ဒေါ့ချ်ခိုင်း ဟက်ဗီး မက်တယ်လ် ရော့ခ်ဂီတအဖွဲ့ကို အမှိုက်ပုံကြီးတစ်ခုမှာ ဖွဲ့ခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်ရဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ ရှိတဲ့ စတန်း မီအန်ချေ စွန့်ပစ်အမှိုက်ပုံကြီးဟာ ၂၀၀၀ ပြည့်လွန် နှစ်လယ်ပိုင်း တွေတုန်းက ဆင်းရဲမွဲတေမှုကို ဖော်ညွှန်းပြနေတဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ပြီး အဲဒီမှာ လူ နှစ်ထောင်လောက် နေထိုင်ခဲ့ကြပါတယ်။

အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေဟာ ဧက ၁၀၀ လောက် ကြီးမားတဲ့ အမှိုက်ပုံကြီးထဲကနေ ပလတ်စတစ် အပါအဝင် ပြန်ရောင်းလို့ရမယ့် ပစ္စည်းမှန်သမျှကို တူးဆွရှာဖွေခဲ့ကြပါတယ်။

ဒီအမှိုက်ပုံကြီးဟာ သိပ်ကို အန္တရာယ်များတဲ့ နေရာလည်း ဖြစ်ခဲ့ပါတယ်။ အမှိုက် ထရပ်ကားတွေ အမှိုက်လာပစ်တဲ့အခါ အလုအယက် တိုးဝှေ့ အမှိုက်ကောက်ရင်း ထရပ်ကားကြိတ်မိလို့ အသက်ဆုံးခဲ့သူတွေလည်း ရှိပါတယ်။

အတော်များများကတော့ အမှိုက်ပုံက ထွက်တဲ့ အဆိပ်ဓာတ်တွေကို နေ့စဉ် ရှုမိရာကနေ ကျန်းမာရေး ထိခိုက်ပြီး နာမကျန်း ဖြစ်ခဲ့ကြပါတယ်။

အဲဒီအမှိုက်ပုံကြီးမှာ မွေးဖွား ကြီးပြင်းလာသူတွေကတော့ ဆော့ခ် ဗီချေး၊ အောက်ခ် သီယာရာ၊ အောက်ခ် ဟင်း တို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စားစရာ လုံးဝ မရှိတဲ့ ရက်တွေ ရှိခဲ့ပါတယ်။ ဗူးခွံတွေ ပြန်ရောင်းဖို့ ပလတ်စတစ်အိတ်တွေနဲ့ မြို့ထဲတဝိုက် လိုက်ကောက်ခဲ့ရပါတယ်” လို့ အသက် ၁၈ နှစ် အရွယ် ဗီချေးက ပြောပြပါတယ်။

“နေကလည်း တအားပူပြီး သောက်ရေ ဝယ်မသောက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ကျောင်းလည်း မတက်ခဲ့ရပါဘူး။ ရွေးစရာလမ်းမှ မရှိခဲ့တာကိုး” လို့ ပြောပါတယ်။

သီယာရာရဲ့ မိခင် ဆုံးပါးသွားချိန်မှာ ဖခင်က သူ့ကို ပစ်သွားခဲ့ပါတယ်။ သီယာရာဟာ သူ့အဒေါ်၊ အဒေါ်ရဲ့ ကလေး ၇ ယောက်နဲ့အတူ စတန်း မီအန်ချေ အမှိုက်ပုံကြီးပေါ်မှာ နေခဲ့ရပါတယ်။ သူ့အိမ်နားမှာ နေတဲ့ ဗီချေးကလည်း ဖခင် ဆုံးပါးသွားခဲ့သူ ဖြစ်ပါတယ်။ သူ့မိခင်က အမှိုက်ပုံကြားမှာ အမှိုက်ကောက်ပြီး တစ်နေ့ကို နှစ်ဒေါ်လာလောက် ဝင်ငွေနဲ့ အသက်ရှင် ရပ်တည်ခဲ့ကြပါတယ်။

သူတို့တင် မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူဦးရေ ၄၇ ရာခိုင်နှုန်းဟာ ဆင်းရဲ မွဲတေသူတွေ ဖြစ်ပြီး လူအတော်များများဟာ တစ်နေ့ကို တစ်ဒေါ်လာလောက်တောင် ဝင်ငွေမရှိကြဘူးလို့ ကမ္ဘောဒီးယား ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

