတိုင်းဘက်က အဆင့်မြင့် အရာရှိကြီး တစ်ဦးကတော့ နေတန်ယာဟုရဲ့ အစီအစဉ်က လုံးဝ အပြစ်တင်ထိုက်တဲ့ ပြောဆိုမှု ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးတော့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အစီအစဉ်လို့လည်း သူက ပြောပါတယ်။

ဒီကြေညာချက်က ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာက သဘောတူထားတဲ့ အခြေခံစည်းမျဉ်းတွေကို စိန်ခေါ်လိုက်တာပဲလို့ သူကပြောပါတယ်။

ဂျော်ဒန် တောင်ကြားက ပါလက်စတိုင်း လယ်သမားတွေ စိုက်ပျိုးရေးလုပ်နေပုံ

AHMAD GHARABLI
အနောက်ဘက်ကမ်းရဲ့ စိုက်ပျိုးမြေကောင်းတဲ့ မြေနေရာ လေးပုံတစ်ပုံက ဂျော်ဒန်တောင်ကြားနေရာတွေဖြစ်

ဂျော်ဒန် နိုင်ငံခြားရေး ဝန်ကြီး အေမန် ဆာဖာဒီကတော့ ဒီပြောဆိုချက်က ပြဿနာတွေကို ပိုဆိုးလာစေပြီး ဒေသတစ်ခုလုံးကို အကြမ်းဖက်မှုတွေထဲကို တွန်းပို့လိုက်တာပဲလို့ ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီး မက်ဗလု ချက်ဗူးရှက်အလူကတော့ နေတန်ဟာဟုရဲ့ကတိဟာ လူမျိုးရေးခွဲခြားတာလို့ ပြောပါတယ်။

ဆော်ဒီအာရေးဘီးယားဘက်ကလည်း သူ့ရဲ့ အစီအစဉ်ကို နိုင်ငံပိုင် မီဒီယာကနေ အင်မတန် အန္တရာယ်များတဲ့ ပျက်စီးစေမှုအဖြစ် ရှုတ်ချခဲ့ပါတယ်။ ပြီးတော့ ဒါကိုတုံ့ပြန်ဖို့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီရဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေကို အရေးပေါ် အစည်းအဝေးလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။


နောက်ကွယ်က နိုင်ငံရေး

ဂျော်ဒန်တောင်ကြားဟာ ဂျော်ဒန် နိုင်ငံနယ်စပ်က စိုက်ပျိုးရေးအတွက် မြေဆီသြဇာကောင်းတဲ့ ဒေသ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အနောက်ဘက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်း နီးပါးရှိပါတယ်။

အဲဒီမှာ လူနေကျဲပါးပါတယ်။ ပါလက်စတိုင်း ၆၅,၀၀၀ လောက်နဲ့ ဂျူးအခြေချနေထိုင်သူ ၁၁,၀၀၀ လောက် နေပါတယ်။

ဒီနေရာဟာ ပါလက်စတိုင်းတွေ အနာဂတ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ အကြီးဆုံး နေရာဖြစ်လာ နိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီနေရာတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို ပါလက်စတိုင်းတွေ ဝင်ရောက်အသုံးချဖို့ တားမြစ်ထားတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့ B’Tselem ရဲ့ အဆိုအရ သိရပါတယ်။

ဒါဟာ ၁၉၉၃ ခုနှစ် အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်အရ အဲဒီနေရာတွကို Area C မြေအမျိုးအစား သတ်မှတ်ထားလို့လို့ ဆိုပါတယ်။

Area C ဆိုတာ အစ္စရေး ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ မြေလို့ဆိုလိုတာ ဖြစ်ပါတယ်။

အရင်ကတည်းက လက်ယာစွန်းရောက်ရော ဗဟိုလက်ဝဲတွေရော အစ္စရေး အများစုက ဂျော်ဒန်တောင်ကြားဟာ အာရပ်ကမ္ဘာနဲ့ အစ္စရေးအကြား အရေးပါတဲ့ ကြားခံဇုန်အဖြစ် ရှုမြင်ကြပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရှိနေတာတောင် အစ္စရေး စစ်ရေး ထိန်းချုပ်မှုတချို့မှုကို အဲဒီနေရာမှာ ထားရှိချင်တဲ့နေရာ ဖြစ်ပါတယ်။

