ရန်ကုန်အစိုးရ ပထမအသုတ်မြေရောင်းချမှုမှာ မြေကွက် ၅၀၀ ပါရှိ

ရန်ကုန်တိုင်း အစိုးရက လူနေထိုင်ဖို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် မြေနေရာတွေ ထုတ်ရောင်းမယ်လို့ ကြေညာထားတာမှာ ပထမအဆင့်အနေနဲ့ မြေကွက် ၅၀၀ ကျော်ကို ထုတ်ရောင်းမယ်လို့ ရန်ကုန်မြို့တော်စည်ပင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုရောင်းချမယ့် မြေကွက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းလွှတ်တော်ကို မတင်ပြဘူးဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ အခုမြေတွေဟာ အစိုးရက မြို့ပြစီမံကိန်း သတ်မှတ်ပြီးသားမြေတွေ ဖြစ်ပြီး စီမံကိန်းအသစ် ထပ်လုပ်တာမျိုး မဟုတ်တဲ့အတွက် လွှတ်တော်ကို တင်ပြဖို့ မလိုဘဲ အစိုးရက လုပ်ပိုင်ခွင့်ရှိတဲ့ မြေတွေလို့ စုံစမ်းသိရှိရပါတယ်။

ဘယ်သူတွေ ဝယ်နိုင်မလဲ

မြေတွေ ထုတ်ရောင်းတာမှာ ဝယ်ယူနိုင်မယ့်သူကို ကန့်သတ်မထားဘူးလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

ဒီမြေတွေကို အဖွဲ့အစည်းရော၊ ပုဂ္ဂိုလ်တစ်ဦးချင်းရော ဝယ်ယူနိုင်တယ်လို့ သူက ပြောပါတယ်။

မြေတွေကို တစ်ဦးချင်း အိမ်ဆောက်နေထိုင်မယ့်သူတွေနဲ့ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အိမ်ရာစီမံကိန်း အကောင်အထည် ဖော်မယ့်သူတွေ စသဖြင့် ထုတ်ရောင်းသွားမယ်လို့ သိရပါတယ်။

ဘယ်လိုရောင်းမလဲ

စီးပွားရေးလုပ်ငန်း လုပ်မယ့် မြေကွက် တစ်ကွက်အပေါ် စိတ်ဝင်စားတဲ့သူ တစ်ဦးထက်မက ရှိရင် မြေကွက်ဝယ်ယူဖို့ လျှောက်လွှာ ပြန်တင်တဲ့အခါ တွဲတင်တဲ့ လုပ်ငန်းအကြမ်းဖျဉ်း စီမံကိန်းကို ကြည့်မှာပါ။

အဲဒီလိုတင်တဲ့အခါ အသုံးချမယ့်မြေကို အိမ်ရာစီမံကိန်းလုပ်မှာလား၊ စက်မှုဇုန်လုပ်မှာလား စသဖြင့် ဘယ်လို အသုံးချမယ်ဆိုတာ အကြမ်းဖျင်း အဆိုပြုချက် တွဲပြီးတင်ရမှာ ဖြစ်ပါတယ်။

စက်မှုဇုန်၊ အိမ်ရာစီမံကိန်း စသဖြင့် အသုံးချမယ့်ပုံစံကို ထည့်လျှောက်ဖို့လိုမယ်လို့ဆို

Getty Images
စက်မှုဇုန်၊ အိမ်ရာစီမံကိန်း စသဖြင့် အသုံးချမယ့်ပုံစံကို ထည့်လျှောက်ဖို့လိုမယ်လို့ဆို

အဲဒီအတွက် ရင်းနှီးမြှုပ်နှံနိုင်မယ့် ငွေကြေးအခြေအနေလည်း လျှောက်လွှာမှာ ဖော်ပြဖို့လိုပါတယ်။

တစ်ဦးတစ်ယောက်ချင်း အိမ်ဆောက် နေထိုင်မယ့်သူတွေအတွက် ပေ ၄၀ – ၆၀ အကျယ် မြေကွက်တွေ အကွက် သုံးလေးရာလောက် ရောင်းချဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီမြေတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ လျှောက်လွှာဝယ်ယူစဉ်မှာ မြေပုံနဲ့ သတင်းအချက်အလက် ကြည့်နိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာကို အောက်တိုဘာလ ၇ ရက်မှာ စရောင်းပြီး နိုဝင်ဘာလ ၈ ရက်မှာ ပြန်တင်ရမှာပါ။

ဒီမြေတွေကို လျှောက်လွှာပိတ်ရက်မတိုင်ခင် တစ်လအတွင်းသွားကြည့်ပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

မြေနေရာနဲ့တန်ဖိုး

အစိုးရ ထုတ်ရောင်းမယ့်မြေတွေဟာ ဒဂုံလေးမြို့နယ်နဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ စုစုပေါင်း ခြောက်မြို့နယ်မှာ ရောင်းမှာ ဖြစ်ပါတယ်။