သီယာရာ၊ ဟင်းနဲ့ ဗီချေး တို့ ဆယ်ကျော်သက် အရွယ် ရောက်လာချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေက သူတို့ကို မကျွေးမွေးနိုင်တော့တဲ့အတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အဲန်ဂျီအို အဖွဲ့တစ်ဖွဲ့ ဆီ ပို့လိုက်ပါတယ်။

အဲဒီမှာ ဆွစ် ဂျာမန်ကပြား လူမှုဖူလုံရေးအလုပ်သမား တီမွန် ဆေဘယ် နဲ့ တွေ့ခဲ့ပါတယ်။

“အမှိုက်ပုံထဲမှာ ကြီးပြင်းခဲ့ရတဲ့ သူတို့တွေဟာ ဒေါသထွက်နေတတ်ကြပြီး သူတို့ဒေါသတွေကို မထိန်းနိုင်ခဲ့ကြပါဘူး။ အထူးသဖြင့် သီယာရာ ဆိုရင် အတော်လေး စိတ်ကြီးပြီး သူလိုချင်တာ ဘာမဆို မရရအောင် အရယူတတ်တဲ့ စိတ် ရှိခဲ့ပါတယ်” လို့ တီမွန် က ပြောပြပါတယ်။

“သူမိဘမဲ့ ဖြစ်ခဲ့ရတာကို ဘယ်လိုမှ လက်မခံနိုင် ဖြစ်ခဲ့တယ်။ သူ့မှာ စိတ်ကြွ စိတ်ကျ ဝေဒနာ ခံစားရတဲ့ အချိန်မျိုးဆိုရင် ပျော်ရင် အရမ်းပျော် ပြီးရင် စိတ်ဓာတ် အကြီးအကျယ် ကျသွားတတ်ပါတယ်။ ကြားအချိန်မှာဆို အမြဲ ဒေါသထွက်နေတတ်ပြီး တခြား ကလေးတွေကို ထိုးကြိတ် ရိုက်နှက်တာတွေ လုပ်လေ့ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

အဲဒီနောက် သီယာရာ ဟာ စိတ်ရောဂါကုထုံး ပညာရှင်တဦးရဲ့ အကြံပြုချက်နဲ့ သူ့ဖခင်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာ သူ့ဖခင်ကို ရှာတွေ့ခဲ့ပြီး သူ့ဖခင်ဟာ ချမ်းသာကြွယ်ဝတဲ့ ဗိသုကာ ကြီး တယောက် ဖြစ်နေတယ် ဆိုတာ သိလိုက်ရပါတယ်။ သူ့ဖခင်က သူ့နောက်အိမ်ထောင်ကို သီယာရာရဲ့ အကြောင်း လုံးဝ မပြောခဲ့ပါဘူး။ သူ့ဖခင်က သူ့ကို အစပိုင်းမှာ ပိုက်ဆံပေးတာတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဆက်အသွယ် ဖြတ်သွားခဲ့ပါတယ်။

ကလေးတွေရဲ့ ဒေါသတွေ ပြေလျော့သွားအောင် တီမို အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ဘောလုံးကစားခိုင်း၊ အနုပညာ သင်တန်းတွေ တက်ခိုင်းခဲ့ပေမဲ့ ဘယ်လိုမှ အကြောင်းမထူးခဲ့ပါဘူး။ နည်းလမ်းတွေ ကုန်သွားတဲ့အခါမှာတော့ ဟဲဗီး မက်တယ်လ် အပြင်းစား ရော့ခ်ဂီတ ပရိသတ် တစ်ဦး ဖြစ်တဲ့ တီမိုက သီယာရာကို ဖနွမ်းပင်မြို့က ဘားတစ်ခုမှာ Sliten6ix ဆိုတဲ့ ကမ္ဘောဒီးယား အပြင်းစား ရော့ခ်ဂီတအဖွဲ့ ဖျော်ဖြေတာကို သွားကြည့်ဖို့ သူတို့လေးတွေကို ခေါ်သွားခဲ့ပါတယ်။

အဲဒီမှာ ထူးခြားမှု တွေ့လိုက်ရပါတယ်။

“စင်မြင့်ရှေ့မှာ ရပ်နေရင်းနဲ့ ဒါဘယ်လို ဂီတမျိုးလဲဆိုတာ သိချင်လာတယ်” လို့ ဗီချေက ပြန်ပြောပြပါတယ်။

