စိုက်ပျိုးမွေးမြူရေး ကုန်ချောတွေထုတ်မယ့် နမ်ကျင်စီးပွားရေးဇုန်

တရုတ်ရင်းနှီးမြှုပ်နှံမှု

Getty Images
ကချင်လူမှုစီးပွား တိုးတက်ရေး နမ်ကျင် စီးပွားရေးဇုန် အထောက်အကူဖြစ်စေဖို့ ပြည်နယ်အစိုးရ မျှော်လင့်

တရုတ်နဲ့ အကျိုးတူ ပူးတွဲလုပ်ဆောင်နေတဲ့ နမ်ကျင်စီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းမှာ လိုအပ်လာရင် ကချင်ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခု ထူထောင်တာ ဖြစ်စေ၊ ဒါမှမဟုတ် ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခုကို တာဝန်ပေးအပ်ပြီးတော့ ဖြစ်စေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ထိန်းချုန်းဟိန်ရုန် Tengchong Heng Yong ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ ကချင်ပြည်နယ် အစိုးရကြား နားလည်မှု ရယူထားတဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်းက ပြောဆိုတာ ဖြစ်ပါတယ်။

စီမံကိန်း လက်ရှိ အခြေအနေမှာတော့ တရုတ်ကုမ္ပဏီဘက်က လက်တွေ့ကျကျ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာကို မြေပြင်အခြေအနေ ကွင်းဆင်းလေ့လာ တာတွေ ပြုလုပ်နေပါတယ်။

တရုတ်ဘက်က ဘယ်လို စက်ရုံမျိုးတွေ၊ ဘယ်လို လုပ်ငန်းမျိုးတွေကို နမ်ကျင် စီးပွားရေးဇုန်မှာ လာပြီး လုပ်ကိုင်မလဲ ဆိုတဲ့ အသေးစိတ် လုပ်ဆောင်မယ့် အရာတွေ တင်ပြလာမှာကို စောင့်နေတယ်လို့ ဦးဝေလင်းက ဆိုပါတယ်။

အဲဒီ စီမံကိန်းကို မြစ်ကြီးနားနဲ့ ၈ မိုင် ဝန်းကျင် အကွာ နမ်ကျင်ဆိုတဲ့ ရွာအနီး မြေအကျယ် ဧက ၄၇ဝဝ ထားရှိမယ် ဆိုပြီး စီစဉ်ထားပါတယ်။

နမ်ကျင်မှာ ဘာတွေလုပ်မှာလဲ

နမ်ကျင် စီးပွားရေးဇုန် ဆိုတာ အဓိက အားဖြင့်တော့ ကချင်ပြည်နယ်က တောင်သူတွေ၊ စိုက်ပျိုးမွေးမြူရေး သမားတွေရဲ့ ထုတ်ကုန်တွေကို ကုန်ကြမ်းအတိုင်း မဟုတ်ပဲ ကုန်ချောအထိ တန်ဖိုးမြှင့်ထုတ်လုပ်ပြီး တရုတ်ဘက်ကို တင်ပို့ ရောင်းချနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

“ဥပမာ ပြောရရင် – တောင်သူတွေကို ကြံစိုက်ပျိုးစေပြီး၊ ဒါမှမဟုတ် စိုက်ထားတဲ့ ကြံတွေကို ဝယ်ယူပြီး၊ နမ်ကျင် စီးပွားရေး ဇုန်ထဲ တည်ဆောက် ထားရှိမယ့် သကြားစက်ကနေ သကြားအဖြစ်ထိရောက်အောင် ပြုလုပ်ပြီးမှ ရောင်းချဖို့ ဖြစ်တယ်” လို့ ဒီစီမံကိန်းမှာ ပြည်နယ် အစိုးရကိုယ်စား ဦးဆောင် နေတဲ့ ဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။

တခါ၊ မွေးမြူရေး သမားတွေ အတွက် ဆိုရင်လည်း အမဲ၊ ကြက် အစရှိသဖြင့် အသားတွေကို နိုင်ငံခြားပို့ကုန် အရည်အသွေး စီချိန်မှီ စနစ်တကျ ထုတ်ပိုးပြီးမှ တင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဦးဝေလင်းက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းဖြစ်တဲ့ တကမ္ဘာလုံးအနှံ့ ကုန်သွယ်ရေး လမ်းကြောင်း ကွန်ရက်တွေ ချိတ်ဆက်ရေး ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်းရဲ့ အစိတ်အပိုင်း၊ မြန်မာနိုင်ငံထဲ ထားရှိမယ့် စီမံကိန်း တစ်ခု အဖြစ်နားလည်ရပါတယ်။

အဲဒီ နမ်ကျင် စီမံကိန်းကို အဆင့် အပိုင်းအခြား ၃ ဆင့်နဲ့ ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