ဒီမြေတွေရဲ့ ဈေးနှုန်းကတော့ မြို့နယ်အလိုက် ရန်ကုန်တိုင်းဒေသကြီး တန်ဖိုး စိစစ်ရေး အဖွဲ့ကနေ သတ်မှတ်ထားတဲ့ လမ်းကျဉ်း၊ လမ်းကျယ်၊ နေရာအလိုက်၊ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ တစ်စတုရန်းပေ နှုန်းတွေအတိုင်း ရောင်းမယ်လို့ အကြမ်းဖျင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အနည်းဆုံး မြေကွက်တစ်ကွက်ကို ယေဘုယျ ကျပ်သိန်း ၆၀ လောက် ကျသင့်မှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

စက်မှုဇုန်မြေတွေကိုတော့ မြေကွက် အကွက်လိုက်နှုန်းတွေနဲ့ သတ်မှတ်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှောက်ထားသူကလည်း ပေးချင်တဲ့ ဈေးကို အဆိုပြုနိုင်တယ်လို့ဆိုပါတယ်။

ဒုတိယ အဆင့် မြေတွေ ထပ်ရောင်းဦးမယ်လို့ဆို

Getty Images
ဒုတိယ အဆင့်မှာ စက်မှုဇုန်မြေတွေ ထပ်ရောင်းဦးမယ်လို့ဆို

အခု ရောင်းမယ့်မြေတွေက မြေလွတ်မြေရိုင်းတွေမဟုတ်ဘဲ မြို့သစ်တွေ တိုးချဲ့စဉ်တုန်းက မြို့ပြစီမံကိန်းအဖြစ် သတ်မှတ်ခဲ့ပြီးတော့ အကောင်အထည် မဖော်နိုင်သေးဘဲ ကျန်နေတဲ့ မြေကွက်လပ်တွေ ဖြစ်တယ်လို့ ရန်ကုန် စည်ပင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

နောက်ထပ်ရောင်းဦးမယ်လို့ဆို

အခု ရောင်းချမှုဟာ လက်ရှိ အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် မြေတွေ ထုတ်ရောင်းတာ ဖြစ်ပါတယ်။

အခုရောင်းချမှုပြီးတဲ့အခါ ဒုတိယ အဆင့် အနေနဲ့ မြောင်းတကာ စက်မှုဇုန် မြေကွက် ၁၇၀ ကျော်ကိုလည်း ရောင်းဖို့ ရှိသေးတယ်လို့ ရန်ကုန် စည်ပင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။

ဒါ့အပြင် ထပ်ရောင်းချဖို့အတွက် သိမ်းဆည်းမြေ အမှုတွဲပေါင်း ၂၀၀၀ ကျော်လောက် စိစစ်ထားပြီး ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ရန်ကုန်တိုင်း အစိုးရက ဒီမြေတွေ ရောင်းချမှုအတွက် လွှတ်တော်ကို တင်ပြဖို့ လိုမလို ဆိုတာနဲ့ ပတ်သက်ပြီး”ဒါက လွှတ်တော်တင်ပြစရာ၊ လွှတ်တော်တင်ပြီး အတည်ပြုရမယ့် လုပ်ငန်းမဟုတ်ပါဘူး။ ဒါက မူလတည်းက မြို့ပြစီမံကိန်း အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတဲ့၊ သတ်မှတ်ပြီးသား မြို့သစ်တွေ စပြီး အကောင်းအထည်ဖော်စဉ် ကတည်းက မြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ပြီးသားပါ။ စီမံကိန်းဆက်ပြီး အကောင်အထည်ဖော်ဖို့ ကျန်နေတဲ့ အပိုင်းတွေကို ရောင်းတာ ဖြစ်တဲ့အတွက် သီးခြားစီမံကိန်း အသစ်ကြီး မဟုတ်ပါဘူး” လို့ ရန်ကုန် စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။

နေထိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အတွက် ရန်ကုန်တိုင်း အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်ရှိတဲ့ မြေတွေမှာ မြေအသုံးချဖို့ လျှောက်နိုင်တယ်ဆိုပြီး အစိုးရက အောက်တိုဘာလ ၂ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပြီး လျှောက်လွှာစရောင်းတဲ့ အောက်တိုဘာလ ၇ ရက်ကနေ တစ်လအတွင်း မြေတွေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

บทความก่อนหน้านี้ရန်ကုန်တိုင်းစည်ပင် ဌာနသုံးကားဝယ်ဖို့ ကျပ်သိန်းသောင်းချီသုံးဖို့ လိုအပ်လား
บทความถัดไปอุกอาจ! พ่อเฒ่าควงลูกซอง ยิงหลานตัวเองสาหัส ก่อนซัลโววินจยย.ปากกระจุย ดับสยอง