“သူတို့ဘာတွေ ဆိုနေတာလဲ ဆိုတာ တစ်လုံးမှ နားမလည်ခဲ့ဘူး။ ဒရမ်တွေ၊ ဂစ်တာတွေ တကယ့်ကို ဘာတစ်ခုမှ မသိခဲ့ဘူး။ ဒါပေမဲ့ ပွဲပြီးသွားတဲ့အခါမှာတော့ ဒီလို ဂီတမျိုးကို ကျွန်တော်တို့ စိတ်ဝင်စားလာခဲ့တယ်။ တီးဖို့ အရမ်းလွယ်တော့ ကျွန်တော်တို့ အလွတ် တီးခတ်တာတွေ စလုပ်ခဲ့ကြတယ်”

သူတို့ကို တီမွန်က Slipknot၊ Rage Against The Machine တို့လို ရော့ခ်ဂီတအဖွဲ့တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံက အများကြိုက် ငြိမ့်ငြိမ့်ညောင်းညောင်း အချစ်သီချင်းတွေ ကနေ ခွဲထွက်ပြီး ဆူဆူညံညံ ရော့ခ်ဂီတက သာ သူတို့နှစ်သက်တဲ့ ဂီတ ဖြစ်တယ်လို့ သူတို့ ချက်ချင်းပဲ လက်ခံအသိအမှတ်ပြုခဲ့ကြပါတယ်။

“ကျွန်တော်တို့ ဒေါသတွေကို ဖွင့်ချ အော်ဟစ်လို့ ရတယ်၊ တီးချင်တာ တီးနိုင်တယ်။ ဒါ့ကြောင့် ရော့ခ် ဂီတကို ပိုကြိုက်တာ”လို့ ဗီချေးက ပြောပါတယ်။ “ဂီတအခန်းထဲ ဝင်သွားပြီး အသံချဲ့စက်ကို မြှင့်၊ ရင်ထဲက ဒေါသတွေကို ဖွင့်ချ အသံကုန် အော်ပစ်လိုက်တယ်။ အတိတ်က ဘဝနာခဲ့ရတာတွေ ရှိတယ်လေ” လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒေါ့ချ်ခိုင်း (Doch Chkae)ဆိုတဲ့ နာမည်နဲ့ ဂီတအဖွဲ့ ဖွဲ့ဖို့ သူတို့တွေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ့ချ်ခိုင်း ဆိုတာ ခမာ ဘာသာစကားနဲ့ ခွေးလေခွေးလွင့် လို့ အဓိပ္ပါယ်ရပါတယ်။ အမှိုက်တွေ လိုက်ကောက်ခဲ့ရချိန်တုန်းက လူ့အသိုင်းအဝိုင်းက သူတို့ကို အဲဒီလို ဆက်ဆံခဲ့တာကို ပြန်ဖော်ညွှန်းလိုတဲ့အနေနဲ့ ဒီအမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ခမာ ဘာသာစကားနဲ့ သီဆိုထားတဲ့ သီချင်းစာသားတွေထဲမှာ ဒီအငွေ့အသက်တွေ တွေ့ရမှာပါ။

ငါ့လို ဘဝမျိုး ဘယ်သူမှ မကြုံခဲ့ဘူး။

ခွေးလေခွေးလွင့် တစ်ကောင်လို ငါ အသက်ရှင်ခဲ့ရတယ်။

လမ်းကြိုလမ်းကြား အစာရှာခဲ့ရတယ်။

တွေ့သမျှ ကောက်စားခဲ့ရတယ်။

ဒီလိုသာ မလုပ်ခဲ့ရင် အခုထိ အသက်ရှင်မှာတောင် မဟုတ်ဘူး။

ဒါတွေဟာ ငါ့မှာ မိဘတွေ မရှိခဲ့လို့ပေါ့။

ဒေါ့ချ်ခိုင်း ဂီတအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ဖနွမ်းပင်မြို့တဝိုက်မှာ စ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံရဲ့ တစ်ခုတည်းသော ရော့ခ် ဓာတ်ပြားကုမ္ပဏီဖြစ်တဲ့ Yab Moung Records ကုမ္ပဏီနဲ့ စာချုပ် ချုပ်ခဲ့ပြီး “ခွေးတွေလို အချင်းချင်း ကိုက်ကြမယ်” ဆိုတဲ့ သီချင်းအပါအဝင် သီချင်းခွေတွေ ထုတ်ခဲ့ပါတယ်။