ဒါကြောင့် မစ္စတာ နေတန်ယာဟု သူအရင်က ကတိပေးဖူးတဲ့ အနောက်ဘက်ကမ်းက ဂျူးအခြေချနေထိုင်တဲ့နေရာတွေကို သိမ်းပိုက်မယ်ဆိုတာမျိုးနဲ့ ဆက်နွှယ်ပြီး ပြောတာမျိုးက သူ့အတွက် အမှားအယွင်း မရှိနိုင်တဲ့ ပြောဆိုမှုမျိုး ဖြစ်ပါတယ်။ ဒါဟာ လက်ယာယိမ်း မျိုးချစ်တွေရဲ့ တွန်းအားတွေကြောင့် ပြောတာမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ အစ္စရေး မီဒီယာ အတော်များများကတော့ ဒီကိစ္စတစ်ခုလုံးဟာ အနှစ်မရှိတဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိ တစ်ခုသာသာပဲဖြစ်တယ်လို့ ရေးသားကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်ချိန်မှာ မျိုးချစ်ဝါဒီတွေရဲ့ မဲတွေကိုရအောင် ဆွယ်တာသက်သက်ပဲလို့ ဖော်ပြရေးသားကြပါတယ်။

အစ္စရေးမီဒီယာတွေကတော့ နေတန်ယာဟုရဲ့ ဂျော်ဒန်တောင်ကြား သိမ်းပိုက်ရေး ကြေညာချက်ထက် မဲဆွယ်နေတုန်း ဂါဇာဘက်က ဒုံးကျည်နဲ့လှမ်းပစ်လို့ သူတိမ်းရှောင်ခဲ့ရတာကိုပဲ ပိုအသားပေး ဖော်ပြကြပါတယ်။


အနောက်ဘက်ကမ်း အရေးကိစ္စ နောက်ခံ အခြေအနေ

အစ္စရေးက ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲမှာ အနောက်ဘက်ကမ်းဒေသ၊ ဂျေရုဆလင် အရှေ့ပိုင်း၊ ဂါဇာနဲ့ ဆီးရီးယား ဂိုလန်ကုန်းမြင့်ဒေသတွေကို ရယူခဲ့ပါတယ်။ အဲဒါကတေ ၁၉၈၀ မှာ အရှေ့ ဂျေရုဆလင်နဲ့ ၁၉၈၁ မှာ ဂိုလန် ကုန်းမြင့်ဒေသတွေကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုစလုံးကို ဆယ်စုနှစ်တွေ ချီကြာတာတောင် နိုင်ငံတကာက အသိအမှတ်မပြုပါဘူး။

အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်ကြပုံ

BBC

ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရကတော့ အရင် အမေရိကန် အစိုးရတွေရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး အဲဒီ သိမ်းပိုက်မှု နှစ်ခုစလုံးကို အသိအမှတ်ပြုပါတယ်

အနောက်ဘက်ကမ်း ပိုင်ဆိုင်မှုဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခရဲ့ အဓိက အရေးကိစ္စ ဖြစ်ပါတယ်။ အစ္စရေးက အဲဒီနေရာနဲ့ အရှေ့ဂျေရုဆလင်မှာ အခြေချနေထိုင်ဖို့ တည်ဆောက်မှု ၁၄၀ လောက် လုပ်ထားပါတယ်။

ဒါကို နိုင်ငံတကာက တရားမဝင်ဘူးလို့ သတ်မှတ်ထားပေမဲ့ အစ္စရေးဘက်က ဒါကို သဘောကတော့ ငြင်းပါတယ်။။

บทความก่อนหน้านี้‘ครูแก้ว’ จ่อถก ‘ชวน’ ชี้ขาด ซักฟอก ‘บิ๊กตู่’ ปมถวายสัตย์ฯ หรือไม่ หลังศาลรธน.ไม่รับคำร้อง
บทความถัดไปเกาะยาวน้อย เที่ยว-กิน ฟินวิถีชาวบ้าน ปลุกพลัง สร้างจินตนาการ