ဥရောပခရီးသွားကုန်သွယ်ရေးအဖွဲ့က မြန်မာနိုင်ငံနဲ့ ဒုသမ္မတကို ဆုပေးမယ့် အစီအစဉ်ပျက်

ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ(European Council on Tourism and Trade) ECTT က ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနဲ့ မြန်မာပြည်ကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆုတွေ ကို ပေးမယ့်အစီစဉ် မရှိဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန်က ဘီဘီစီကို ပြောပါတယ်။

“ပထမတော့အဲဒီ ဘက်က သံရုံးတွေကနေတဆင့်ဆက်သွယ်တာရှိတယ် ၊နောက်တော့ ကျွန်တော်တို့အသင်းကရော ဝန်ကြီးဌာန ကရောစစ်ဆေးကြည့်တဲ့ အခါ မှန်ကန်မှု မရှိလို့ အကြောင်းပြန်ထားတယ်။ ဝန်ကြီးဌာန ဘက်ကလည်းသူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်နေပါတယ် “လို့လည်းသူကပြောပါတယ်။

နေပြည်တော်မှာ စက်တင်ဘာလ၂၇ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ခရီးသွားနေ့ ပွဲတော်နဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ချီးမြှင့်ပွဲ အခမ်းအနားတွေ ကိုလည်း ဖွင့်လှစ်ပေးသွားမယ်လို့ ECTT ထုတ်ပြန်ခဲ့ပါတယ် ။ ဒါ့အပြင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်နဲ့ တခြား အစိုးရ အရာရှိကြီးတွေနဲ့လည်း တွေ့သွားဖို့ ရှိတယ်လို့ ECTT က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အခု ဒု-သမ္မတ နဲ့ ဟိုတယ် ခရီး ဝန်ကြီးဌာနကို ဆုပေးမယ်လို့ ပြောတဲ့ အဖွဲ ဟာ နိုင်ငံတကာမှာ သိက္ခာရှိတဲ့ အဖွဲစည်းတွေ မဟုတ်ဘဲ ဥရောပကောင်စီကို ပုံမှားရိုက် ထားတဲ့ အဖွဲ့စည်း ဖြစ်တယ်လို့ ဒီဆုတွေ အကြောင်း ဖော်ထုတ် ရေးသားခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ တက်ရောက် သင်ကြားနေသူ မြန်မာကျောင်းသား ကိုနေယံဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးကတော့ မြန်မာအစိုးရကို ဆုပေးမယ့် ECTT ဟာ ဥရောပသမဂ္ဂနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိဘူးလို့လည်း ငြင်းထားပါတယ်။

ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲ တစ်ယောက်ကို ဒီအတိုင်း ဆုပေးလို့ မရဘူးလို့ နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို နားလည်တဲ့ သူတစ်ဦးက ပြောပါတယ်။

“ဒီဟာ ဒုသမ္မတ ကတော့ ဒါကို သိနိုင်မှာ မဟုတ်ဘူး၊ ဘယ်က ထွက်လာတာလဲ စိတ်ဝင်စားဖို့ ကောင်းတယ်၊ဆုပေးမယ် ဆိုရင် အဲဒီနိုင်ငံက သံရုံးပါမယ်၊ သံရုံးကနေ နိုင်ငံခြားရေး အဲဒီကနေ ဟိုတယ်ခရီး သမ္မတရုံး အဲလို အဆင့်ဆင့် သွားရတာ၊ ဒီအဆင့်တွေမစိစစ်နိုင်ဘူးလား၊ ဒါ ဘယ်လို ဖြစ်လာတယ် ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါဟာ လုပ်နေကျ အဆင့်တွေမို့ ရိုးရိုးသားသား မှားတာလို့ ပြောရခက်တယ်”လို့လည်း သူက ပြောပါတယ်။

အခုအချိန်ထိတော့ ဟိုတယ်/ခရီး ဝန်ကြီးဌာနဘက်က ငွေအကုန်အကျခံရတာ ရှိ/ မရှိ၊ ဒီဆုကို လက်ခံမယ့် အစီအစဉ်ဆက်လုပ်မလုပ် တရားဝင်ပြောကြားတာ မတွေ့ရ သေးပါဘူး။

ဒီလို ပုံမှား ရိုက်တဲ့ဆုတွေ ထင်ယောင်ထင်မှားဆုတွေကို ဘာလို့ လက်ခံတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ကိုနေယံဦးကတော့ အစိုးရဟာ သူ့ဘာသာ ရိုးရိုးသားသား မသိတာလည်း ဖြစ်နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဥရောပသမဂ္ဂကို ထင်ယောင်ထင်မှား လုပ်ပြီး ပုံမှား ရိုက်ထားတဲ့ အဖွဲ့ ဖြစ်လို့ ဒီလိုအဖွဲ့တွေနဲ့ ပတ်သက်မိတဲ့အတွက် မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်း သွားဖို့ပဲ ရှိပါတယ်လို့လည်း ကိုနေယံဦးက ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီးဟောင်းဦးရဲထွဋ် ကတော့ ၂၀၁၄ ခုနှစ်တုန်းက ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade) က မြန်မာနိုင်ငံကို ခရီးသွားဆု ပေးအပ်ဖို့ ကမ်းလှမ်းတာရှိပြီး မြန်မာနိုင်ငံက အဲဒီတုန်းကတော့ ငြင်းပယ်ခဲ့ပါတယ်။

บทความก่อนหน้านี้คัมแบ๊ก! โรนัลดินโญ เตรียมคืนสนามเตะให้ซานตา เฟ แห่งลีกโคลัมเบีย
บทความถัดไป‘อนุทิน’ ยังไม่ส่งคนชิง ส.ส.นครปฐม-กำแพงเพชร ลั่นมีมารยาททางการเมือง ไม่แย่งกันเอง