ဖနွမ်းပင်မြို့မှာ နေခဲ့ဖူးပြီး နေရပ် ဂျာမနီနိုင်ငံကို ပြန်လာခဲ့တဲ့ နီနာ ရူးလ် ဟာ ဒေါ့ချ်ခိုင်း အဖွဲ့ ဖျော်ဖြေတာကို သွားနားထောင်ခဲ့အပြီးမှာ ဒေါ့ချ်ခိုင်း ရဲ့ ပရိသတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

“သူတို့ကို စတွေ့တွေ့ချင်း လူအုပ်ကြီးက “ဟယ် ကောင်လေးတွေက ချစ်စရာလေးတွေ” လို့ ထင်ခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့ စတီးခတ်တာကို ကြားလိုက်တာနဲ့ တခါတည်း လူတွေ ထခုန် မြူးတူး အော်ဟစ် ဖြစ်ကုန်ကြတော့တယ်။ သူတို့ ထင်ထားတာနဲ့ တခြားစီ ဖြစ်သွားတယ်” လို့ သူက ပြောပြပါတယ်။

“အရင်က အပြင်းစား ရော့ခ် ဂီတကို မကြိုက်ခဲ့ပါဘူး။ ဒီအဖွဲ့နဲ့ တွေ့တော့မှ အရူးအမူး ဖြစ်ခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဒေါ့ချ်ခိုင်း အဖွဲ့ဟာ ကမ္ဘာ့ ရော့ခ် ဂီတလောကထဲ တဖြည်းဖြည်း စဝင်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး ရော့ခ် ဂီတပွဲကြီးတွေထဲက တစ်ခု ဖြစ်တဲ့ Wacken Open Air လေဟာပြင် ဂီတပွဲကြီးမှာ ဖျော်ဖြေပေးဖို့ ဂျာမနီနိုင်ငံကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ အဖွဲ့ဟာ ဂျာမနီနိုင်ငံထဲ ရောက်ပြီးရင် ပြန်မှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဂျာမနီ အာဏာပိုင်တွေက ပြည်ဝင်ခွင့် ဗီဇာ ပေးဖို့ ငြင်းခဲ့ပါတယ်။

“ရှင်းရှင်းပြောရရင် သူတို့က ဆင်းရဲလွန်းလို့ ဗီဇာ ငြင်းခံခဲ့ရတာပဲ” လို့ တီမိုက ပြောပါတယ်။

အခုလို ဒေါ့ချ်ခိုင်း အဖွဲ့ ပြည်ဝင်ခွင့် ငြင်းပယ် ခံခဲ့ရတာနဲ့ ပတ်သက်လို့ ရော့ခ်ဂီတ အသိုင်းအဝိုင်းက လူအတော်များများ ဒေါသထွက်ခဲ့ကြပြီး လက်မှတ်ပေါင်း တစ်သိန်းကျော် ရေးထိုးထားတဲ့ အသနားခံစာ တစ်စောင်ကို ဂျာမနီ အာဏာပိုင်တွေထံ တင်ခဲ့ကြပါတယ်။ အဲဒီနောက် သြဂုတ်လမှာ သူတို့ ပြည်ဝင်ခွင့် ဗီဇာ ရခဲ့ကြပြီး ပရိသတ် ထောင်သောင်းရှေ့မှာ အောင်ပွဲခံ ဖျော်ဖြေနိုင်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှား ပျော်ခဲ့ရတယ်။ သီချင်း ၈ ပုဒ် ဆိုပြီးတာတောင် ပရိသတ်က တပုဒ်ပြီး တပုဒ် ထပ် တောင်းဆို ခဲ့ကြတယ်။ ကျွန်တော်တို့ သီချင်းတွေကို သူတို့ အရမ်းကြိုက်တာ တွေ့ရတယ်။ ကျွန်တော်တို့ကို ဆက်ဖျော်ဖြေဖို့ပဲ ပြောနေခဲ့ကြတယ်”လို့ အခု အသက် ၂၀ ရှိပြီ ဖြစ်တဲ့ ပင်တိုင်အဆိုတော် သီယာရာ က ပြောပါတယ်။