ဧက ၄၇ဝဝ အကျယ်မှာ ဧက ၁၆ဝဝ ကို ပထမအဆင့်၊ နောက် ဧက ၁ဝဝဝ ကို ဒုတိယ အဆင့်၊ ကျန်တဲ့ ဧကတွေကို တတိယ အဆင့်အနေနဲ့ ဖော်ဆောင် သွားမယ့် ၁၅ နှစ် စီမံကိန်း ဖြစ်တယ် ဆိုပြီး ဦးဝေလင်းက ပြောပါတယ်။

အချိန်ယူ ဆွေးနွေးနေတဲ့ စီမံကိန်း

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား မြို့ အနီးမှာ တရုတ်နဲ့ဖက်စပ် စီးပွားရေးဇုန် တစ်ခု ဖော်ဆောင်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် မေလကတည်း နားလည်မှု စာချွန်လွှာ MoU လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီကြားကာလတွေထဲမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိလဲ ဆိုတာကို ပြည်နယ် လွှတ်တော်ထဲ မေးခွန်းတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ခိုင်မာတဲ့ သဘောတူမှုတွေ ရရှိလာရင် လွှတ်တော်ကို အသိပေးပြီး အတည်ပြုချက် ရယူသွားမယ်လို့ ပြည်နယ် အစိုးရဘက်က ဖြေကြားခဲ့ပါတယ်။

နမ်ကျင် စီမံကိန်းနဲ့ ပတ်သက်ပြီး တိတိကျကျ သိလိုတယ် ဆိုတဲ့ ဒေသတွင်း ပြောဆိုသံတွေ ရှိနေစဉ်မှာပဲ၊ ဒီနှစ် ၂ဝ၁၉ ဇူလိုင် လဆန်းမှာတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာတော့ MoU ထိုးပြီး အသေးစိတ် ညှိနှိုင်း ဆွေးနွေးတာတွေ ပြုလုပ်နေတာမှာ အချက်ပေါင်း ၇ဝ ဝန်းကျင်လောက် ညှိနှိုင်း ထားနိုင်တယ်လို့ ဝန်ကြီး ဦးဝေလင်းက ပြောခဲ့ပါတယ်။

ဒါပေမယ့် တရုတ် ကုမ္ပဏီဘက်က မြေပြင် ကွင်းဆင်း လေ့လာထားတဲ့ အစီရင်ခံစာ၊ လုပ်ငန်း အသေးစိတ် Master Plan တွေ တင်ပြလာတဲ့ အခါ အဲဒါတွေအပေါ် မူတည်ပြီး ထပ်ပြီး ဆွေးနွေးရလိမ့် ဦးမယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် အစိုးရရဲ့ ပိုင်ဆိုင်မှု ဘယ်လောက် ရှိမှာလဲ

စီမံကိန်း တည်ဆောက်မယ့် မြေ ဧက ၄၇ဝဝ ဆိုတာ ကချင်ပြည်နယ် အစိုးရက ပံ့ပိုးပေးရတာ ဖြစ်တာကြောင့်၊ အဲဒီ မြေတွေကို တန်ဖိုးသတ်မှတ်မှာ ဖြစ်ပါတယ်။

အဲဒီ မြေတန်ဖိုး ပမာဏဟာ ဒီစီမံကိန်းမှာ ကချင်ပြည်နယ် အစိုးရရဲ့ ပါဝင်မှု ရှယ်ယာ အချိုးအစား ဖြစ်လာမှာပါ။

ဒါ့ကြောင့် ကချင်ပြည်နယ် အစိုးရ အနေနဲ့ ဧက ၄၇ဝဝ ဆိုတဲ့ မြေပမာဏကို နိုင်ငံတော် စီမံကိန်းမြေ ဖြစ်လာနိုင်အောင် မြေလွတ်မြေရိုင်း ဥပဒေနဲ့ အညီ ဆောင်ရွက်နေပြီလို့ ဦးဝေလင်းက ဘီဘီစီကို ပြောပါတယ်။

နှစ်ရှည် စိုက်ပျိုးမြေတွေ အဖြစ် လျှောက်ထားရယူ ထားပေမယ့် တကယ်တမ်း ဘာမှ စိုက်မထားတဲ့ မြေတွေကို ပြန်သိမ်တာမျိုး၊ စိုက်ပျိုးသီးနှံတွေ ရှိနေတဲ့ နေရာတွေမှာလည်း လျော်ကြေးပေးတာမျိုးတွေ လုပ်ဆောင် ခြင်းအားဖြင့် အဲဒီ ဧက ၄၇ဝဝ ဆိုတဲ့ မြေပမာဏကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ ဦးဝေလင်းက ဆိုပါတယ်။