“ဒီလိုမျိုး တခါမှ မကြုံခဲ့ဖူးပါဘူး။ လူတွေက အများကြီးပဲ” လို့ ဆိုပါတယ်။

ကမ္ဘောဒီးယား ဂီတအဖွဲ့တဖွဲ့အနေနဲ့ မကြုံစဖူး ပြည်ပမှာ ဒီလောက်များတဲ့ လူအုပ်ကြီးကို ဖျော်ဖြေခဲ့ပေမဲ့ ဒေါ့ချ်ခိုင်းအဖွဲ့ကို မီဒီယာတွေက သိပ်စိတ်မဝင်စားပဲ နေခဲ့ကြပါတယ်။

“အစပိုင်းမှာ ကျွန်တော်တို့ကို ဘယ်သူမှ အင်တာဗျူး လာမလုပ်ခဲ့ကြဘူး။ မီဒီယာတွေက ဒီလို ခုန်ပေါက် အော်ဟစ်နေတဲ့ ဂီတမျိုးကို မကြိုက်ကြဘူး” လို့ သီယာရာ က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက တခြား ဆင်းရဲသား လူငယ်လေးတွေကို ရော့ခ်ဂီတအကြောင်း မိတ်ဆက်ပေးဖို့အတွက် ဒေါ့ချ်ခိုင်းအဖွဲ့ ဦးဆောင်ပြီး အလုပ်ရုံသစ်တစ်ခု ဖွင့်ပေးဖို့ စီစဉ်နေပါတယ်။ ဆင်းရဲသား လူငယ်လေးတွေကို သူတို့လိုပဲ ဂီတကနေတဆင့် အောင်မြင်သူတွေ ဖြစ်လာစေဖို့ ဒေါ့ချ်ခိုင်းအဖွဲ့က မျှော်လင့်ထားပါတယ်။

စတန်း မီအန်ချေ အမှိုက်ပုံကြီးကို ပိတ်လိုက်တာ ဆယ်စုနှစ် တခုလောက် ရှိသွားပါပြီ။ ဒါပေမဲ့ အဲဒီမှာ လူအတော်များများ နေထိုင် အမှိုက်ကောက်နေကြဆဲပါ။ အခုအခါ စီးပွားရေး တိုးတက်မှုနှုန်း အလျင်အမြန် တိုးလာနေတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဆင်းရဲသား ပြည်သူ အတော်များများ ရှိနေသေးပေမဲ့ လတ်တလောနှစ်တွေအတွင်း ဆင်းရဲမွဲတေမှုနှုန်းက သိသိသာသာ ကျဆင်း သွားခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ အောင်မြင်မှု ရခဲ့ပေမဲ့ ဒေါ့ချ်ခေး အဖွဲ့ဟာ ခုချိန်ထိ ရရစားစား အခြေအနေမှာပဲ ရှိနေသေးပြီး သီချင်း မသွင်းရတဲ့ အခါမျိုး၊ စင်မြင့်မှာ မဖျော်ဖြေရတဲ့အခါမျိုးတွေမှာ ကြုံရာ အလုပ်လုပ်၊ အွန်လိုင်းပေါ်မှာ သူတို့အဖွဲ့ရဲ့ အမှတ်တံဆိပ်ပစ္စည်းတွေ ရောင်းတာမျိုး လုပ်နေရဆဲ ဖြစ်ပါတယ်။

အခုအခါ ဒေါ့ချ်ခိုင်းအဖွဲ့ဟာ သီချင်းခွေသစ် အတွက် အသံသွင်းနေပြီး အခွေ ထွက်ပြီးရင် ဥရောပမှာ လှည့်လည် ဖျော်ဖြေနိုင်ဖို့ မျှော်လင့်ထားပါတယ်။ နေရပ် ကမ္ဘောဒီးယားနိုင်ငံမှာ လူအတော်အများများက သူတို့ရဲ့ ဟက်ဗီး မက်တယ်လ် အပြင်းစား ရော့ခ်ဂီတကို အလေးမထား ဂရုမပြုကြပေမဲ့ ရော့ခ်ဂီတကို စိတ်ဝင်စားတဲ့ ဥရောပနိုင်ငံတွေမှာတော့ သူတို့ အနာဂါတ်အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းနိုင်မယ်လို့ ယူဆထားကြပါတယ်။

บทความก่อนหน้านี้จับตาบทบาท‘กอ.รมน.’ปมร้อนแก้รธน. : รายงานพิเศษ
บทความถัดไปคาสตรอล พาแฟนโมโตจีพีกระทบไหล่ “คาล ครัทช์โลว” ยอดนักบิดระดับโลก