တရုတ်ကုမ္ပဏီဘက်က အသေးစိတ် အစီအစဉ်တွေ တင်ပြလာတဲ့ အခါမှာတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဗဟို MIC အဆင့်ထိ ကချင်ပြည်နယ် အစိုးရက တင်ပြသွားရမှာ ဖြစ်ပါတယ်။

ဘယ်တော့ လက်တွေ့ ဖြစ်လာမလဲ

တရုတ်-မြန်မာ ဖက်စပ် နမ်ကျင် စီပွားရေးဇုန် လက်တွေ့ ဘယ်တော့ ဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝေလင်းက ကာလအပိုင်းအခြား သတ်မှတ်ပြီး ဖြေဆိုတာမျိုး မလုပ်ပါဘူး။

တရုတ်ဘက်က Master Plan တင်ပြလာမယ့် အချိန်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြန်လည် စိစစ်မယ့် အချိန်၊ တခါ MIC ကို တင်ပြတဲ့အခါ အဲဒီဘက်က သဘောထားမှတ်ချက်တွေ ရှိလာခဲ့ရင် ဖြည့်ဆည်း လုပ်ဆောင်ရမယ့် အချိန်တွေ ရှိသေးတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ စီမံကိန်း ပထမအဆင့်ကို နောင် တစ်နှစ်လောက် အတွင်း စတင်လာနိုင်ကောင်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ တဲ့ အစိုးရ လက်ထက် ပထမ သက်တမ်း နှစ်နှစ်ခွဲတာ အတွင်းမှာ ပြည်နယ် အတွင်း လန်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး တို့လို အခြေခံ အဆောက်အဦတွေ တည်ဆောက်ရေးကို အာရုံစိုက်ခဲ့တယ်လို့ ဒေါက်တာ ခက်အောင်က ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှု -

Getty Images
မြစ်စုံရပ်ထားချိန် တရုတ်ရဲ့ တခြား ရင်းနှီးမြှုပ်နှံမှုတွေတော့ ကချင်မှာ ရှိနေ

အခု ဒုတိယ နှစ်နှစ်ခွဲတာ ကာလ မှာတော့ လူတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးကို အာရုံစိုက်နေတဲ့ အတွက် အခု နမ်ကျင် စီးပွားရေးဇုန်ဟာလည်း ပြည်နယ်ထဲက လူတွေ အလုပ်အကိုင် ရရှိရေးကအစ၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ စျေးကွက်ရလာနိုင်မယ့် အခွင့်အရေးတွေ ပံ့ပိုး ပေးလာနိုင်တယ်လို့ ဒေါက်တာ ခက်အောင်က ဆိုပါတယ်။

နမ်ကျင်ရွာထိ ရောက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်ကတော့ အဲဒီ နေရာမှာ စီမံကိန်းနယ် အဖြစ် လှုပ်လှုပ်ရှားရှား ရှိမနေပဲ အေးဆေး ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားနဲ့ နမ်ကျင် မိုင်အရ ခရီးဝေးလှတယ် မဆိုနိုင်ပေမယ့် လက်ရှိ ဆက်သွယ်ထားတဲ့ လမ်းကတော့ သွားရခက်တယ်လို့လည်း ဆိုပါတယ်။

နယ်မြေတည်ငြိမ်မှုကို ကြည့်ရင်လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အထိ ဒေသခံ ကချင် လက်နက်ကိုင် KIA ရဲ့ လှုပ်ရှားမှုတွေ နမ်ကျင် တဝိုက်မှာ တွေ့နေခဲ့ရပါတယ်။

တခါ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ကြား တရားဝင် နယ်စပ် ကုန်သွယ်ရေးဂိတ် ဖွင့်ထားတဲ့ ကန်ပိုင်တီ စခန်းလည်း ကချင်ပြည်နယ်ထဲ ရှိနေပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ရှိတဲ့ အဲဒီ ကန်ပိုင်တီ စခန်းမှာလည်း ကုန်စည် စီးစင်းမှု ပိုပြီး မြန်ဆန်ချောမွေ့အောင် ပစ္စည်းတွေကို စစ်ဆေးတဲ့ စက်ကိရိယာတွေကို နည်းပညာ မြှင့်တာမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလို၊ နှစ်နိုင်ငံ နယ်စပ် အခွန်လွတ်ဇုန် ထူထောင်ထားရှိဖို့လည်း ဦးတည် လုပ်ဆောင်နေတယ်လို့ ကချင်ပြည်နယ် အစိုးရက ပြောပါတယ်။

บทความก่อนหน้านี้บก.ตอบจดหมาย : แท็กซี่พัทยา/ไม่เอาสารพิษอันตราย
บทความถัดไปปกรณ์ นิลประพันธ์ เลขาฯกฤษฎีกาคนใหม่